News

POST TYPE

PERSPECTIVE

ဆရာများ၏ ရင်ဖွင့်သံ (ဆယ်တန်းရမှတ် ပြန်စစ်ဆေးပေးရန် လျှောက်ထားနိုင်)
02-May-2019

ယခုနှစ် မတ်လက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲ အောင်စာရင်းများ ထွက်ပြီးနောက် အမှတ်စာရင်း ထုတ်ပေးချိန်တွင် ဘာသာရပ်ဆိုင်ရာရမှတ်များ မျှော်မှန်းထားသည် အောက်လျော့နည်းနေ၍ ယင်းဘာသာရပ်၏ရမှတ်များကို ပြန်လည်စိစစ်လိုပါက အမှတ်စာရင်းများ စတင်ထုတ်ပေးပြီး သီတင်းနှစ်ပတ်အကြာတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် လာရောက်လျှောက်ထားနိုင်ခြင်းအပေါ် ယခုတစ်ပတ် ဆရာများ၏ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် စုစည်းဖော်ပြလိုက်ပါသည်။

“သံသယကင်းအောင် ပြန်ပြီး စစ်ဆေးပေးတဲ့သဘောပါ”
ဦးအောင်ထိုက် (မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်)

တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) တွေကို စာမေးပွဲ ရမှတ်စာရင်းထွက်ပြီး နှစ်ပတ်အကြာမှာ ကိုယ်ဖြေထားတဲ့ ဘာသာရပ်ဆိုင်ရာတွေမှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကိုယ်မျှော်မှန်းထားတာထက် အမှတ်တွေ လျော့နည်းနေလို့ ပြန်လည်စစ်ဆေးချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် လုပ်ပေးတာပါ။ အဓိကကတော့ ဖြေဆိုသူ ကျောင်းသူ၊ ကျောင်းသားတွေကို နစ်နာမှု မရှိအောင် စစ်ပေးတာပါ။ ဒီလိုစစ်ပေးတာက အရင်ကတည်းက စစ်ပေးဖို့ လျှောက်လွှာတင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို စစ်ပေးနေတာမျိုးတွေ ရှိပါတယ်။

ဒီလိုစစ်ပေးတဲ့အတွက် အဖြေလွှာတစ်စောင်ကို ၂၀၀၂ ကတည်းက ငါးထောင်ကျသင့်တာကနေ ၂၀၁၉ ခုနှစ်ကစပြီး တစ်ဘာသာကို ၂၅,ဝ၀၀ ကျပ် ပြောင်းလဲတိုးကောက်တာပါ။ ဒီလိုလုပ်ပေးတာက ကလေးတွေအနေနဲ့ ဖြေနိုင်သလောက် အမှတ်မရဘူးလို့ထင်ရင် အောင်မယ်ထင်ပြီး ကျနေတဲ့အခါ ကျောင်းသားတွေအနေနဲ့ သံသယကင်းအောင် ပြန်ပြီး စစ်ဆေးပေးတဲ့ သဘောပါ။ စာမေးပွဲဖြေလွှာတွေကို ကျောင်းသားတွေ စစ်ချင်ရင် ပြန်လည်စစ်ပေးနေတာကတော့ ကြာပါပြီ။ မသိတဲ့သူတွေက မသိတာပါ။

လက်ရှိမှာတော့ ကျွန်တော်တို့ ဌာနအနေနဲ့ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို ပြီးခဲ့နှစ်တွေကလိုပဲ ဇွန်လထဲမှာ ထွက်ပေးဖို့ ကြိုးစားနေတယ်။ ထွက်မယ့်ရက်ကိုတော့ အတိအကျကြီးပြောဖို့ခက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ရက်အတိအကျကြီး ပြောလိုက်တဲ့အခါကျ အောင်စာရင်းထွက်ဖို့ လုပ်ဆောင်နေတဲ့ဌာနက ဝန်ထမ်းတွေအတွက် ဝန်ထုပ်၊ ဝန်ပိုးတစ်ခုလို ဖြစ်သွားမှာစိုးတဲ့အတွက် အတိအကျက ပြောလို့မရသေးတာပါ။ အောင်စာရင်းထွက်မယ့်ရက်ထက် နှစ်ရက်လောက် စောပြီးတော့ နိုင်ငံပိုင်သတင်းစာမှာ ထုတ်ပြန်ပေးသွားမှာပါ။

“အမှတ်ပေါင်းမှားတဲ့ စာအုပ်က ဂုဏ်ထူးမှတ် တကယ်ရတယ်ဆို ကလေးကနစ်နာပြီ”
ဦးဆန်းမျိုးအောင် (အထက်တန်းပြ ၊ အထက (၇)၊ ကလေးမြို့ )

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေကို အောင်စာရင်းထွက်ပြီး ကိုယ့်အဖြေလွှာကို ပြန်စစ်ဆေးခွင့်ရတာဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် အခွင့်ကောင်းတစ်ခုပါ။ ဘာလို့ဆိုတော့ တချို့က အနီမှာကတည်းက အမှတ်ပေါင်း မှားတာရှိတယ်။ အဲဒီအမှတ်က မကျဘူး။ ဂုဏ်ထူးလည်း မထွက်ဘူး။ ဒါဆို အဲဒီအုပ်ကို အစိမ်းနှင့် ခရမ်းကလည်း သေချာမစစ်တော့ဘူး။ အဓိက ကျတဲ့အုပ်နှင့် ဂုဏ်ထူးအုပ်ကို သေချာစစ်တာ။ အဲဒီလို အမှတ်ပေါင်းမှားတဲ့ စာအုပ်က ဂုဏ်ထူးမှတ် တကယ်ရတယ်ဆို ကလေးက နစ်နာပြီ။ ဒါဆို ကလေးက သူဂုဏ်ထူးထွက်မှာ သေချာရက်နဲ့ မထွက်ဘူးဆို ပြန်စစ်။ အဲဒါဆို ရလဒ်ကောင်းပြန်လာနိုင်တယ်လေ။

ပြန်စစ်ဆေးခွင့်တင်ထားတဲ့ ကျောင်းသားရဲ့ ဖြေလွှာတွေကို ကိုယ်တိုင်တော့ ပြန်စစ်ခဲ့ရတာမျိုး မကြုံဖူးဘူး။ ဒါပေမဲ့ ပြန်စစ်ကြရတယ်ဆိုတဲ့ ဥပမာ သာဓကတွေ ကြားဖူးတယ်။ ဒီလိုစစ်တဲ့အခါမှာ တချို့က တကယ် အမှတ်ကွာတယ်။ တချို့က တကယ်ကို ဂုဏ်ထူးမထွက်တာ။ တကယ်ကိုကျတာ။

ဖြေလွှာတွေကို မျှော်မှန်းထားတာထက် လျော့နည်းနေရင် ကျောင်းသားတွေအတွက် ပြန်စစ်ဆေးခြင်းက လုပ်ပေးသင့်ပါတယ်။ ဖြေလွှာတွေကို ပြန်လည် စစ်ဆေးခွင့်တင်တဲ့နေရာမှာ အမှန်တကယ် ကွာတယ်၊ မကွာဘူးကို ကျောင်းသားမိဘတွေကို ဘယ်လိုအကြောင်း ပြန်ပေးသလဲဆိုတာကျ ကျွန်တော်လည်း သေချာမသိပါဘူး။ မြန်မာနိုင်ငံစာစစ်အဖွဲ့ကပဲ လုပ်မယ်ထင် ပါတယ်။ ပြန်စစ်ဖို့ကိုလည်း မြန်မာနိုင်ငံစာစစ်ကို တင်ရတာဆိုတော့။

“အမှန်တကယ် ကွာတာမျိုးတွေ၊ တကယ် ကျနေတာမျိုးတွေရှိတယ်”
ဒေါ်အေးသက်မာ (အထက (၁) ၊ တပ်ကုန်းမြို့ )

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအနေနဲ့ ဒီလိုမျိုး ဖြေလွှာတွေကို ပြန်စစ်ဆေးပေးတာမျိုး လုပ်ပေးတာက ကျောင်းသားတွေအတွက် လိုအပ်ပါတယ်။ ကျောင်းသားတွေအတွက် ကိုယ်ကဖြေလိုက်တာ ဖြေနိုင်ပေမယ့် အောင်စာရင်းထွက်တဲ့အခါ ကိုယ့်နာမည်မပါလာ တာမျိုးတွေဆို ကျောင်းသားတွေအနေနဲ့ ပြန်စစ်ဆေးခွင့် လျှောက်လွှာတင်ပြီး ပြန်စစ်ပေးဖို့ တောင်းဆိုတာမျိုးတွေ လုပ်လို့ရတယ်။ နောက်တစ်ခုက ဂုဏ်ထူးမျှော်မှန်းထားပြီး အောင်စာရင်းထွက်တဲ့အခါ ဂုဏ်ထူးပါ မလာတဲ့အတွက် ပြန်လည်စစ်ဆေးခွင့်တင်တာမျိုးတွေ ရှိပါတယ်။ ဒီလိုစစ်ဆေးတဲ့အခါမှာ တချို့ကျ ဂုဏ်ထူးမှတ်နဲ့ အမှန်ကတယ် ကွာတာမျိုးတွေ၊ တကယ်ကျနေတာမျိုးတွေရှိတယ်။

တချို့ ကျောင်းသားတွေကျ မိဘတွေကို ဖြေနိုင်တယ်ပြောထားပြီး တကယ်တမ်း မဖြေနိုင်တဲ့အတွက် ကျတာပေါ့နော်။ ဒါကို မိဘတွေကမသိဘဲ ကိုယ့်ကလေးက ဖြေနိုင်ခဲ့သားနဲ့ ကျနေတယ်ဆိုပြီး စစ်ဆေးခွင့်ကို လျှောက်တာမျိုးတွေလည်း ရှိတယ်။ ဒီလိုစစ်ပေးတာမျိုးတွေက အရင်တည်းကရှိတယ်။ သိတဲ့သူတွေလည်း သိကြပါတယ်။ ဒီလိုဖြေလွှာပြန်စစ်ဖို့ တင်ထားတဲ့ လျှောက်လွှာတွေကိုတော့ ပြန်ပြီး စစ်ဆေးရတာမျိုးတော့ မကြုံဖူးသေးပါဘူး။ စာစစ်ထဲမှာတော့ ပါဖူးပါတယ်။

ခိုင်ချယ်ရီထွန်း