POST TYPE

PERSPECTIVE

ရုပ်ရှင်ကြည့်ခြင်း
11-Feb-2019



ယခုတစ်လော ကိုရီးယားရုပ်သံဇာတ်လမ်းတွဲကို နေ့စဉ်ရက်ဆက် အချိန်မှန်ကြည့်ဖြစ်နေပါတယ်။ အချိန်တွေ သိပ်ပိုနေလို့တော့ မဟုတ်ပါဘူး။ ဇာတ်လမ်းတွဲက ဆွဲဆောင်အားကောင်းတာကြောင့် ဒီဇာတ်လမ်းလာချိန်ဆို လုပ်လက်စအလုပ်လေးတွေရပ်ပြီးတော့ကို ကြည့်နေမိတာပါ။ ဒီဇာတ်လမ်းက ညနေပိုင်းတစ်ချိန်နဲ့ ညပိုင်းတစ်ချိန် ပြပါတယ်။ ညနေပိုင်းက အသစ်ဇာတ်လမ်းတွဲဖြစ်ပြီး ညပိုင်းကတော့ ညနေက ပြပြီးသားကို ပြန်ပြတာပါ။ အခန့်မသင့်လို့ ညနေပိုင်း မကြည့်ဖြစ်တဲ့အခါ ညပိုင်းမှာ စောင့်ကြည့်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲကို ဒီလောက်အချိန်ပေးကြည့်နေလို့ ကျွန်တော်ဟာ ရုပ်ရှင်စွဲလမ်းနေသူတစ်ဦးတော့ မဟုတ်ပါဘူး။ အခု ကိုရီးယားဇာတ်လမ်းတွဲကြည့်ရတဲ့အကြောင်းရင်းက ဇာတ်လမ်းတွဲ ကြည့်ရင်း စဉ်းစားစရာတွေ ရနေလို့ပါပဲ။

ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ တရုတ်ကား၊ ကိုရီးယားကား၊ ကုလားကား၊ ယိုးဒယားကား၊ မလေးရှားကား၊ ဖိလစ်ပိုင်ကား စုံလို့။ အဲဒီကားတွေထဲမှာ တစ်ချိန်ကပြခဲ့တဲ့ ပေါင်ချိန် တရုတ်ကားဆိုရင် လူကြိုက်များတဲ့ ဇာတ်လမ်းတွဲကားတစ်ကားပါ။ စွန်းဝူခုန်းကားကိုလည်း အလားတူပါပဲ။ အဲဒီ အချိန်ကတော့ ရုပ်သံဇာတ်လမ်းတွဲကားတွေကို ပုံမှန်နီးပါးကြည့်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေရော၊ ရုပ်ရှင်ရော လုံးဝ နီးပါး မကြည့်သလောက်လို့ ဆိုရမှာပါ။ မကြည့်ဖြစ်ရတဲ့အကြောင်းတွေ ကတော့ အများကြီးပေါ့။ ဒါပေမဲ့ အခုကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲကတော့ ကြည့်သင့်တယ်ထင်လို့ကို ကြည့်ဖြစ်နေတာပါပဲ။ အခုလိုပြောလို့ တီဗီရုပ်သံလိုင်းနဲ့ ကိုရီးယားဇာတ်လမ်းတွဲကို ကြော်ငြာပေးနေတယ်လို့ မယူဆစေလိုပါဘူး။ အတုယူစရာ၊ တွေးစရာတွေရရှိတာကြောင့် ကြည့် သင့်တယ်လို့ ညွန်းရခြင်းဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲနာမည်က လေချိုဖြန်းတဲ့ ရွှေနန်းတော်ပါ။ လွှင့်တဲ့တီဗီလိုင်း MRTV 4 ကပါ။ အဲဒီဇာတ်လမ်းကို စီးရီးအစကတည်းက ကြည့်မိတာ မဟုတ်ပါဘူး။ ဟိုကြည့်ဒီကြည့်နဲ့ ဒီဇာတ်လမ်းကို ကြည့်မိသွားတာပါ။ နှစ်ရက်သုံးရက်ကြည့်ရင်းကနေ ဇာတ်လမ်းကို သဘောကျမိတာပါ။ 

အဲဒီ ကိုရီးယားဇာတ်လမ်းတွဲကိုကြည့်နေပေမယ့် ဇာတ်လမ်းထဲက ဒယ်ဂျိုဘုရင်ရဲ့သမိုင်းကြောင်းသိလို့ မဟုတ်ပါဘူး။ ဇာတ်လမ်းတွဲကို သဘောကျတာကတော့ ဇာတ်လမ်း၊ ဇာတ်ညွန်း၊ အကြောင်းအရာ၊ သရုပ်ဆောင်မှု၊ တည်းဖြတ်မှု၊ တင်ပြမှုတွေပဲ ဖြစ်ပါတယ်။ အဓိကထား ကြည့်တာကတော့ နိုင်ငံအုပ်ချုပ်မှုပုံစံ၊ ရုပ်ရှင်ရိုက်ကူးမှု၊ သရုပ်ဆောင်မှု တွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒယ်ဂျိုဘုရင် ငယ်ဘဝကနေ အိမ်ရှေ့စံဖြစ်လာပုံ၊ အိမ်ရှေ့စံမှတစ်ဆင့် ဘုရင်ဖြစ်လာတဲ့ ဖြစ်စဉ်တွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဘုရင်ခေတ် နန်းတွင်းဇာတ်လမ်းဆိုပေမယ့် သက်ဦးဆံပိုင်ပုံစံလည်း ပါဝင်နေသလို ဒီမိုကရေစီသဘောတရားတွေ၊ အဆင့်ဆင့်အုပ်ချုပ်မှုပုံစံတွေ၊ အာဏာယှဉ်ပြိုင်မှုတွေ၊ အပြန်အလှန်ထိန်းကျောင်းမှု၊ မတူကွဲပြားမှုကိုလက်ခံနိုင်မှု၊ ပညာရှင်ကိုနေရာပေးမှု၊ ရှင်ဘုရင်ဆိုသော်လည်း လူသားဆန်မှုတွေ တွေ့ရပါတယ်။

နန်းတွင်းဇာတ်လမ်းဖြစ်လို့ ရုပ်ရှင်ထဲက ဒယ်ဂျိုဘုရင်ရဲ့ ဖြစ်စဉ်မှန်၊ မမှန်တော့ မသိပါ။ ဇာတ်လမ်းသဘောအရ၊ ဇာတ်ညွန်းသဘောအရ အမှန်တကယ်ဖြစ်စဉ်ကို လိုတိုး၊ ပိုလျှော့လည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ သို့သော် ကြည့်ရှုသူပရိသတ်ကို Message ပေးနိုင်တာတော့ အမှန်ပါပဲ။

ကျွန်တော်က ရုပ်ရှင်နယ်ပယ်နဲ့ နီးစပ်သူတစ်ဦး မဟုတ်ပါ။ ခံစားကြည့်ရှုသူသက်သက်ဖြစ်ပါတယ်။ ဒီအတွက် ရုပ်ရှင်ရဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်၊ ဇာတ်ညွန်း၊ သရုပ်ဆောင်အမူအရာ၊ တည်းဖြတ်မှု၊ မီးအလင်းအမှောင် စတာတွေကို ပညာရပ်သဘောအရ ရှုမြင်ခြင်းထက် ပရိသတ်တစ်ဦးအနေနဲ့ ဇာတ်လမ်းကြည့်ရှုရင်းရရှိတဲ့ ကြည့်ရှုခံစားသူရဲ့အမြင်သာ ဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားကြည့်ရင် ဇာတ်လမ်းမကောင်းရင်တောင်မှ သရုပ်ဆောင်ကောင်းရင်လည်း ကြည့်ကောင်းပါသေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကလည်းမကောင်း၊ သရုပ်ဆောင်ကလည်း မကောင်းဆိုရင်တော့ ရုပ်ရှင်ကိုခံစားရတာထက် စိတ်ညစ်ရပါတယ်။ တစ်ခါတလေများ စိတ်ညစ်ရတာထက်ပိုပါတယ်။ ကြည့်ရှုသူတွေအတွက် အမှတ်မှားနိုင်တဲ့ အမူအရာတွေ၊ အပြောအဆိုတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေဟာ မသိနားမလည်သေးတဲ့ကလေးများအတွက် အဆိပ်အတောက်ဖြစ်မှာစိုးလို့ စိတ်ညစ်ရပါတယ်။ 

ယခင်ကတော့ ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်ရမယ်လို့ ဆိုပါတယ်။ ဆိုလိုချင်တာကတော့ ဇာတ်သမားတွေဟာ ကြည့်ရှုသူပရိသတ်ကို အသိပညာတွေ၊ ဗဟုသုတတွေ၊ စိတ်ခံစားမှုရသတွေ ပေးနိုင်အောင်ဖျော်ဖြေကြလို့ ဖြစ်ပါတယ်။ ယခင်ကတော့ တကယ်လည်းဖျော်ဖြေနိုင်ခဲ့ကြပါတယ်။ ဇာတ်တော်တွေ၊ ပါဠိတွေ၊ အနက်တွေကအစ အထွေထွေ ဗဟုသုတအဆုံး ပညာခန်း၊ သရုပ်ဆောင်ခန်းတွေကောင်းတဲ့ခေတ်ကို မီခဲ့ဖူးပါတယ်။ ယနေ့ခေတ်တော့ ပေါ်ပင်တွေကိုလိုက်ရင်း အနုပညာရဲ့အနှစ်တွေ ပျောက်ကုန်လာတာ မြန်မာ့အနုပညာလောကအတွက် စိုးရိမ်စရာအခြေအနေလို့ ဆိုရမယ်ထင်ပါတယ်။

ကိုယ်ကိုယ်တိုင်ရဲ့ ဖန်တီးနိုင်စွမ်းတွေ အားနည်းလာတော့ နိုင်ငံတကာ ကရုပ်ရှင်တွေ၊ သရုပ်ဆောင်တွေ၊ အခြားအနုပညာရှင်တွေဆီကနေ အတုယူလာကြပါတယ်။ အတုယူတယ်ဆိုရာမှာလည်း ဘာတွေကို အတုယူကြလည်းဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မှန်ကန်သောအတုယူခြင်းလား၊ လွဲမှားစွာ အတုယူခြင်းလား၊ မည်သည့်ရှုထောင့်က အတုယူသလဲဆိုတာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ စိတ်ဝင်စားမှုအပေါ်မူတည်ပြီး အတုယူမှုများလည်း ကွဲပြားနိုင်ပါတယ်။ 

လူတစ်ယောက်နဲ့တစ်ယောက် အကြောင်းအရာတစ်ခု၊ ကိစ္စရပ်တစ်ခုအပေါ် ရှုမြင်တာ၊ ခံယူတာ၊ အတုယူတာမှာ မတူညီကြ၊ ကွဲပြားကြတာ ရှိပါတယ်။ ဘာကြောင့် တူညီတဲ့အကြောင်းအရာအပေါ် မတူညီတဲ့အမြင်၊ မတူညီတဲ့ခံယူချက် ဖြစ်ရသလဲ။ ကွဲပြားတဲ့ခံယူချက်ဖြစ်ရခြင်းတွေမှာ ရှုမြင်တဲ့ လူတစ်ဦးချင်းစီရဲ့ (၁) ပညာအခံ၊ (၂) စိတ်အခြေခံ၊ (၃) ပတ်ဝန်းကျင် ရဲ့ဂယက်ရိုက်ခတ်မှုဆိုတဲ့ အကြောင်းတရားများပေါ် မူတည်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းတရားပေါ်မူတည်ပြီး အကြောင်းအရာတစ်ခု အပေါ်မှာ တစ်ဦးချင်းစီရဲ့ (အပေါ်ယံသိ၊ အနှစ်သိ) (အကောင်းမြင်၊ အဆိုးမြင်) (အတ္တ၊ ပရ) ဆိုတဲ့ အခြေခံရှုမြင်ချက်နဲ့ ယူဆချက်တွေ ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အကြောင်းအရာတူ၊ ဖြစ်စဉ်တူအပေါ် တစ်ယောက်နဲ့တစ်ယောက် အမြင်ကွဲပြား၊ အယူအဆကွဲပြား၊ ခံယူချက်လည်းကွဲပြားပြီး အတုယူတာတွေလည်း ကွဲပြားကြတာကို တွေ့ရပါတယ်။ အတုယူတဲ့အခါ မှာ အခြေခံခံယူချက်မတူတာရယ်၊ ပတ်ဝန်းကျင်အခြေအနေရဲ့ လှုံ့ဆော်မှုတွေကြောင့် အနှစ်သာရကို အတုယူသူများရှိသလို အကာကိုသာ အတုယူ ကြသူများရယ်လို့ ကွဲပြားလာကြပါတယ်။ 

ဥပမာ - နိုင်ငံခြားရုပ်ရှင်သရုပ်ဆောင်တစ်ဦးကို အတုယူရာမှာ တချို့က ယင်းရဲ့သရုပ်ဆောင်မှုပညာတွေကို အတုယူကြပေမယ့် တချို့ကျ အနောက်တိုင်းစတိုင် ဝတ်စားဆင်ယင်မှုကိုသာ အတုယူကြတာ ရှိပါတယ်။ အခြား နိုင်ငံများက နာမည်ကြီးများရဲ့ ယဉ်ကျေးမှုတွေကို အတုယူတယ်ဆိုရာမှာလည်း မိမိတို့အတုယူတဲ့အချက်တွေကို မိမိကိုယ်တိုင်နဲ့ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံယဉ်ကျေးမှု၊ အကျင့်စရိုက်များနဲ့ ကိုက်ညီဖို့၊ အကျိုးပြုဖို့ လိုအပ်ပါတယ်။ အနောက်နိုင်ငံက အဖော်အချွတ်တွေ (ကန်တော့ပါရဲ့) ဝတ်တိုင်း မိမိလည်း နာမည်ကြီးချင်တိုင်း အတုယူဝတ်လို့ မရနိုင်ပါဘူး။ ခေတ်မီတယ် ဆိုတာ အခြားနိုင်ငံက နာမည်ကြီးတွေလုပ်သမျှကို လိုက်လုပ်တာကို ခေတ်မီတယ်လို့ မဆိုနိုင်ပါဘူး။ အသိနှင့်ယှဉ်သော အတုယူခြင်းမျိုး ဖြစ်သင့်ပါတယ်။

ဂရိသင်္ချာပညာရှင် အာခိမီးဒိရဲ့ ဖြစ်စဉ်ကို အတုယူသည်ဆိုပါစို့။ ရွှေပန်းထိမ်ဆရာက ဘုရင်ဖြစ်သူကို ရွှေသရဖူဆက်တော့ ဒီသရဖူထဲမှာ အခြားသောသတ္တုတွေပါ မပါ အာခိမီးဒိကို စစ်ဆေးစေပါတယ်။ ဘုရင်မင်းမြတ်ရဲ့ သရဖူဖြစ်နေတော့ အရည်ကျိုပြီး စစ်လို့ကလည်းမရ၊ ချိုးဖဲ့ပြီး စစ်ကြည့်လို့ကလည်းမရနဲ့ အတော်အခက်တွေ့တယ်လို့ဆိုပါတယ်။ အာခိမီးဒိ ဟာ နည်းလမ်းအမျိုးမျိုး စဉ်းစားအဖြေရှာပေမယ့် မရဘူးလို့ဆိုပါတယ်။ ဒီလိုနဲ့ အာခိမီးဒိဟာ စဉ်းစားရင်းနဲ့ ရေချိုးဖို့ ရေကန်ထဲကို ဆင်းလိုက်တဲ့ အချိန်မှာ ကန်ထဲကရေတွေ အပြင်ကိုလျှံကျသွားရာကနေ သူ့ရဲ့နာမည်ကျော် အာခိမီးဒိနိယာမကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အာခိမီးဒိဟာ အဲ့ဒီအချိန် တုန်းက ပျော်လွန်းလို့ “တွေ့ပြီ” “တွေ့ပြီ” လို့အော်ဟစ်ပြီး ဝမ်းသာလွန်းလို့ လမ်းပေါ်ကို အဝတ်အစားမပါပဲ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ထူးချွန်ထက်မြက်တဲ့ သင်္ချာပညာရှင်ကို အတုယူရာမှာ သူ့ရဲ့ ဉာဏ်ပညာကြီးမှု၊ စဉ်းစားတွေးခေါ်မှု၊ ကြိုးစားအားထုတ်မှု၊ အလုပ်အပေါ် အလေးထားမှုတွေကို အတုယူမလား၊ အဖြေရှာတွေ့လို့ အဝတ်မပါပဲ ထွက်ပြေးတာကို အတုယူမလားဆိုတာ အထက်မှာဆိုခဲ့သလို ခံယူသူရဲ့ စိတ်ဓာတ်၊ ပညာ၊ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုအပေါ် မူတည်ပြီး အနှစ်သာရအပေါ် အတုယူခြင်းနဲ့ အကာအပေါ်အတုယူခြင်း ကွဲပြားသွားပါလိမ့်မယ်။ အတုယူတတ်မယ်ဆိုရင် ကိုယ့်အတွက် မပင်မပန်းရမယ့် အကျိုးကျေးဇူးတွေ အများကြီးပါ။ အနှစ်ယူသူနဲ့ အကာယူသူသာ ကွာခြားသွားမှာပါ။

ယခုလည်း ကိုရီးယားဇာတ်လမ်းတွဲကြည့်ရင်း ဪ ... သူတို့မှာ ဘုရင်စနစ်၊ သက်ဦးဆံပိုင်စနစ်သာဆိုတယ် ဒီမိုကရေစီသဘောတရားတွေ၊ အပြန်အလှန်ထိန်းကျောင်းမှုတွေ၊ လူမှန်နေရာမှန်ထားရှိမှုတွေ စတဲ့ ခေတ်မီတဲ့ အယူအဆတွေနဲ့ အုပ်ချုပ်ခဲ့တာပါလား၊ ဒါကြောင့်လည်း သူတို့နိုင်ငံတွေ ဒီလောက်တိုးတက်တာကိုးလို့ တွေးမိပါတယ်။ ဇာတ်လမ်းကိုလည်း ပရိသတ်ကိုဆွဲဆောင်နိုင်အောင် ရိုက်တတ်လိုက်တာ၊ သရုပ်ဆောင်တတ်လိုက်တာလို့လည်း တွေးမိပါရဲ့။

ဒါနဲ့ ဇာတ်လမ်းတွဲပြတဲ့အချိန်မှာ ဇနီးဖြစ်သူကို ဒီဇာတ်လမ်းကို ကြည့်သင့်ကြောင်း၊ အုပ်ချုပ်မှုပုံစံတွေမှာ အတုယူစရာများပါကြောင်း၊ သရုပ်ဆောင်များလည်းကောင်းကြောင်း၊ သူတို့ရဲ့မျက်နှာသရုပ်ဆောင်တာကို ကြည့်လိုက်တာနဲ့ သူတို့ရဲ့စိတ်ကို ခန့်မှန်းနိုင်တဲ့အထိ သရုပ်ဆောင် ကောင်းကြောင်း၊ ရုပ်ရှင်ကြည့်ပါက ဒါမျိုးတွေကို ကြည့်ဖို့လိုကြောင်း၊ ကလေးတွေကိုလည်း ဒါမျိုးပြဖို့လိုကြောင်းပြောတဲ့အခါ ဇနီးဖြစ်သူက ကျွန်တော့်ကို ခဏလောက် စိုက်ကြည့်ပြီး ခေါင်းတယမ်းယမ်းနဲ့ ထွက်သွားပါတယ်။ ကျွန်တော် ကျွဲမြီးတိုသွားပါတယ်။ ဇနီးဖြစ်သူကိုတောင် ပြောမရတာ ဆက်မပြောရုံပေါ့။ ဒါကြောင့် ဆောင်းပါးပဲ ရေးလိုက်ပါတယ်။

သိန်းထွန်း (IR)