News

POST TYPE

PERSPECTIVE

ဈေးခြင်းတောင်းထဲက ကုန်ဈေးနှုန်း
06-Nov-2016

မိသားစုတစ်စုအတွက် နေ့စဉ် ရှင်သန်နေထိုင်ရန် မဖြစ်မနေစားသုံးရမည့် ကုန်စည်အချို့ ရှိသည်။

ပြီးခဲ့သည့်နှစ်က ကြုံတွေ့ခဲ့ရသော ရေကြီးရေလျှံမှုကဲ့သို့ သဘာဝဘေးကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ရေများ ပြန်ဆင်းသွားသော်လည်း ကုန်ဈေးနှုန်းမှာ ဆင်းမသွားဘဲ တင်ကျန်ခဲ့သည်။

“တက်ပြီး ပြန်မဆင်းသည်မှာ မြန်မာ့ကုန်ဈေးနှုန်း” ဟူ၍ အပြောင်အပျက် ပြောလေ့ရှိကြသည်။

မြန်မာပြည်သူလူထုကို အနှိပ်စက်ဆုံးမှာ ထိုကုန်ဈေးနှုန်းပင် ဖြစ်သည်။

ဈေးခြင်းတောင်းထဲမှ ကုန်စည်အချို့၏ ဈေးနှုန်းကို လက်လှမ်းမီသမျှ နှိုင်းယှဉ်ပြထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်အိုးကြီး မဟုတ်တော့သော်လည်း မြန်မာပြည်သူများ အနေနှင့် ဆန်ကို ဖောဖောသီသီ စားသုံးနိုင်သေးသည်။ ယမန်နှစ် ရေကြီးမှုကြောင့် ဆန်ဈေးများ မြင့်တက်ခဲ့သော်လည်း ယခုနှစ်တွင်မူ မြန်မာ့ဆန် အဓိကဝယ်လက် တရုတ်နိုင်ငံ၏ ဝယ်လိုအား ကျဆင်းမှုကြောင့် ပြည်တွင်းဆန်ဈေးများလည်း ကျဆင်းလျက် ရှိသည်။

လက်လီဆန်ဈေးကွက်တွင်မူ ဆန်ဈေးမှာ ထင်သလောက် မကျဆင်းဘဲ ရန်ကုန်မြို့တော်နေ အိမ်ထောင်စု အများစု စားသုံးနေရသည့် ဆန်ဈေးမှာ တစ်ပြည်ကို ကျပ် ၁၆၀၀ မှ ၁၈၀၀ အတွင်း ရှိနေသည်။

“ဟင်းမကောင်းရင်နေ၊ ဆန်တော့ ကောင်းကောင်းစားချင်တယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်က တစ်ပြည် ၁၃၀၀ တန်ကို စားလို့ရပေမယ့် အခု ၁၈၀၀ လောက်ပေးမှ အဲဒီလောက်အရသာ ရှိတယ်” ဟု တာမွေမြို့နယ်တွင် အိမ်ငှားနေထိုင်သူ အိမ်ရှင်မတစ်ဦးက ဆိုသည်။



မြန်မာလူမျိုးများ အဓိကအားထား စားလေ့ရှိသော ကုလားပဲမှာ ယခင်နှစ်ထက်ပင် အနည်းငယ် မြင့်တက်လာပြီး ပဲနီလေးမှာလည်း ယခင်နှစ်နှင့် မတိမ်းမယိမ်း ရှိနေဆဲ။

အာဟာရ လိုအပ်ချက်အတွက် အသားဟင်းစားမည် ဆိုလျှင် အသားသီးသန့် ဝက်သားတစ်ပိဿာကို ကျပ် ၁၃,၀၀၀ မှ ၁၅,၀၀၀ အထိ ရှိနေပြီး အရသာကောင်းသည် ဆိုသော မြန်မာကြက်သားဈေးကလည်း ရပ်ကွက်ဈေးတွင် ဝယ်ပါက တစ်ပိဿာကို ကျပ် ၇၀၀၀ အောက်ထစ် ရှိနေသည်။

ယမန်နှစ် ရေကြီးမှုနှင့်အတူ မြင့်တက်ခဲ့သော ကြက်သွန်နီဈေးသည် ယခုနှစ် ဖေဖော်ဝါရီလက ထက်ဝက်ကျဆင်းသွားသော်လည်း ခြောက်လအကြာ ယခုနှစ် အောက်တိုဘာလတွင် ကျပ် ၂၀၀၀ ဝန်းကျင်သို့ ပြန်ရောက်လာသည်။

ကြက်သွန်ဖြူဈေးမှာ ပြီးခဲ့သည့် အောက်တိုဘာလမှ တစ်နှစ်အတွင်း တောက်လျှောက်အတက်ပြနေဆဲ ဖြစ်သည်။

လမ်းဘေးအသုပ်ဆိုင်၊ စားစရာဆိုင်များတွင် အလကား ချထားပေးလေ့ ရှိသော ကြက်သွန်ဖြူများလည်း နည်းသထက် နည်းလာသည်။

ဆီကိုရေချိုး ဆေးရိုးမီးလှုံသည် ဆိုသော မြန်မာပြည်သူ အများစု ပဲဆီစစ်စစ် မစားနိုင်တော့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။

ယမန်နှစ်ထက် ပဲဆီဈေး ကျဆင်းနေသော်လည်း ပြည်သူအများစု လက်လှမ်းမီသော စားအုန်းဆီဈေးမှာမူ ယခင်နှစ်အတိုင်း မပြောင်းလဲသေး။

တက်ပြီး ပြန်ဆင်းရန်ခက်သည့် မြန်မာ့ကုန်ဈေးနှုန်း။

မြန်မာပြည်သူများအတွက် အဓိက အာဟာရဓာတ် ဖြစ်သော ကြက်ဥဈေးမှာမူ ပုံမှန်အရွယ်အစား ရှိသော ကြက်ဥတစ်လုံးကို ကျပ် ၁၅၀ ဖြစ်လာပြီး ယမန်နှစ်ထက် ကြက်ဥဈေး ပိုခေါင်ခိုက်လာသည်။

အိမ်ရှင်မ ဈေးခြင်းတောင်းတွင် မပါဝင်သော်လည်း မြန်မာ့သည်းခြေကြိုက် ရွှေဈေးကိုလည်း နှိုင်းယှဉ်ကြည့်သည်။

သမိုင်းတစ်လျှောက် စံချိန်တင် အမြင့်ဆုံးဖြစ်သော ကျပ်ကိုးသိန်းအထက်သို့ မြန်မာ့ရွှေဈေး ရောက်ခဲ့ပြီး ယခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ ဈေးကွက်ပိတ်ဈေးမှာ တစ်ကျပ်သားကို ၈၇,၈၀၀၀ ကျပ် ဖြစ်သည်။

ယခင်နှစ်ကာလတူ မြန်မာ့ရွှေဈေးထက် ကျပ်ခုနစ်သောင်းခွဲခန့် မြင့်တက်လာခြင်း ဖြစ်သည်။

နှိုင်းယှဉ်ပြထားသော အချိန်ကာလများ ဖြစ်သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ဈေးနှုန်းများသည် အဆိုပါလ၏ ပျမ်းမျှဈေးနှုန်းများ ဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ လအတွက်ဈေးနှုန်းမှာ လကုန်နောက်ဆုံး ရက် ၃၁ ရက်နေ့၏ ဈေးနှုန်းများဖြစ်သည်။

(မြန်မာနိုင်ငံ၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသော ကိန်းဂဏန်းများကို အခြေခံထားသည်)

 

စစ်ငြိမ်းသူ

ABOUT AUTHOR

(စစ်ငြိမ်းသူ)