News

POST TYPE

PERSPECTIVE

လူ့လက်၊ လူ့အသက်နှင့် ငြိမ်းချမ်းရေး
21-Mar-2019
လူသားတစ်ယောက် စတင်ဖြစ်တည်ဖို့အတွက် ရှေးဦးစွာ အမိဝမ်းမှာ ကာလလရေကြည် ဖြစ်တည်ရပါတယ်။ ဒီလို သန္ဓေတည်တယ်ဆိုတာကို သိလိုက်ရတဲ့အချိန်ကစပြီး မိခင်ဖြစ်သူဟာ ဝမ်းတွင်းက ကလေးအသက်ရှင်ဖို့အတွက် စားချင်သလိုမစားရ၊ သွားချင်သလိုမသွားရ၊ နေချင်သလိုမနေရနဲ့ ဆင်းရဲဒုက္ခများစွာနဲ့ မိမိကိုယ်နဲ့စိတ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရပါတယ်။ မွေးဖွားလာတဲ့အချိန်မှာလည်း ခြေလက်အင်္ဂါ စုံ၊ မစုံ စိတ်ပူရတဲ့အပြင် မွေးဖွားပြီးချိန်ကစလို့ ဒီကလေး ကျန်းမာအသက်ရှည်ရေးအတွက် အရိပ်တကြည့်ကြည့်နဲ့ ကိုယ်နဲ့ထပ်တူ ပြုစုစောင့်ရှောက်ရပြန်ပါတယ်။

အခုရေးပြခဲ့တာဟာ လူ့ဘဝရဖို့ခက်ခဲသလို လူ့ဘဝရောက်လာပြန်တော့လည်း အသက်ရှင်ရေးအတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ပေါ်လွင်စေချင်လို့ပါ။ အရွယ်ရောက်လာပြန်တော့လည်း လုပ်ကိုင်စားသောက်ဖို့အတွက်ရည်ရွယ်ပြီး ပညာသင်ပေးရပြန်ပါတယ်။ ပညာတတ်တတ် မတတ်တတ် လူ့ဘဝမှာ အသက်ရှင်နေထိုင်ရပ်တည်ဖို့အတွက် စားဝတ်နေရေးအပြင် သားကျွေးမှု၊ မယားကျွေးမှုအတွက် ထပ်ပြီးရုန်းကန်လှုပ်ရှားရပြန်တယ်။ ဒီတော့ လူတစ်ယောက်ဟာ လူဖြစ်လာဖို့ရယ်၊ လူတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ဖို့ဆိုတာ သိပ်ကိုခက်ခဲလှပါတယ်။ ဒီလိုရပ်တည်ရှင်သန်ဖို့ ခက်ခဲတဲ့လူ့လောကကနေ ဘယ်သူမှ အလွယ်တကူနဲ့ ထွက်မသွားချင်ကြပါဘူး။ ဒါကြောင့်လည်း ရောဂါတွေဖြစ်မလာအောင် ကြိုတင်ကာကွယ်ကြ၊ ဖြစ်လာပြီဆိုရင်လည်း ပျောက်ကင်းအောင်ကုသကြနဲ့ အသက်ဆက်လက်ရှင်သန်ဖို့ အသည်းအသန် ကြိုးစားကြပါတယ်။လူတွေဟာ မိမိအသက်ရှင်သန်ဖို့ မိမိကိုယ်တိုင်ကြိုးစားကြပေမယ့် လောကကြီးမှာ လူတစ်ယောက်ဟာ အခြားသူတစ်ယောက်ကြောင့် အသက်ဆုံးရှုံးရဖို့ကျတော့ သိပ်ကိုလွယ်ကူလွန်းလှပါတယ်။ လူတစ်ယောက်ဟာ သူ့ရဲ့ သေးသွယ်တဲ့လက်ညှိုးကလေးကို သေနတ်မောင်းခလုတ်ပေါ်တင်ပြီး အသာအရာကွေးညွတ်လိုက်ရုံနဲ့ ဆုံးရှုံးသွားရတဲ့အသက်တွေ တစ်နေ့၊ တစ်နေ့ လောကကြီးမှာ ဘယ်နည်းလိမ့်မလဲ။ တွေးကြည့်ရင် ရင်မောစရာကြီးပါ။ အဲဒီလိုအသက်ဆုံးရှုံးသွားကြသူတွေရဲ့ မိဘတွေ၊ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေနေရာမှာ ဝင်ပြီးခံစားကြည့်မိသူ ဘယ်နှယောက်များ ရှိကြပါသလဲ။

လူတွေမွေးဖွားလာစဉ်က ပါလာတဲ့ဗီဇစိတ်မှာ သူတစ်ပါးအသက်ကို အကြောင်းမဲ့သတ်ဖို့ဆိုတာ မပါလာပါဘူး။ အသက်ရှင်သန်ရပ်တည်ရေးအတွက် မိမိကိုယ်ကိုယ် ကာကွယ်ရန်ဖြစ်စေ၊ လူသားရဲ့သဘာဝစိတ်ဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟစိတ်များရဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်စေ အခြားသူများရဲ့အသက်ကို သတ်မိခြင်းသာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက လူဟာ မိမိရဲ့မွေးရာပါဖြစ်တဲ့ လက်ချည်းသက်သက်နဲ့ သူတစ်ပါး အသက်ကိုသတ်ဖို့ဆိုတာ အလွန်ခဲယဉ်းပါတယ်။ ဒါကြောင့် ရှေးလူများဟာ တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်က ကာကွယ်ဖို့အတွက် လက်နက်ကိရိယာတွေကို ရှာဖွေတီထွင်ရပါတယ်။ လက်နက်ကိရိယာတွေဟာ သဘာဝ မိမွေးတိုင်းဖမွေးတိုင်း လက်လွတ် ခြေလွတ်ထက်စာရင် လူတွေကို ပိုပြီး သတ္တိရှိစေသလို ပိုပြီးလည်း မိုက်ရူးရဲဆန်စေပါတယ်။

စဉ်းစားကြည့်ရင် ကျွန်တော်တို့တွေငယ်စဉ်က လမ်းပေါ်က ကျောက်ခဲ တစ်ခဲကောက်ရရင် အနီးအနားမှာရှိတဲ့ ခွေးတို့၊ ကြက်တို့ကို ပစ်ပေါက်ချင် စိတ်ပေါက်လာပြီး အမှန်တကယ်လည်း ပစ်ပေါက်တတ်ကြပါတယ်။ နောက်တစ်ဆင့်တက်လို့ လောက်လေးခွကိုင်နိုင်တဲ့အရွယ်ရောက်တဲ့အခါ ခွေးတို့၊ ကြက်တို့သာမက လေထဲမှာပျံသန်းနေကြတဲ့ အပြစ်မရှိတဲ့ ငှက်ကလေးတွေကို လက်တဲ့စမ်းတဲ့သဘောနဲ့ ပစ်ခတ်မိကြပြန်ပါတယ်။ ဆိုလိုချင်တာကတော့ လူတစ်ယောက်ဟာ သူ့လက်ထဲမှာ တစ်စုံတစ်ခုရှိလာပြီ ဆိုရင် အဲဒီလူရဲ့မသိစိတ်ဟာ ဒီပစ္စည်းကိုင်တွယ်သုံးစွဲရတဲ့အပေါ်မှာ ဂုဏ်ယူတဲ့စိတ်၊ ဝင့်ကြွားတဲ့စိတ်ကနေတစ်ဆင့် မာန်မာနထောင်လွှားတဲ့စိတ်ဖြစ်ပေါ်ပြီး မိမိ ဒီပစ္စည်းကိုအသုံးပြုတဲ့အတွက် ပတ်ဝန်းကျင်ကလူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာ၊ ထိခိုက်မှာ နောက်ဆုံး အသက်ဆုံးရှုံးနိုင်တာကိုတောင်မှ ဂရုမစိုက်နိုင်တော့ဘဲ မိမိစိတ်ထင်ရာစိုင်းတော့တဲ့သဘောမျိုးကို တွေ့မြင်ရပါတယ်။

ဒီနေရာမှာ လူကိုသေစေနိုင်တဲ့၊ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ လက်နက်ကိရိယာ ကိုင်တွယ်သုံးစွဲမှုနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက စစ်တိုက်တမ်းကစားတဲ့အခါ ကစားစရာ သေနတ်နဲ့ တစ်ဖက်လူကိုပစ်လိုက်လို့များ မှန်သွားရင် သိပ်ပြီးအရသာရှိတာပဲ။ ပါးစပ်ကနေပြီးတော့ “ဟေ့ကောင် မင်းမှန်သွားပြီ၊ မင်းသေပြီ”လို့ ပြောလိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် တကယ့်စစ်ဗိုလ်ကြီးလို့တောင် ထင်မှတ်မိပါတယ်။ အခုလက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေကြသူတွေဟာ ဘယ်လောက်ပဲ နိုင်ငံရေးအရပြောနေပါစေ တကယ်တမ်းကျတော့ သူတို့ကိုင်ထားတဲ့လက်နက်တွေကြောင့် သူတို့ဟာ ပိုပြီးတော့စိတ်ဓာတ်တွေကြွလာတယ်၊ ပစ်ချင်ခတ်ချင်စိတ် ဖြစ်ပေါ်လာတယ်ဆိုတာကတော့ အသေအချာပါပဲ။ ဒါကြောင့်မို့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးသူတွေ၊ လက်မှတ်မရေးထိုးရသေးသူတွေနဲ့ တပ်မတော်သားတွေအားလုံးကို လက်နက်ကိုင်ဆောင်မှုနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားရှိစေချင်ပါတယ်။ (တပ်မတော်အနေနဲ့ကတော့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွေအရ စည်းကမ်းသတ်မှတ်ချက်တွေရှိပြီးဖြစ်ပါတယ်၊ အောက်ခြေမှာလိုက်နာမှု ရှိ/မရှိ ဆိုတာကိုတော့ ကြီးကြပ်ကွပ်ကဲဖို့ လိုအပ်ပါတယ်)။ နှစ်ဖက်က လက်နက်ကိုင်ဆောင်သူတွေကို တင်းကျပ်တဲ့စည်းကမ်းတွေ သတ်မှတ်ထားပြီး တာဝန်ရှိသူတွေက ကြီးကြပ်ကွပ်ကဲမှုတွေရှိမယ်ဆိုရင် တစ်စုံတစ်ခုကြောင့် နှစ်ဖက်တပ်များရင်ဆိုင် ထိတွေ့မှုမဖြစ်ခင်မှာ နှစ်ဖက်ထိတွေ့မှုကို နှောင့်နှေးစေနိုင်ပြီး ဖြစ်နိုင်ရင် နှစ်ဖက်ထိတွေ့မှုကို ရှောင်လွှဲနိုင်စေမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၈.၃.၂၀၁၉ ရက်နေ့ ညက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ညဘက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကပြောတာက AA က လူနေအိမ်တွေနဲ့ သာသနာ့မြေတွေကိုအခြေပြုပြီး စတင်ပစ်ခတ်တယ်လို့ပြောသလို AA ကလည်း တပ်မတော်ဘက်ကစတင်ပြီး ပစ်ခတ်တယ်လို့ ဆိုပါတယ်။

ဘယ်သူကပဲ စတင်ပြီး ပစ်ခတ်ပါစေ လက်တွေ့မှာတော့ ကိုယ့်တိုင်းရင်းသားလူမျိုးတွေပဲ ထိခိုက်ဒဏ်ရာရတာ ဖြစ်ပါတယ်။ အဲဒါအပြင် ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖို့အတွက် တင်ပြဖို့လုပ်နေတဲ့ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခု ထိခိုက်ပျက်စီးမှာကိုတော့ ဘယ်သူမှမလိုလားကြပါဘူး။ တစ်ခုတော့ရှိပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းသားတွေ အချင်းချင်း(ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ်)မညီမညွတ်နဲ့ ခိုက်ရန်ဖြစ်ပွားပြီး တိုက်နေ ခိုက်နေကြရင် ဘယ်သူတွေ ဝမ်းသာနေကြမယ်ဆိုတာ အားလုံးအသိပါ။

နိဂုံးမချုပ်မီ တင်ပြချင်တာကတော့ လူသားတွေဟာ ဘယ်သူမှ မသေချင်ကြပါဘူး။ တစ်ဖက် လက်နက်ကိုင်တွေက မသေချင်ကြသလို တခြားတစ်ဖက်က လက်နက်ကိုင်တွေအနေနဲ့လည်း ဘယ်သူမှမသေချင်ကြပါဘူး။ ကိုယ်စီကိုယ်စီမှာလည်း မိသားစုတွေ၊ မှီခိုသူတွေ၊ တွယ်တာသူတွေ ရှိကြပါတယ်။ ဒါကြောင့် မသေချင်ကြသူတွေချင်း အတူတူ ကိုယ့်လက်ကြောင့် (ကိုယ့်ရဲ့ လက်ညှိုးကလေးကြောင့်) တစ်ပါးသူတွေကို မသေစေသင့်ဘူးဆိုတာ အားလုံးရဲ့အသိမှာ ရှိသွားစေချင်ပါတယ်။

ဒီတာဝန်ကို ဘယ်သူတွေက ယူကြရမှာလည်းဆိုရင် နှစ်ဖက်က တာဝန်ရှိသူခေါင်းဆောင်တွေက ယူကြရမှာဖြစ်ပါတယ်။ ဒါမှလည်း ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ဒီနေ့အရေးအကြီးဆုံး လုပ်ငန်းတစ်ခုဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းကို တိုင်းသိ ပြည်သိ ကမ္ဘာသိ ဆောင်ရွက်နေတဲ့အချိန်မှာ သေနတ်သံတွေ ဆိတ်သုဉ်းပြီး အထိအခိုက် အကျအဆုံး သေကျေပျက်စီးမှုတွေကို ဟန့်တားထားနိုင်မှာ ဖြစ်တယ်လို့ ယူဆပါတယ်။

ဒါကြောင့် ဒီနေ့ လူငယ်တွေအနေနဲ့ လူကိုသေစေတဲ့ လူသတ်လက်နက်တွေကို မက်မောတွယ်တာ အသုံးမပြုစေချင်ပါဘူး။ နိုင်ငံရေး ရည်မှန်းချက်အတွက်ဆိုရင်လည်း လက်နက်မကိုင်ဘဲ တိုင်းရင်းသား အားလုံးအတွက် တံခါးဖွင့်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အများနဲ့အတူ တက်ရောက် ဆွေးနွေးကြခြင်းအားဖြင့် မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ကြမှာ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ခေတ်အခြေအနေနဲ့ ဘယ်လိုမှ လိုက်လျောညီထွေမရှိတဲ့၊ မဖြစ်နိုင်တော့တဲ့၊ နိုင်ငံရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြမယ်ဆိုရင်တော့ နောင် အနှစ် ခုနစ်ဆယ်တိုင်တဲ့အထိ မြန်မာနိုင်ငံမှာ သေနတ်သံညံမစဲနဲ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာလည်း ဆက်လက်ပြီး ဆုံးရှုံးနေဦးမှာ ဖြစ်ပါတယ်။

အကောင်းဆုံးနဲ့ အဖြစ်နိုင်ဆုံး နည်းလမ်းကတော့ တစ်နိုင်ငံလုံး ပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးကြပြီး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ပင်လုံလမ်းကြောင်းကနေသာလျှင် တိုင်းရင်းသားအားလုံး လိုချင်တောင့်တနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူရည်တူရှိမှုကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

သိန်းထက်အောင်