POST TYPE

PERSPECTIVE

ထိုင်ခုံနေရာ = ကိုယ်ကျင့်သိက္ခာ
08-Feb-2019



လူသည် လူ့အကျင့်ကိုကျင့်ရသည်။ လူဖြစ်ပါလျက် လူ့အကျင့်ကို မကျင့်လျှင် လူဟုမမည်။ လူထဲတွင်မှ ဘယ်လိုလူလဲ ဆိုသည်ကို အလုပ်အကိုင်နှင့် ရာထူးတာဝန်တို့က ဆက်လက်ပြဋ္ဌာန်းပေး သည်။ ထို့ထက် အလုပ်နှင့်လျော်ညီသော “အရည်အချင်း”၊ တာဝန်နှင့် လျော်ညီသော “ကျင့်ဝတ်စောင့်သိမှု” တို့က ထိုလူတစ်ယောက်၏ ဂုဏ်သိက္ခာကို ပို၍လေးနက်စွာ အထူးပြုပေးပြန်သည်။ သို့ဖြင့် “ထိုင်ခုံနေရာ” နှင့် “ကိုယ်ကျင့်သိက္ခာ” သည် အချိုးကျဆက်စပ်မှု ရှိလာတော့သည်။

ထိုင်ခုံ၊ နေရာတို့၏ ထိုက်တန်မှု

ထိုင်ခုံဆိုသည်မှာ မိမိ၏ရာထူး Positions ကို ဆိုလိုပြီး နေရာဆိုသည်မှာ မိမိအလုပ်အကိုင်နှင့် တစ်ဆက်တည်းဖြစ်သော လုပ်ငန်းနယ်ပယ်ကို ပြောလိုခြင်းဖြစ်ပါသည်။ 

လူသည် မိမိရရှိထားသောရာထူး၊ မိမိရောက်ရှိနေသော နယ်ပယ်နှင့် မိမိတွင်ရှိသောပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံတို့မှာ ကိုက်ညီမှုရှိဖို့လိုအပ်သည်။ စာသင်နေသော ကျောင်းဆရာတစ်ယောက်ကို ဆေးရုံပေါ်ခေါ်တင်ပြီး ဆရာဝန်လုပ်ခိုင်းလို့ မရသလို၊ ဆရာဝန်တစ်ယောက်ကို တံတားဆောက်ခိုင်းဖို့ ဆိုသည်မှာလည်း မဖြစ်နိုင်။ အင်ဂျင်နီယာတစ်ယောက်ကို သေနတ်ကိုင်ပြီး စစ်တိုက်ခိုင်းဖို့မသင့်တော်သလို စစ်သားတစ်ယောက်ကို မြေဖြူကိုင်ပြီး စာသင်ခိုင်းခြင်းကလည်း မဖြစ်သင့်ပေ။ ဒါက လူမှန်နေရာမှန် ထားရှိရမည့်ကိစ္စဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံတစ်ခုအဖြစ် ထိုးဆင်းသွားရသည်မှာ နိုင်ငံရေးအပါအဝင် နယ်ပယ်အသီးသီးတွင် “လူမှန်နေရာမှန်မဖြစ်မှု”က အရေးကြီးသောအချက်တစ်ခုအဖြစ် လေ့လာတွေ့ရှိရသည်။

အရည်အချင်းနှင့် ရယူထားသော “ရာထူး” ၏ ကိုက်ညီမှုရှိခြင်း မရှိခြင်းကလည်း အရေးကြီးသည်။ ရာထူးတာဝန်တစ်ခုကို ရယူတော့မည်ဆိုလျှင် မိမိ၏အရည်အချင်းနှင့် ကိုက်ညီမှု ရှိမရှိကို စိစစ်ပြီး မကိုက်ညီလျှင် လက်မခံသင့်ပေ။ သို့သော် ဒီလိုလူမျိုးကတော့ အတော်ရှားပါးသည်။ အများစုက အရည်အချင်းကိုဖြည့်ဆည်းဖို့ထက် ရာထူးကို ဘယ်လိုရအောင် ယူမလဲဆိုတာကိုသာ အဓိကထား စဉ်းစားကြသည်။ လက်ရှိ ရာထူးရရှိထားသူများကလည်း မိမိတို့နှင့် ပတ်သက်ရာပတ်သက်ကြောင်းဖြစ်သော လူများ၊ မိမိတို့၏ဩဇာခံမည့်လူများကိုသာ ရာထူးနေရာအတွက် စဉ်းစားကြသည်။ အရည်အချင်းဟူသော အရေးကြီးသည့်အချက်ကို ထည့်မတွက်။ ဤသို့ဖြင့် အဖွဲ့အစည်းများ၏ ကျရှုံးခန်းကို မြင်တွေ့ရလေ့ရှိသည်။

တကယ်တမ်းကျတော့ “ရာထူး” ဆိုသည်မှာ အလုပ်လုပ်ရမည့် “တာဝန်” သာဖြစ်သည်။ အလုပ်လုပ်ဖို့ စေခိုင်းခံရခြင်းသာဖြစ်ပါသည်။ “လုပ်ပိုင်ခွင့်” ဆိုသည်မှာ ဘယ်ရွေ့ဘယ်မျှထိ လုပ်ရမည်ဆိုသည်ကို ကန့်သတ်ပေးထားသော “ဘောင်” ဖြစ်သည်။ တာဝန်ကို လုပ်ပိုင်ခွင့်လို့ထင်၊ ရာထူးကို အာဏာလို့ထင်နေကြလျှင် အကုန်လွဲကြလိမ့်မည်။ သတ်မှတ်ချက်လွဲရာမှတစ်ဆင့် လုပ်ရပ်တွေလွဲကုန်သည်။ လုပ်ရပ်အလွဲများဖြင့် အသားကျလာသောအခါ သတ်မှတ်ချက်အလွဲတွေသည်ပင် အစဉ်အလာ လုပ်ရိုးလုပ်စဉ်လိုဖြစ်ကုန်ကြသည်။ ဤသို့ဖြင့် ဓလေ့ရိုးရာအလွဲများဖြင့်သာ လုံးထွေးရစ်ပတ်နေကြတော့သည်။

“နေရာ”ကိုလည်း သိဖို့လိုသည်။ နေရာဆိုသည်မှာ အလုပ်နှင့် ဆက်စပ်နေသော နယ်ပယ်ကို ဆိုလိုသည်။ မိမိအလုပ်နယ်ပယ်မှာ နိုင်ငံရေးလား၊ လူမှုရေးလား၊ ကျန်းမာရေးလား၊ အနုပညာလား၊ ဘာသာရေးလား၊ ပရဟိတလား ဆိုသည်ကို ကွဲကွဲပြားပြား နားလည်နိုင်ကြဖို့လည်း လိုပါသေးသည်။ သို့မဟုတ်လျှင် နိုင်ငံရေးက ဘာသာရေးနှင့်ရောသည်။ အနုပညာက နိုင်ငံရေးနှင့်ရောပြီး ဘာသာရေးက ပရဟိတပုံစံတွေဖြစ်ကုန်ပြန်သည်။ ကိုယ့်နယ်မှာ ကိုယ်နေတာ အကောင်းဆုံးဖြစ်ပါသည်။ သို့အတွက် ကိုယ့်နယ်ပယ်က ဘာလဲဆိုတာကိုတော့ သိသင့်သည်။ ကိုယ့်နယ်ပယ်နှင့်ပတ်သက်သော အရည်အချင်းနှင့် စိတ်စေတနာကို ဖြည့်ကျင့်ရပေမည်။ 

ကိုယ်ကျင့်၊ သိက္ခာ 

ကိုယ်ကျင့်တရားဆိုသည်မှာ သက်ဆိုင်ရာ အလုပ်၊ တာဝန်၊ နေရာကို ရရှိထားသူများအနေနှင့် မဖြစ်မနေစောင့်ထိန်းအပ်သော ကျင့်ဝတ်ပင်ဖြစ်သည်။ သို့နှင့်တိုင် “ကျင့်ဝတ်”ဆိုသည်မှာ ဥပဒေကဲ့သို့ အာဏာတည်သော ထုတ်ပြန်ချက်များမဟုတ်သောကြောင့် လက်တွေ့နယ်ပယ်တွင် မလိုက်နာလည်း ပြဿနာတော့မရှိနိုင်။ ထို့ကြောင့် ကျင့်ဝတ်ကို သိက္ခာနှင့်တွဲခြင်းဖြစ်သည်။ ကျင့်ဝတ်စောင့်သူသည် သိက္ခာရှိပြီး ကျင့်ဝတ်မစောင့်သူသည် သိက္ခာမဲ့သူသာဖြစ်လေသည်။ သို့တိုင် “သိက္ခာ”ကို “ရိက္ခာ”နှင့် လဲလှယ်သူများကြောင့် သိက္ခာအဓိကလား၊ ရိက္ခာအဓိကလားဆိုသော မေးခွန်းကလည်း ပေါ်လာပြန်သေးသည်။ ကိုယ်ကြိုက်တာကိုသာ ရွေးချယ်ပါဟု ပြောလိုသည်။ ကိုယ်ရွေးချယ်မှုသည်သာ ကိုယ့်ဂုဏ်သိက္ခာ ဖြစ်ပါလိမ့်မည်။ ကိုယ့်သမိုင်းလည်းဖြစ်ပါလိမ့်မည်။

မီဒီယာသမားတွင် မီဒီယာကျင့်ဝတ် ရှိရသလို ဆရာဝန်တွင် သမားတော်ကျင့်ဝတ်ရှိသည်။ တရားသူကြီးမှာကျင့်ဝတ်ရှိသလို ရဲတပ်ဖွဲ့မှာလည်း ကျင့်ဝတ်ဆိုတာ ရှိသည်။ စီးပွားရေးသမားမှာ ထည့်တွက်ရမည့် ကျင့်ဝတ်ဆိုတာရှိသလို နိုင်ငံရေးသမားတွေမှာလည်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များရှိသည်။

ဆရာဝန်ဖြစ်ပြီး ဆရာဝန်ကျင့်ဝတ်ကို မစောင့်ထိန်းလျှင် သမားဂုဏ် မထိုက်။ မီဒီယာသမားက မီဒီယာကျင့်ဝတ်ကိုမစောင့်ထိန်းလျှင် မီဒီယာမမည်။ တရားသူကြီးက ဖြောင့်မှန်သောကျင့်ဝတ်ကို မစောင့်စည်းလျှင် တရားသည်ဟုမဆိုသာ။ ပရဟိတလုပ်သူက စိတ်စေတနာ ခေါင်းပါးနေလျှင် ကျင့်ဝတ်မဲ့ “ပြစား”သူသာဖြစ်နေလိမ့်မည်။

“ကျင့်ဝတ်”နှင့် “အရည်အချင်း”က “သိက္ခာ”ကို ပြဋ္ဌာန်းသည်။ ထို့ကြောင့် သိက္ခာဆိုသည်မှာ လူတစ်ယောက်၏ ကျင့်ဝတ်နှင့် အရည်အချင်းသာဖြစ်ပါသည်။ မိမိတို့လုပ်ကိုင်နေသော အလုပ်အကိုင်၊ ရာထူး၊ လုပ်ငန်းနယ်ပယ်နှင့်ပတ်သက်ပြီး မိမိတို့အနေနှင့် မည်မျှအရည်အချင်း ပြည့်စုံပါသနည်း။ မည်မျှကျင့်ဝတ်လိုက်နာမှု ရှိပါသနည်းဆိုသော မေးခွန်း၏အဖြေမှာ မိမိ၏ဂုဏ်သိက္ခာကို ဖော်ညွှန်းပါသည်။ ဂုဏ်သိက္ခာ ရှိခြင်း မရှိခြင်း ဆိုသည်မှာ အရှက်အကြောက်တရား ရှိခြင်း မရှိခြင်းနှင့်လည်း သက်ဆိုင်သည်။ အရှက်အကြောက်မရှိသူသည် ဂုဏ်သိက္ခာကိုလည်း တန်ဖိုးထားမည် မဟုတ်သလို ရှိလာအောင်လည်း ကြိုးစားမည်မဟုတ်ပေ။ ထိုင်ခုံနေရာနှင့် မိမိ၏အကျိုးခံစားခွင့်ကိုသာ ကြည့်တတ်သောသူတို့သည် အရည်အချင်းကိုလည်း ဂရုမစိုက်၊ ကျင့်ဝတ်ကိုလည်း နားမလည်၊ သိက္ခာဆိုတာကို အဝေးကြီးမှာ လွှင့်ပစ်ထားတတ်သည်။ ဤသို့ဖြင့် လေးစားလောက်စရာမရှိသော၊ ဂုဏ်သိက္ခာကင်းမဲ့သော အဖွဲ့အစည်းများသာ ဖြစ်လာတတ်ပေသည်။

အချုပ်ဆိုရလျှင် မတန်တာကိုမယူဖို့၊ ဘယ်အရာကိုမှ အလကားမလိုချင်ဖို့ ဟူသောအသိကို စွဲမြဲစွာ သိရှိလိုက်နာစောင့်ထိန်းကြဖို့လိုသည်။ ထိုင်ခုံ၊ နေရာဟူသည် ထိုက်တန်မှုရှိဖို့လိုသည်။ ထိုင်ခုံနေရာနှင့်ထိုက်တန်သော လုပ်ရည်ကိုင်ရည်၊ စိတ်စေတနာနှင့် ကျင့်ဝတ်သိက္ခာရှိဖို့ လိုအပ်ပါသည်။ ထိုက်တန်သောအရည်အချင်းလည်း မရှိ၊ အောင်မြင်မှုရအောင်လည်း မစွမ်းဆောင်နိုင်၊ စောင့်ထိန်းအပ်သောကျင့်ဝတ်များကိုလည်း မျက်ကွယ်ပြုခဲ့ပါက မည်သို့မျှ ဂုဏ်သိက္ခာရှိနိုင်တော့မည်မဟုတ်ပေ။ ကိုယ်ကျိုးစီးပွားထက် ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထားသော လူ့အသိုင်းအဝိုင်းကိုပုံဖော်ဖို့ လိုအပ်ပါသည်။ ထို့အတွက် ကျင့်ဝတ်နှင့်သိက္ခာကို တန်ဖိုးထားကြဖို့ အရေးကြီးသည်။ ထိုင်ခုံနေရာနှင့် ကိုယ်ကျင့်သိက္ခာကို အချိုးညီ ပေါင်းစပ်နိုင်ကြဖို့ တိုက်တွန်းလိုပါသည်။

ဝင်းကို