News

POST TYPE

PERSPECTIVE

တစ်ရှူးငှက်ပျော်ပြဿနာ ပြေလည်အောင် အမြန်ဖြေရှင်းပေးပါ
13-Mar-2019



ကချင်ပြည်နယ်ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်တွေမှာ စည်းကမ်းမဲ့ စိုက်ပျိုးနေတဲ့ တစ်ရှူးငှက်ပျောခင်းတွေနဲ့ ဒေသခံ တောင်သူလယ်သမားများရဲ့ ပြဿနာအခက်အခဲမျိုးစုံကို ပူးပေါင်းကူညီ ဖြေရှင်းပေးနိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးထွန်းအေး ဦးဆောင်တဲ့ ကျွန်တော်တို့အဖွဲ့ဟာ ၂.၃.၂၀၁၉ နေ့ ညနေမှာ ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ မံပိန်ကျေးရွာအုပ်စု၊ ခါအူကျေးရွာက ဦးခင်မောင်ထွန်း၊ မရှမ်းမတို့ရဲ့ နေအိမ်ကို ဒုတိယအကြိမ် ရောက်ရှိရပြန်ပါပြီ။

ဝိုင်းမော်မြို့နယ်အထွက် နန်ဆန်ရန်ချောင်းကူးတံတားထိပ်မှာ တရုတ်ပြည်ကိုတင်ပို့မယ့် တစ်ရှူးငှက်ပျောတင်ကွန်တိန်နာ ၂၂ ဘီးတွဲကားကြီး ၁၁ စီးကို တွေ့ခဲ့ရသလို မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ နန့်ငေါရွာနံဘေးက တစ်ရှူးငှက်ပျောခြံတွေအနီးမှာလည်း ငှက်ပျောသီးတင်ဖို့စောင့်ဆိုင်းနေတဲ့ တွဲကားကြီးတွေရပ်တန့်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီရာသီက ငှက်ပျောရာသီဖြစ်နေလို့ပဲလား သို့မဟုတ် အရင်ထက်တိုးစိုက်ပြီး တိုးထွက်လာလို့ပဲလားတော့ မသိပါဘူး။ ပြီးခဲ့တဲ့လနဲ့နှိုင်းစာရင် ယခုလမှာ တစ်ရှူးငှက်ပျောတင်တွဲကားကြီးတွေ ပိုများလာတယ်လို့ယူဆမိပါတယ်။

နန့်ငေါနဲ့ကပ်နေတဲ့ ရှဒါန်ပါရွာမှာလည်း ဒေသခံစစ်ဘေးရှောင်တွေ ပြန်လာတော့ သူတို့်မြေတွေမှာ တစ်ရှူးငှက်ပျောစိုက်ထားတဲ့အတွက် ကုမ္ပဏီနဲ့ပြဿနာဖြစ်နေကြောင်း ကြားသိရပါတယ်။

ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်တွေဟာ တကယ့်ကိုတစ်ရှူးငှက်ပျော ပွဲတော်ကြီးဆင်နွှဲရာဒေသတွေဖြစ်နေပါပြီ။ ကချင်ပြည်နယ်အစိုးရအဖွဲ့မှာလည်း ဒီလောက်များပြားတဲ့ တစ်ရှူးငှက်ပျောအရှုပ်ထုပ်ကြီးကို ဘယ်လိုလုပ်ရှင်းရမလဲဆိုတာ စဉ်းစားလို့မရနိုင် ဖြစ်နေဟန်ရှိပါတယ်။ လုံခြုံရေးအရ အသွားအလာခက်ခဲမှုတွေကလည်း အကြီးအကျယ်အဟန့်အတား ဖြစ်နေတာကိုး။

ဒီရက်ထဲမှာပဲ မြစ်ကြီးနားသတင်းဌာနက သတင်းထောက် ကိုအဂျယ်နဲ့ မမွန်းမွန်းပန်တို့ကို တစ်ရှူးငှက်ပျောသတင်းရေးသားမှုနဲ့ ပတ်သက်ပြီး ဝိုင်းမော်မြို့နယ် သခင်စစ်ကုမ္ပဏီမှ ခေတ္တဖမ်းဆီးနှိပ်စက် သလိုဖြစ်သွားတဲ့အတွက် တစ်နိုင်ငံလုံးရှိမီဒီယာအားလုံးကလည်း မခံမရပ်နိုင်ဖြစ်ကြရင်း တစ်ရှူးငှက်ပျော စည်းကမ်းမဲ့စိုက်ပျိုးမှုသတင်းတွေက မီဒီယာအားလုံးအကြားမှာ အထူးရေပန်းစားသွားခဲ့ပါတယ်။

ကျွန်တော်တို့အဖွဲ့က ဒေါ့ဖုန်းယန်မြို့ကိုသွားကြမယ်ဆိုလို့ မြစ်ကြီးနားသတင်းဌာနမှ သတင်းထောက် ကိုစည်သူကပါ ကျွန်တော်တို့နဲ့အတူ မြစ်ကြီးနားမြို့က ဖြတ်လိုက်လာခဲ့ပါတယ်။ ဦးထွန်းအေးနဲ့ အဖွဲ့ဝင် စုစုပေါင်း ၁၅ ယောက်ထဲမှာ သတင်းမီဒီယာ ၅ ယောက်ပါဝင်ပါတယ်။

ကျွန်တော်တို့ဟာ ခါအူ၊ ခေါက်ဆင့်၊ ဂျာအင်ယန်၊ နန့်ငေါနဲ့ တာဆိုင် ရွာတွေမှာ သုံးညအိပ်နေထိုင်ကာ ရွာသူရွာသားများနဲ့ တွေ့ဆုံညှိနှိုင်း တိုင်ပင်ကြပါတယ်။ ဂျာအင်ယန်ရွာမှာ ၂၀၁၁ ခုနှစ် စစ်ပွဲတွေမဖြစ်မီက ရွှေကဝါး၊ ရွှေဝမ်ပေါင်၊ ပန်းမြတ်မာလာကုမ္ပဏီတွေက ရွှေတူးခဲ့ကြလို့ ရွာရဲ့ ပတ်ဝန်းကျင်မြေဧက ၁၀၀၀ ခန့်ဟာ ပေ သုံးလေးဆယ်ခန့်နက်တဲ့ တွင်းချောက်ချိုင့်ဝှမ်းကြီးတွေဖြစ်ပြီး ပျက်စီးနေပါပြီ။

ယခုနယ်မြေအေးချမ်းလာပြန်တော့ ရွှေတူးဖို့ပြန်လည်ကြိုးစားလာကြပါတယ်။ ရွာစည်းရိုးနားထိကပ်လာနေပြီမို့ ရွာက လက်မခံနိုင်တော့ဘူးလို့ မံပိန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းကြည်က ပြောကြားထားကြောင်း ဂျာအင်ယန်ရွာ စာရေး ဦးအောင်ထွန်းက ကျွန်တော်တို့ကို ရှင်းပြခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ခု အရင်ဆုံးကျင်းပပြီး သတင်းမီဒီယာအားလုံးသိအောင် ရှင်းလင်းတင်ပြဖို့ ကျွန်တော်တို့ အားလုံးသဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

၆.၃.၂၀၁၉ နေ့ မနက် ၁၀ နာရီမှာတော့ မြစ်ကြီးနားမြို့ ရှမ်းစု တောင်ရပ်ကွက် မန္တလေးကျောင်းတိုက်ဓမ္မာရုံကြီးအတွင်း “တရုတ် တစ်ရှူးငှက်ပျောစိုက်ပျိုးမှုများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများနှင့် ဒေသခံတောင်သူများ ထိခိုက်နစ်နာမှု သတင်းစာရှင်းလင်းပွဲ”ကို ကျင်းပခဲ့ကြပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားခဲ့တဲ့ အကြောင်းအရာအနှစ်ချုပ်ကို တင်ပြပါမယ်။

မြစ်ကြီးနားမြို့မှ နိုင်ငံရေးလေ့လာတက်ကြွသူ ဦးသောင်းက “ဗန်းမော်ခရိုင်မှာ တရုတ်တစ်ရှူးငှက်ပျောစိုက်ဧက ရှစ်သောင်းနဲ့တစ်သိန်း အကြားရှိပါတယ်။ ဒီအပင်တွေစိုက်ပျိုးပြီးသွားတဲ့မြေဟာ မြေဆီဩဇာ အလွန်ခန်းခြောက်သွားပြီး သုံးစားဖို့ အလွန်ခဲယဉ်းကြောင်းသိရပါတယ်။ ဒီငှက်ပျောခင်းတွေကို ဘယ်သူတွေအရင်းအနှီးစိုက်ထုတ် ပိုင်ဆိုင်ကြောင်းကိုလည်း တိတိကျကျမသိရပါဘူး။ ဓာတုဆေးဝါးတွေကြောင့် သေဆုံးသူ ၆ ဦးနဲ့ ဆေးရုံတက်ရတဲ့လူနာအများအပြားရှိနေပါပြီ။ ကချင်ပြည်နယ် အစိုးရအဖွဲ့ကလည်း အခွန်အခ ဘယ်လောက်ရတဲ့အကြောင်း ပြည်သူလူထုသိအောင် ပွင့်လင်းမြင်သာစွာ ချပြတာမတွေ့ရပါဘူး။ ၂၀၁၉ ခုနှစ်မှာ တစ်ရှူးငှက်ပျောစိုက်ပျိုးခွင့် လုံးဝမပြုတော့ပဲ စိုက်ပျိုးပြီးသားငှက်ပျောပင်တွေကို ဒီရာသီကုန်ရင် အမြစ်ပြတ်ရှင်းလင်းမယ်လို့ ကြားသိရပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ်။

မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ တာဆိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မိုးကတော့ “ကျွန်တော် တားမြစ်လို့လည်း မရပါဘူး။ မြေစာရင်းပုံစံ (၁၀၅) လည်း မပြနိုင်၊ လယ်ယာမြေပိုင်ဆိုင်ကြောင်း အထောက်အထားလည်းမရှိဘဲ ဒီမြေကို ငါတို့ပိုင်တာ မင်းတို့က ငါတို့မြေကို လာလုတာ သင်္ချိုင်းမြေတောင် ငါတို့ပေးလို့ မင်းတို့ရတာဆိုပြီး ၂၀၁၈ ခု ၅ လပိုင်း ၆ လပိုင်းကနေ ဒီနေ့အထိ ဒေသခံတွေစိုက်ပျိုးထားတဲ့ ပြောင်းပင်တွေကို ဘူဒိုဇာတွေနဲ့ထိုးဖျက်ပြီး ကုမ္ပဏီတွေက တစ်ရှူးငှက် ပျောဝင်စိုက်နေကြပါတယ်။ တစ်ရှူးငှက်ပျောစိုက်ခင်းတွေက ရွာနဲ့အလွန် နီးကပ်နေပါပြီ။ ရွာထဲကို ဝင်မစိုက်ရုံတစ်မည်ပဲ ရှိပါတော့တယ်။ တောင်သူတွေမှာ ထမင်းအိုးပျောက်ပါတော့မယ်။ သူတို့ပိုးသတ်ဆေးတွေကြောင့်ပါလို့ မစွပ်စွဲလိုပေမယ့် ၂၀၁၇ ခုနှစ်က ကျွဲ၊ နွားကောင်ရေ ၄၇ ကောင်၊ ၂၀၁၈ ခုနှစ်မှာ ကောင်ရေ ၃၀ ကျော် ပုံစံတူသေဆုံးခဲ့ပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးက အောက်တာဆိုင်ရွာမှာ ရှိပါတယ်။ အထက်တာဆိုင်၊ နောင်ဖာ၊ ကချင်တိန်းဆင့်၊ ရှမ်းတိန်းဆင့်၊ တိန်းမကျိုင်းရွာခွဲတွေက ရာအိမ်မှူးတွေထံ ရွာတိရစ္ဆာန်တွေက ငှက်ပျောခင်းတွေထဲဝင်စားလို့ သေဆုံးခဲ့ရင် တာဝန်မယူဘူးဆိုတဲ့စာတွေ ပို့ပါတယ်။ တကယ်ဆိုရင် အုပ်ချုပ်ရေးမှူးရုံးကိုပို့ပြီးမှ ရွာခွဲတွေကိုဖြန့်ဝေပေးရမှာပါ။ သူတို့ငှက်ပျောခင်းတွေမှာ အလုပ်သမားတွေပြဿနာဖြစ်ပြီဆိုရင်တော့ အုပ်ချုပ်ရေးမှူးရုံးကို လာတိုင်တဲ့အတွက် ကျွန်တော့်မှာ သက်သက်ခေါင်းခဲနေရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒေါ့ဖုန်းယန်မြို့ မံပိန်ကျေးရွာအုပ်စု ခေါက်ဆင့်ရွာ ရာအိမ်မှူး ဦးအောင်မြင့်က “နှစ်ပေါင်းရာနဲ့ချီပြီး ဓားမဦးချ လယ်ယာလုပ်ကိုင်လာခဲ့ကြတဲ့ ကျွန်တော်တို့ရွာသားတွေမှာ ရွာမြေအတိအကျမရှိသေးသလို ဘုံစားမြေလည်း မရှိသေးပါဘူး။ ၂၀၀၁ ခုနှစ်ကမှ သတ်မှတ်တဲ့ တိန်းသော် ကြိုးပြင်ကာကွယ်တောဧရိယာထဲ ပါဝင်သွားတဲ့အတွက် ပုံစံ (၁) တောင် လျှောက်ထားခွင့်မရပါဘူး။ ကုမ္ပဏီတွေက သစ်တောပိုင်ဧက သုံးသောင်းကို ငါတို့ငှားထားတာဆိုပြီး တစ်ရှူးငှက်ပျောတွေစိုက်လိုက်ကြလို့ တောတွေပျက်စီးဆုံးရှုံးကုန်ပြီး ရွာသားတွေမှာ ခြံစည်းရိုးကာရံစရာသစ်ဝါးနဲ့ အိမ်မိုးဖို့ သက်ကယ်တောင် မရတော့ပါဘူး။ ကျွန်တော်တို့မှာ ဟိုလူ့ကြောက်ရမလို ဒီလူ့ကြောက်ရမလိုဖြစ်ပြီး တရုတ်က မတရားအနိုင်ကျင့်တာကို ခံနေရပါတယ်။ လူကြီးမင်းတို့အဖွဲ့အစည်းများက အကူအညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မံပိန်ကျေးရွာအုပ်စု ခါအူရွာ ရာအိမ်မှူး ဦးချစ်ဝင်းက “တော်ဝင် ကျောက်စိမ်းကုမ္ပဏီ လူကြီးတွေက မြေတစ်ဧကကို လေးသောင်းကျပ် ပေးမယ်ဆိုပြီး ညှိနှိုင်းခဲ့ပေမယ့် ကျွန်တော်တို့က လက်မခံပါဘူး။ ဒါပေမဲ့ တစ်ရှူးငှက်ပျောစိုက်ပျိုးဖို့အတွက် စက်ယန္တရားကြီးတွေနဲ့ လယ်ယာမြေတွေကို ခုတ်ထွင်ရှင်းလင်းနေတာပါပဲ။ အခုဆိုရင် ရွာစည်းရိုးနဲ့အလွန်နီး ကပ်နေပါပြီ။ ကျွန်တော်တို့သားသမီးတွေအတွက် နေစရာ လုပ်စားစရာမြေ မရှိတော့ပါဘူး။ ကြာရင် ရွာပျက်ပါလိမ့်မယ်။ ကျွန်တော်တို့က ကောင်းကောင်းမွန်မွန်ပြောတာကိုလည်း ကုမ္ပဏီလူတွေက လက်မခံကြပါဘူး။ ကျွန်တော်တို့ရွာမှာ အိမ်ထောင်စု ၅၀ လောက်ပဲရှိပြီး စစ်ဖြစ်တုန်းကတောင် စစ်ဘေးမရှောင်ဘဲ ရွာမှာကြံ့ကြံ့ခံနေထိုင်ခဲ့ကြတာပါ။ ပုံစံ (၁) အမြန်ထုတ် ပေးစေချင်ပါတယ်”လို့ ပြောကြားသွားပါတယ်။

ဒေါ့ဖုန်းယန်မြို့ မံမော်ကျေးရွာအုပ်စု နန့်ငေါကျေးရွာမှ အလုပ်သမားကိုယ်စားလှယ် ဒေါ်အေးအောင်ကလည်း “ကျွန်မက ၂၀၀၆ ခုနှစ် ကနေ၂၀၁၈ ခုနှစ်အထိ တော်ဝင်ကျောက်စိမ်းနဲ့ ပန်းမြတ်မာလာကုမ္ပဏီ တွေမှာ အလုပ်လုပ်ခဲ့တာမို့ တစ်ရှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းတွေ အကြောင်းကို အများကြီးသိပါတယ်။ ပိုးသတ်ဆေး၊ မြေဩဇာ အမျိုး ၂၀ လောက်သုံးစွဲရလို့ ပိုးသတ်ဆေးအဆိပ်သင့်ပြီး ခေါင်းမူး၊ ခေါင်းကိုက်၊ အော့အန်တာ၊ သွေးအန်တာ၊ ကိုယ်တစ်ခြမ်းလေဖြတ်တာ အသက်သေဆုံးတာတွေအထိ တွေ့မြင်ကြားသိခဲ့ရပါတယ်။ ကုမ္ပဏီတွေဘက်က ကတိ ကဝတ်လည်း ပျက်ကွက်တတ်ပါတယ်။ အလုပ်သမားတွေရသင့်တဲ့ ရိက္ခာစရိတ်နဲ့ လုပ်အားခကို မှန်မှန်မပေးချင်ကြပါဘူး။ ကျွန်မတို့အလုပ်သမား ၁၃ ယောက် ရရှိသင့်တဲ့လုပ်အားခ ငွေကျပ် ၄၄၈ သိန်းကို ပန်းမြတ်မာလာ ကုမ္ပဏီက မပေးတဲ့အတွက် အထောက်အထားအပြည့်အစုံနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုင်ကြားထားတာ ၄ လခန့်ရှိပါပြီ။ သူတို့က ငွေရှင်ကြေးရှင်တွေဖြစ်တဲ့အတွက် အခုအချိန်ထိ အရေးယူလို့မရသေးပါဘူး။ ကျွန်မတို့လို ဒုက္ခခံစားနေရသူတွေ ထောင်ချီပြီးရှိနေပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ အကူအညီရလိုရငြား တောင်သူလယ်သမားအရေးဆောင် ရွက်သူတွေကို အကူအညီတောင်းခံပြီး ခုလို အကြောင်းစုံရှင်းလင်းရခြင်း ဖြစ်ပါတယ်”လို့ ရှင်းပြသွားခဲ့ပါတယ်။

ဝိုင်းမော်မြို့ နယ် အောင်မြေ (၁) ရပ်ကွက် ရာအိမ်မှူးဦးပေါ်ဆာနော်ကတော့ “ကျွန်တော်တို့ တိုင်းရင်းသားတောင်သူတွေက ဥပဒေလည်း နားမလည် မြို့ပေါ်လည်း မသွားတတ်ပါဘူး။ စစ်ပွဲတွေကြောင့် ကြောက်နေခဲ့ကြရတဲ့ပြည်သူတွေမို့ တစ်ယောက်နဲ့တစ်ယောက် စကားတောင် ကျယ်ကျယ်မပြောရဲကြပါဘူး။ ကျွန်တော်တို့တောင်သူ ၃၁၂ ဦးက ကန့် ကွက်တဲ့အတွက် ဂျိမ်းဖောနဒီကုမ္ပဏီပိုင်ရှင်က တစ်ရှူးငှက်ပျောမစိုက် ပျိုးတော့ပါဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ခံဝန်ကတိလက်မှတ် ရေးထိုးခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ် ၄လပိုင်းမှာ သစ်တောဦးစီးနဲ့ မြေစာရင်းဦးစီးဌာနတို့က ကွင်းဆင်းစစ်ဆေးပြီးတဲ့အခါကျမှ အကြီးအကျယ် စိုက်ပျိုးလာကြပါတယ်။ နောင် မတိုင်နဲ့လို့လည်း ပြောသွားပါသေးတယ်။ သူတို့စိုက်ပျိုးဖို့ရေကို နန်းမြင်းချောင်းက ရေမြောင်းကြီးဖောက်ပြီး သွယ်ယူလိုက်တဲ့အတွက် နန်းမြင်းချောင်းကိုအမှီပြုနေရတဲ့ ချောင်းအောက်ဘက်က ရွာ ၁၀ ရွာလောက်မှာ လယ်ယာစိုက်ပျိုးဖို့ ရေအလုံအလောက်မရတော့ပါဘူး။ ချောင်းရေကို အရင်းအမြစ်လုပ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ရေပေးဝေမှုလည်း ရပ်ဆိုင်းသွားလို့ ကျွန်တော်တို့မှာ သောက်သုံးရေအတွက်ပါ အခက်အခဲဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းက နန်းမြင်းချောင်းထဲမှာ ငါးမျိုးစုံကောင်ရေသိန်းချီပြီး သေဆုံးနေတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ကျေးရွာတွေ ရင်ဆိုင်နေရတဲ့ဒုက္ခကို အမြန်ဆုံးကယ်တင်ပေးကြဖို့ သက်ဆိုင်ရာလူကြီးမင်းများကို တင်ပြတောင်းဆိုအပ်ပါတယ်”လို့ သနားစဖွယ် တင်ပြခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ ကချင်ပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး (ဟောင်း) ဦးမြသိန်းက “ကချင်ပြည်နယ်အစိုးရအနေနဲ့ တစ်ရှူးငှက်ပျောစိုက်ပျိုးဖို့ တရားဝင်ခွင့်ပြုထားတာမရှိပါဘူး။ ကျွန်တော်တာဝန်ထမ်းဆောင်နေစဉ်ကာလမှာ ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အရ တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးမှု စစ်တမ်းကောက်ယူရေး ကော်မတီကို ကျွန်တော်ဦးဆောင်ဖွဲ့စည်းခဲ့ပြီး စိုက်ပျိုးရာဒေသဧရိယာနဲ့ စိုက်ပျိုးတဲ့ လူပုဂ္ဂိုလ် ကုမ္ပဏီအဖွဲ့အစည်းတွေကို စာရင်းကောက်ယူကာ မှတ်တမ်းစာအုပ်ပြုစုခဲ့နိုင်ပါတယ်။ ဒါပေမဲ့ လူကြီးလမ်းကြောင်းတွေနောက် လိုက်နေရပြီး အလုပ်မအားလပ်တဲ့အတွက် အရေးယူတဲ့အဆင့်ထိတော့ ပြီးပြတ်အောင် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ အစိုးရနဲ့လွှတ်တော်မှာ တစ်ရှူးငှက်ပျောကို အမြစ်ပြုတ်အောင်ရှင်းလိုသူနဲ့ တရားဝင်စိုက်ပျိုးစေပြီး အခွန်အခကောက်ခံလိုသူဆိုပြီး အုပ်စု ၂ စု ကွဲနေပါတယ်။ ကျွန်တော်က အမြစ်ပြုတ်အောင်ရှင်းလိုသူပါ။ ဒါပေမဲ့ အများသဘောတူတဲ့မူဝါဒအတိုင်း ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ မူဝါဒနဲ့ဥပဒေကို တစ်သားတည်းဖြစ်ဖို့ အတွက်တော့ ရှိရင်းစွဲဥပဒေကို ပြင်၊ ပြောင်း၊ ဖြည့်၊ ဖျက်၊ ပြုသင့်တာတွေကိုတော့ လုပ်ရမှာပေါ့။ တစ်ရှူးငှက်ပျောတင်တွဲကားကြီးတွေကို စနစ်တကျအခွန်ကောက်ခံကြောင်း လွယ်ဂျယ်နယ်စပ်ဂိတ်တာဝန်ရှိသူတွေက တင်ပြတာကို ကျွန်တော် သိရှိလိုက်ရပါတယ်။ ကန်ပိုက်တီးဂိတ်ကိုတော့ ကျွန်တော်မသိပါဘူး။ တစ်ရှူးငှက်ပျောပြဿနာဖြေရှင်းဖို့ အထူးကြိုးစားပမ်းစား ဆောင်ရွက်တဲ့အတွက် ခြိမ်းခြောက်ခံရတဲ့အကြောင်း ဝိုင်းမော် လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီက ပြောကြားခဲ့သလို ပြီးခဲ့တဲ့လက လွှတ်တော်မှာ အဆိုတင်ဖို့ကြိုးစားတဲ့ ရွှေကူလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုကိုလည်း တားမြစ်ကန့်ကွက်တာတွေရှိတယ်လို့ ဦးတင်ဦးယုက ကျွန်တော့်ကို ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်အစိုးရအနေနဲ့ တစ်ရှူးငှက်ပျောစိုက်ပျိုးမှုတွေကို လျစ်လျူရှုထားတာမဟုတ်သလို မဖြေရှင်းချင်လို့လည်း မဟုတ်ပါဘူး။ မဖြေရှင်းနိုင်တဲ့အနေအထားက ရာနှုန်းပိုများနေတာပါ”လို့ သတင်းမီဒီယာများရဲ့မေးမြန်းမှုကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။

ဒီလောက်ဆိုရင် ကချင်ပြည်နယ်မှာ တစ်ရှူးငှက်ပျောစိုက်ပျိုးမှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ရိပ်စားသိရှိလောက်ပါပြီ။

နိုင်ငံတော်အကြီးအကဲများအနေနဲ့ စည်းကမ်းမဲ့တာကိုစည်းကမ်း ရှိလာအောင် တရားဥပဒေနဲ့မညီညွတ်မှုကို တရားဥပဒေစိုးမိုးလာအောင် ကြံစည်ကြိုးစားကာ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှလုံးအေးချမ်းသာယာအောင် ဆောင်ရွက်ပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဆန္ဒပြုအပ်ပါတယ်ခင်ဗျား...

စိုးမိုး (ပါရဒိုင်း)