News

POST TYPE

PERSPECTIVE

၁၂ နှစ်အရွယ် မယားပါသမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သည့် အမျိုးသားကို ဖမ်းဆီး
14-Mar-2019
ရန်ကုန်၊ မတ် ၁၃

လှိုင်သာယာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင် အသက် ၁၂ နှစ်အရွယ်ရှိ မယားပါသမီးဖြစ်သူကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး သားမယားအဖြစ် အဓမ္မပြုကျင့်ရန် နှစ်ကြိမ်ကြံစည်ခဲ့သော အသက် ၃၅ နှစ် အမျိုးသားကို မတ်လ ၁၂ ရက်နေ့က ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားသူ စိုးလေး (ခ) စိုးနိုင်မှာ ၎င်း၏ဇနီး နေအိမ်တွင်မရှိချိန် မယားပါသမီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် မိန်းကလေးကို သားမယားအဖြစ် အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်ကို မတ်လ ၁၂ ရက်နေ့တွင် မိခင်ဖြစ်သူက သိရှိခဲ့သည်။

“ကလေးမရဲ့ မအေဖြစ်သူက လှည်းတန်းဘက်က နေအိမ်တွေမှာ အဝတ်သွားလျှော်နေချိန် ပထွေးဖြစ်သူက မိန်းကလေးကို သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့တာလို့ သိရတယ်။ တစ်လမ်းတည်းမှာ နေထိုင်တဲ့အဘွားဖြစ်သူကို မိန်းကလေးက ဖြစ်ကြောင်းကုန်စင် ပြန်တိုင်တယ်။ နောက်တော့ မိခင်ပါသိသွားတာမို့ မအေဖြစ်သူက သူ့သမီးကို အဓမ္မပြုကျင့်ရန် ကြံစည်တဲ့ နောက်ယောက်ျား စိုးလေး (ခ) စိုးနိုင်ကို ဖမ်းဆီးအရေးယူပေးဖို့ ရဲစခန်းမှာ တရားလိုပြု တိုင်ကြားခဲ့တာပါ”ဟု ရဲအရာရှိက ရှင်းပြသည်။

အမှုဖွင့်တိုင်ကြားချက်အရ လှိုင်သာယာမြို့မ ရဲစခန်းက စိုးလေး (ခ) စိုးနိုင်ကို မတ်လ ၁၂ ရက် ညပိုင်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်စဉ် မုဒိမ်းမှုများ ဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး နှစ်ရက်လျှင် အမျိုးသမီးတစ်ဦးနှုန်းခန့်မှာ အဓမ္မပြုကျင့်မှုကို ခံနေရကြောင်း မှုခင်းမှတ်တမ်းဖြစ်စဉ်များအရ သိရှိရသည်။

S-03