News

POST TYPE

PERSPECTIVE

ငါးကျပ်တန် အကြောင်းပြု ကျပ်တစ်သောင်း အတု
14-Mar-2019


မတ်လ ၃ ရက်နေ့က မန္တလေးမှ ရန်ကုန်သို့လာသည့် အိမ်စီးကားတစ်စီးသည် ရန်ကုန်-မန္တလေး အမြန်လမ်း (မိတ္ထီလာ-မန္တလေးအပိုင်း) သပြေဝတိုးဂိတ်တွင် ကျသင့်ငွေ ၄၀၀ ကျပ်ကို ပေးဆောင်ရာ၌ ကျပ်နှစ်ရာတန် တစ်ရွက်၊ ကျပ် ၁၀၀ တန်တစ်ရွက်၊ ကျပ်ငါးဆယ်တန် တစ်ရွက်နှင့် ငါးကျပ်တန် ၁၀ ရွက်တို့ကို ပေးဆောင်ခဲ့ကြောင်း၊ သို့ရာတွင် တိုးဂိတ်ဝန်ထမ်းငွေ ကောက်တာဝန်ကျသူက “ငါးကျပ်တန်များ မယူနိုင်ကြောင်း၊ အခြားနေရာတွင် သွားသုံးပါ”ဟု ပြောကြာခဲ့ရာ အချေအတင် အငြင်းပွားခဲ့ကြောင်း၊ ထို့ကြောင့် တိုးဂိတ်တာဝန်ခံများက အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရသည် ဆိုသည့်သတင်းကို ဖတ်ရှုလိုက်ရပါသည်။

နောက်ဆက်တွဲသတင်းအရ “ယင်းဖြစ်စဉ်ကို စိစစ်ရာတွင် ငွေကောက်ဝန်ထမ်း၏ အမြင်မကျယ်မှု၊ ဖြေရှင်းပုံ နည်းလမ်းမှားယွင်းမှုတို့ကြောင့် ကုမ္ပဏီဘက်ကနေ၍ ဝန်ထမ်းစည်းကမ်းနှင့်အညီ အဆိုပါဝန်ထမ်းကို အလုပ်မှထုတ်ပယ်ကာ အရေးယူခဲ့ကြောင်း၊ နောင်တွင် အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန် တိုးဂိတ်များတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားစေခြင်း၊ ခရီးသွားပြည်သူများနှင့်ဆက်ဆံရာတွင် အဆင်ပြေချေမွေ့စေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်ကိုလည်း ဖတ်ရှုသိရှိလိုက်ရပါသည်။

အထက်ဖော်ပြပါဖြစ်စဉ်ကို လေ့လာရာတွင် အချက်နှစ်ချက်ကို လေ့လာတွေ့ရှိရပါသည်။ ပထမတစ်ချက်မှာ ငွေကောက်တာဝန်ခံဝန်ထမ်း၏ ဆက်ဆံရေး မပြေပြစ်မှုပင်ဖြစ်သည်။ ဤသည်မှာ ကုမ္ပဏီအပိုင်းပင်ဖြစ်သည်။ အများအားဖြင့် တိုးဂိတ်တွင်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းငယ်များမှာ ဒေသခံများဖြစ်ကြပြီး ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူ (Customer) များအပေါ် ထိတွေ့ဆက်ဆံခြင်းနှင့် သက်ဆိုင်သည့်သင်တန်းများကို မြို့ကြီးပြကြီးမှဝန်ထမ်းများလို မတက်ကြရသည့်အတွက် အားနည်းခြင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။

တာဝန်ရှိသူများအနေနှင့် ယခုပြဿနာဖြစ်ပေါ်လာသည့်အခါမှသာ ဝန်ထမ်းများအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားစေမည်ဟု ဆိုထားရာ မိမိတို့၏အားနည်းချက်ကို ယခုမှပင် ပြုပြင်ဖာထေးမည့်သဘော သက်ရောက်နေပါသည်။ ထို့ကြောင့် အဆိုပါကိစ္စမှာ ငွေကောက်တာဝန်ခံ ဝန်ထမ်း၏ အားနည်းချက်သာမက တာဝန်ရှိသူများတွင်လည်း တာဝန်မကင်းဟု ဆိုချင်ပါသည်။ ထို့အပြင် ယခုကိစ္စတွင် သက်ဆိုင်ရာဝန်ထမ်းအား အလုပ်မှထုတ်ပယ်လိုက်သည်ဟုဆိုထားရာ ပြစ်မှုနှင့်ပြစ်ဒဏ် မျှ၊ မမျှ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါသည်။ လူမြင်ကောင်းအောင်၊ လူကြားကောင်းအောင် အလုပ်မှထုတ်ပယ်ခြင်းထက် သတိပေးခြင်း၊ ဒဏ်ငွေတပ်ရိုက်ခြင်း စသည့်ပြစ်ဒဏ်မျှလောက်ကိုသာ ပေးမည်ဆိုပါက ယခုကဲ့သို့ အလုပ်အကိုင် ရှားပါးနေသောခေတ်တွင် ဒေသခံများအတွက် ခုသာ ခံသာ ရှိမည်ဖြစ်ပါသည်။

လူငယ်တွေ မမြင်ဖူးကြသည့် တရားဝင် ငွေစက္ကူ

ဒုတိယတစ်ချက်မှာ ငွေစက္ကူငါးကျပ်တန်ကို တရားဝင်သုံးခွင့်ရှိကြောင်း မသိသည့်ကိစ္စပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မြန်မာ့ငွေတန်ဖိုး နိမ့်ကျခြင်းနှင့်အတူ ငွေအကြွေစက္ကူများ၊ ငွေအကြွေစေ့များသုံးစွဲမှု နည်းပါးလာကာ ယခုခေတ်လူငယ်များမှာ တန်ဖိုးနည်းငွေစက္ကူများနှင့် ငွေအကြွေစေ့များကို မြင်ဖူးသူ အတော်ရှားပါးသွားပြီဖြစ်ပါသည်။ ကျွန်တော်တို့ပင်လျှင် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်သည့်အခါ တစ်ခါတလေ ငါးကျပ်တန်၊ တစ်ဆယ်တန်၊ နှစ်ဆယ်တန် စသည်များပါရှိလာသဖြင့် အမှတ်တရအဖြစ် သိမ်းဆည်းထားပါသည်။ ကျွန်တော်တို့ခေတ်က ငါးပြား၊ ဆယ်ပြားတို့ အသုံးဝင်ပါသေးသည်။ ကျွန်တော်တို့အဖေ ပင်စင်ထုတ်ပြီဆိုလျှင် ငွေအကြွေ တစ်ပြားစေ့များပင် ပါလာတတ်သည်ကို အမှတ်ရနေပါသည်။ ယခုတိုင်လည်း တစ်မတ် (၂၅ ပြား) စေ့၊ ငါးမူး (ပြားငါးဆယ်) စေ့နှင့် တစ်ကျပ်တန် ငွေအကြွေစေ့များကို အမှတ်တရ သိမ်းဆည်းထားပါသေးသည်။

ကျွန်တော်တို့ မသိမမီခဲ့သော ဂျပန်ခေတ်ငွေစက္ကူများကိုပင် မိဘများက သိမ်းဆည်းထားရာမှ ပြသ၍ မြင်ဖူးလိုက်ရပါသည်။ ကျွန်တော်တို့ကလည်း ကိုယ့်သားသမီးများကို သူတို့မမြင်ဖူးလိုက်သည့် မြန်မာငွေများကို ပြသခြင်းဖြင့် ဗဟုသုတကို လက်ဆင့်ကမ်းခဲ့ကြပါသည်။ ယခုဖြစ်စဉ်တွင်လည်း ငွေကိုင်တာဝန်ကျဝန်ထမ်းကို မြန်မာနိုင်ငံ၏ တရားဝင် ငွေစက္ကူများနှင့် တရားမဝင်ငွေစက္ကူများ၊ ငွေစက္ကူအတု စသည်တို့ကို ခွဲခြားတတ်ဖို့ သင်ကြားပြသပေးရမည့်တာဝန်မှာ ဌာနအကြီးအကဲ၊ ကုမ္ပဏီအကြီးအကဲတို့၏တာဝန်ပင်ဖြစ်ပါသည်။ သို့ရာတွင် လက်တွေ့တွင် ယခုလို ပြဿနာမျိုး ကြုံတွေ့လာမည်ဟု မည်သူမျှ စဉ်းစားမိမည်မဟုတ်ပါ။ ယခုအခါ လူမှုကွန်ရက်တွင် ဝါသနာပါ၍ စိတ်ဝင်စားသူများက ရှေးခေတ်ငွေစက္ကူပုံများကို မကြာခဏ ဖော်ပြပေးလျက်ရှိရာ လူငယ်များအနေနှင့် ဗဟုသုတအဖြစ် သိမ်းဆည်းထားသင့်ပါသည်။

မြန်မာ့ငွေစက္ကူများအကြောင်း

အလျဉ်းသင့်၍ မြန်မာနိုင်ငံတွင် ထုတ်ဝေခဲ့သည့် ငွေစက္ကူများအနက် ယနေ့တိုင်သုံးစွဲလျက်ရှိသည့် တရားဝင် ငွေစက္ကူများနှင့် တရားဝင် ငွေစက္ကူအဖြစ်မှ ရုပ်သိမ်း၊ ရပ်စဲခဲ့သည့် ငွေစက္ကူများအကြောင်းကို ဗဟုသုတအဖြစ် တင်ပြလိုပါသည်။

မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းယူပြီးနောက် ၁၈၉၇ ခုနှစ်တွင် ရှေးခေတ်မြန်မာ့ငွေကြေးစနစ်နေရာ၌ အိန္ဒိယရူပီးစနစ်ကိုအစားထိုး၍ စတင်သုံးစွဲစေခဲ့သည်။ ထို့နောက် ဂျပန်ခေတ်တွင်(ထောင်မလဲ သဲကော်ဟုခေါ်ကြသည့်) ဂျပန်ငွေစက္ကူများကို သုံးစွဲခဲ့ကြရာမှ ၁၉၄၅ ခုနှစ်တွင် ဂျပန်ကိုတော်လှန်ပြီးနောက် ဂျပန်ငွေစက္ကူများကို တန်ဖိုးမရှိကြောင်း ကြေညာကာ အိန္ဒိယရူပီးငွေကိုပင် ပြန်လည် အသုံးပြုခဲ့ကြပြန်ပါသည်။

၁၉၄၈ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့ပြီးနောက် ရူပီးငွေကြေးစနစ်ဖြင့်ပင် ကိုယ်ပိုင်ငွေစက္ကူနှင့် ငွေအကြွေတို့ကိုထုတ်ဝေခဲ့သည်။ ငွေစက္ကူ၏ထိပ်တွင် “GOVERNMENT OF BURMA” ဟူသော စာတန်းပါရှိကာ ဒေါင်းရုပ်ပုံရေစာပါရှိခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် ထုတ်ဝေသောငွေစက္ကူ၊ အကြွေများတွင် “GOVERNMENT OF THE UNION OF  BURMA” ဟူသော တံဆိပ်ခတ်နှိပ်ကာ ထုတ်ဝေခဲ့ပြီး အရေအတွက်များလာသည့်အခါ အိန္ဒိယငွေကြေးစနစ်သုံး ငွေစက္ကူ၊ အကြွေများကို တရားမဝင်ကြောင်းကြေညာ၍ ၁၉၅၀ ပြည်နှစ် ဇူလိုင်လမှစပြီး မြန်မာကျပ်ငွေသက်သက်ကိုသာ စတင်သုံးစွဲလာခဲ့ကြခြင်းဖြစ်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်ဥပဒေကို ၁၉၅၂ ခုနှစ်ပြည့်နှစ်၊ ဇူလိုင်လတွင်ပြဋ္ဌာန်းခဲ့ပြီး မြန်မာငွေကြေးစနစ်လည်ပတ်၊ ထုတ်ဝေမှုကိုလည်း ငွေကြေးကိစ္စအဝ၀ကို ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်ကသာ ဆက်လက်၍ တာဝန်ယူဆောင်ရွက်ခဲ့သည်။

၁၉၅၈ ခုနှစ် ပြည်ထောင်စုနေ့တွင် မြန်မာနိုင်ငံဘဏ်က ဒုတိယအကြိမ်ငွေစက္ကူများကို ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း၏ (ပိကက်ဆောင်းထားသည့်) ရုပ်ပုံကို တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်ကျပ်တန်နှင့် ကျပ်တစ်ရာတန်ငွေစက္ကူများ၌ ရိုက်နှိပ်ဖော်ပြခဲ့သည်။ ထို့နောက် ဩဂုတ်လတွင် တစ်ဖန် နှစ်ဆယ်ကျပ်တန်နှင့် ငါးဆယ်ကျပ်တန် ငွေစက္ကူများကို ထပ်မံရိုက်နှိပ်ထုတ်ဝေခဲ့သည်။ (ငွေအကြွေစေ့များ၌မူ ခြင်္သေ့ပုံကို အသုံးပြုခဲ့သည်)။

တရားမဝင် ငွေကြေညာခြင်းနှင့် ငွေစက္ကူအသစ်များ ပေါ်ပေါက်လာခြင်း

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို ရယူပြီးနောက် ပထမဆုံးအနေနှင့် မြန်မာနိုင်ငံအတွင်း လှည့်ပတ်သုံးစွဲနေသော ငွေစက္ကူများအနက် တန်ဖိုးအကြီးမားဆုံးဖြစ်သည့် ကျပ်တစ်ရာတန်နှင့် ကျပ်ငါးဆယ်တန်ငွေစက္ကူတို့ကို ၁၉၆၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် တရားမဝင် ငွေစက္ကူများအဖြစ် ကြေညာလိုက်သည်။ ထို့နောက် ပြည်သူ့ဘဏ်က ၁၉၆၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်ကျပ်တန်နှင့် ကျပ်နှစ်ဆယ်တန်တို့ကို (ဗိုလ်ချုပ်အောင်ဆန်း၏ တော်လှန်ရေးကာလ စစ်ဝတ်စုံဝတ်ဆင်ထားသောပုံဖြင့်)ထုတ်ဝေခဲ့ပြန်သည်။

၁၉၇၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြည်သူ့ဘဏ်အမည်မှ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်ဟူ၍ အမည်ပြောင်းလဲသတ်မှတ်လိုက်ပြီး ၂၅ ကျပ်တန် ငွေစက္ကူအသစ်ကို ထုတ်ဝေခဲ့သည်။ ထို့နောက် လက်ရှိလှည့်လည်သုံးစွဲနေသော တစ်ကျပ်တန်ငွေစက္ကူ၊ ငါးကျပ်တန်ငွေစက္ကူနှင့် တစ်ဆယ်ကျပ်တန်ငွေစက္ကူနှင့်တို့ကို ပုံသဏ္ဌာန်ကွဲပြားသော ငွေစက္ကူများအဖြစ် ဆက်လက် ထုတ်ဝေခဲ့သည်။ လည်ပတ်သုံးစွဲနေသော ငွေစက္ကူအဟောင်းရှိလျက်နှင့် ပုံသဏ္ဌာန်ကွဲပြားခြားနားသော တန်ဖိုးနည်းငွေစက္ကူများ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ နောက်ကျောဘက်တွင် “ပြည်သူ့ဘဏ်” နှင့် “ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်”ဟူသော စာသားများလည်း ကွဲပြားကြပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်သည် ၁၉၇၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ကျပ်တစ်ရာတန်ငွေစက္ကူနှင့် ဧပြီလ ၃၀ ရက်နေ့တွင် ကျပ်ငါးဆယ်တန်ငွေစက္ကူတို့ကို ထုတ်ဝေခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့များ၏လက်တွင် ထိုငွေစက္ကူများရှိနေသည်ဟုဆိုကာ ယင်းငွေစက္ကူတို့ကို ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် တရားမဝင်ငွေစက္ကူများအဖြစ် ကြေညာခဲ့ပြန်သည်။ ထိုစဉ်က ကျွန်တော်သည် နမ့်ခမ်းမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိရာ ငွေလာရောက်အပ်နှံသူများကို တစ်ဦးလျှင် ငွေငါးထောင်ကျပ် ပြန်လည်ထုတ်ပေးခဲ့သဖြင့် လက်နက်ကိုင်အဖွဲ့များ ရှိသည့်ကျေးရွာများမှ ရွာလုံးကျွတ်လာရောက် လဲလှယ်ထုတ်ယူကြသည်ကို မှတ်မိနေပါသေးသည်။ (ထိုစဉ်က ငွေတန်ဖိုးအရ ကျေးရွာအိမ်ထောင်စုတိုင်းတွင် ငွေကျပ် ငါးထောင်မကိုင်နိုင်ကြသဖြင့် လက်နက်ကိုင်အဖွဲ့များ၏ငွေများကို လာရောက်လဲလှယ်ပေးကြသည်ဟု ဆိုကြပါသည်)။ ထိုစဉ်က ငွေပြန်အမ်းရာတွင် ကျပ်တစ်ရာတန်နှင့် ၅၀ တန်တို့အစား၊ အသစ်ရိုက်နှိပ်ထုတ်ဝေလိုက်သော ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၂၅ ကျပ်တန် ငွေစက္ကူတို့ကို ပြန်လည်အမ်းပေးသဖြင့် ငွေကြေးတွက်ချက်မှုတွင် များစွာ အခက်အခဲဖြစ်ခဲ့ရသည်ကို ကိုယ်တွေ့ ကြုံခဲ့ရပါသည်။

အထူးခြားဆုံးနှင့် တိုင်းပြည်၏ကံကြမ္မာကို ပြောင်းလဲသည်အထိ ဖြစ်ခဲ့ရသောငွေစက္ကူဖျက်သိမ်းမှုမှာ အထက်ဖော်ပြပါ အသစ်ထုတ်ဝေထားသော ၇၅ ကျပ်တန်ငွေစက္ကူ၊ ၃၅ ကျပ်တန်ငွေစက္ကူနှင့် ၂၅ ကျပ်တန် ငွေစက္ကူတို့ကိုထုတ်ဝေပြီး ၂ နှစ်ခန့်အကြာ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် တရားမဝင် ငွေစက္ကူများအဖြစ် ကြေညာခဲ့ခြင်းပင်ဖြစ်သည်။ ကျပ်တစ်ရာတန်နှင့် ကျပ်ငါးဆယ်တန်ငွေစက္ကူများ ဖျက်သိမ်းစဉ်က တစ်ဦးလျှင် ငွေငါးထောင်ကျပ် ပြန်လည် အမ်းပေးခဲ့သော်လည်း ထိုတစ်ကြိမ်တွင်မူ မည်သည့်ငွေကြေးတန်ဖိုး တစ်စုံတစ်ရာမျှ ပြန်လည်အမ်းပေးခြင်း မရှိသဖြင့် ပြည်သူလူထုမှာ များစွာအထိနာပြီး အစိုးရအပေါ် များစွာနာကြည်းခဲ့ကြပါသည်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားများမှာ ဒုက္ခရောက်ကြရပြီး ဆန္ဒပြပွဲများဖြစ်ပေါ်လာသဖြင့် အစိုးရက ကျောင်းများကို ပိတ်လိုက်ရပါသည်။

၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ရသော ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများက အစပြုခဲ့သည့် ဆန္ဒပြမှုများ၏နောက်ဆက်တွဲအဖြစ် အခြားတက္ကသိုလ်ကျောင်းသားများနှင့် ဝန်ထမ်းပါမကျန် ပြည်သူတစ်ရပ်လုံး ပါဝင်လာကြခြင်းမှာ အခြားသော အထွေထွေ မကျေနပ်မှုများအပြင် အထက်ဖော်ပြပါ ၁၉၈၇ ခုနှစ် တရားမဝင် ငွေကြေညာခြင်းသည်လည်း အကြောင်းတစ်ခုဖြစ်သည်ဟုဆိုလျှင် မှားမည်မဟုတ်ပါ။

ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်သည် အထက်ဖော်ပြပါ ငွေစက္ကူတို့ တရားမဝင်ငွေစက္ကူများအဖြစ် ကြေညာခဲ့ပြီးနောက် လေးဆယ့်ငါးကျပ်တန်နှင့် ကျပ်ကိုးဆယ်တန်ငွေစက္ကူတို့ကို ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ဝေခဲ့ပြန်သည်။ (အဆိုပါ ငွေစက္ကူနှစ်မျိုးကို တရားမဝင်ကြောင်း ကြေညာသည်ဟူ၍ မကြားသိရသော်လည်း ယခုအခါတွင် ငွေကြေးဈေးကွက်၌ ယင်းငွေစက္ကူနှစ်မျိုးကို မတွေ့ရှိရခြင်းမှာ ဗဟိုဘဏ်က ပြန်လည်သိမ်းယူသွားခြင်းကြောင့် ဖြစ်ပါသည်)။

၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် ဗဟိုဘဏ်ကိုပြန်လည်ဖွဲ့စည်းကာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများကို တစ်စတစ်စ ပြန်လည်ရုပ်သိမ်း၍ ယင်းတို့၏နေရာတွင် ခြင်္သေ့ပုံပါသော ငွေစက္ကူနှင့် အကြွေစေ့များဖြင့် အစားထိုး သုံးစွဲစေခဲ့ပါသည်။ ထိုကဲ့သို့ထုတ်ဝေခဲ့သော ငွေတန်ဖိုးများမှာ တစ်ကျပ်တန်မှအစပြု၍ ကျပ်တစ်ထောင်တန်အထိဖြစ်ပါသည်။ ထို့နောက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျပ် ၅၀၀၀ တန်ကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ကျပ် ၁၀၀၀၀ တန်ကိုလည်းကောင်း ရိုက်နှိပ်ထုတ်ဝေ၍ လှည့်လည်သုံးစွဲစေခဲ့ပါသည်။

အစစ်နှင့် အတုကြားက ပြည်သူများ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကျပ် ၅၀၀၀ တန်နှင့် ကျပ် ၁၀၀၀၀ တန်ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေပြီးနောက် မရှေးမနှောင်းကာလအတွင်းမှာပင် ယင်းငွေစက္ကူအတုများ ပေါ်ပေါက်လာသဖြင့် အစိုးရအနေနှင့် ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ရိုက်နှိပ်ထုတ်ဝေသူအချို့နှင့် သုံးစွဲသူအချို့မှာ အရေးယူခံရသည့်ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပါသည်။

ထင်ရှားသည့် ဖြစ်စဉ်အနေနှင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်တွင် စင်ကာပူနိုင်ငံသား လင်မယားနှစ်ဦးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၄၅ ရွက်ကို သိမ်းဆည်းရမိသည့်ဖြစ်စဉ်နှင့် ဒီဇင်ဘာလ ၆ ရက်နေ့က ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင် ကျေးရွာနေ နော်သော့သွဲ့ထူး၏နေအိမ်မှ ကျပ်တစ်သောင်းတန်ငွေစက္ကူ အတု ၁၅၄ ရွက်အား ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်တို့ ဖြစ်ကြပါသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ၂၀.၁၂.၂၀၁၈ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပါသည်။ ထို့ကြောင့် ပြည်သူတို့အနေနှင့် မိမိတို့လက်ဝယ် အတုမမိရလေအောင် ရရှိလာသောငွေစက္ကူများကို စိစစ်ရသလို၊ မိမိကငွေပေးချေသည့်အခါတွင်လည်း တစ်ဖက်က လက်ခံပါ့မလားဟူသော စိုးရိမ်စိတ်ဖြင့်နေကြရပါသည်။ ယခု ငါးကျပ်တန်ဖြစ်စဉ်ကို လေ့လာကြည့်သောအခါတွင် လက်ခံရသည့်ငွေကောက်ဝန်ထမ်းမှာ မိမိမမြင်ဖူးသည့်ငွေစက္ကူကို လက်မခံရဲသလို ငွေပေးချေသူအနေနှင့်လည်း မိမိက ငွေစက္ကူအစစ်ကို ပေးပါလျက် တစ်ဖက်သူက လက်မခံခြင်းကြောင့် စိတ်တိုဒေါသထွက်ရခြင်းမှ မြစ်ဖျားခံသည်ဟု မှတ်ယူရပါမည်။

ထို့ကြောင့် ယင်းဖြစ်စဉ်၏ လက်သည်မှာ ငွေပေးချေသူမဟုတ်သလို ငွေကောက်ဝန်ထမ်းလည်း မဟုတ်ပါ။ ငွေစက္ကူ အတုအစစ်ပြဿနာတွေ ပေါ်ပေါက်နေ၍ ငွေပေးချေမှုကိစ္စများတွင် သတိထားနေရသည့်အထဲ တရားဝင်ငွေစက္ကူအစစ်များ တန်ဖိုးတူသော်လည်း ဒီဇိုင်းမတူညီသော အမျိုးအစားများစွာ ရှိနေခြင်းကြောင့်ပင်ဖြစ်ပါသည်။

အကြံပြုချက်နှင့်နိဂုံး

အထက်ဖော်ပြပါ ပြဿနာကို အချိန်တိုအတွင်း အလွယ်ကူဆုံး ဖြေရှင်းနိုင်မည့်နည်းလမ်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနှင့် လက်ရှိတရားဝင် သုံးစွဲခွင့်ရှိသော ငွေစက္ကူများကို တန်ဖိုးအလိုက် ရောင်စုံပုံများနှင့် ရိုက်နှိပ်ထုတ်ဝေကာ ငွေကြေးကိုင်တွယ်သုံးစွဲသည့် အဖွဲ့အစည်းများ၊ ဘဏ်များ၊ ကုမ္ပဏီများသို့ ဖြန့်ဝေပေးထားသင့်ပါသည်။ ပြည်သူများကိုလည်း ရောင်းချပေးသင့်ပါသည်။ အဆိုပါဖော်ပြချက်တွင် တန်ဖိုးတူ ငွေစက္ကူတစ်မျိုးချင်း၏ မတူကွဲပြားသောပုံစံများ၊ ၎င်းတို့၏ထူးခြားသော မျက်နှာသွင်ပြင်များကို ဖော်ပြထားသင့်ပါသည်။ ထို့အပြင် တန်ဖိုးကြီးငွေစက္ကူများကို အတုနှင့် အစစ်ခွဲခြားနိုင်သည့်နည်းလမ်းများကိုပါ ထည့်သွင်းဖော်ပြပေးခြင်းအားဖြင့် ပြည်သူများနှင့် ငွေကြေးလက်ခံရာ ဌာနများအကြား ဆက်လက် ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုများကလည်း ကြိုတင်ကာကွယ်ရာ ရောက်မည်ဖြစ်ပါသည်။

သိန်းထက်အောင်