News

POST TYPE

PERSPECTIVE

အဝေးသင် နှစ်ကြိမ်တက်ရမည်ကိုကန့်ကွက်ကြောင်း “ဖဲကြိုးနီလှုပ်ရှားမှု” စတင်
17-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၁၇

အဝေးသင် ဝိဇ္ဇာဘာသာရပ်အထူးပြု ကျောင်းသားများ အနီးကပ်နှစ်ကြိမ်တက်ရမည်ကို ကန့်ကွက်ကြောင်း “ဖဲကြိုးနီလှုပ်ရှားမှု” လူမှုကွန်ရက်တွင် ယနေ့ စတင်ပြုလုပ်နေကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ (အဝေးသင်) ကိုထူးမင်းသော်က ပြောသည်။

ကန့်ကွက်ကြောင်း ဖဲကြိုးနီလှုပ်ရှားမှုကို လတ်တလောစုစည်းမိသည့် ကျောင်းသား ၂၀ ကျော်ဖြင့် ယနေ့ ညနေပိုင်းတွင် စတင်ပြုလုပ်ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးမှ အဝေးသင်ကျောင်းသားများအနေနှင့်လည်း မိမိသဘောဆန္ဒအရ ကန့်ကွက်လိုလျှင် ယခုလှုပ်ရှားမှုတွင်ပါဝင်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတာဖြစ်ပါတယ်။ ပုံမှန်အတိုင်း တစ်နှစ် အနီးကပ် ၁၀ ရက်၊ တစ်ကြိမ်ခွင့်ယူဖို့တောင် အလုပ်ရှင်က ငြိုငြင်တာရှိပါတယ်။ ဒါပေမဲ့ တစ်နှစ်မှတစ်ခါဆိုတော့ အဆင်ပြေသေးတယ်။ အခု နှစ်ခါဆိုတော့ အဆင်ပြေဖို့ အလားအလာ နည်းပါတယ်။ အဆင်မပြေပါဘူး”ဟု အဝေးသင် မြန်မာစာ အထူးပြုကျောင်းသား ကိုထူးမင်းသော်က ပြောသည်။

အဝေးသင်၏ ရည်ရွယ်ချက်မှာ နေ့စဉ် ကျောင်းတက်ရန်ခက်ခဲသူများအတွက်ဖြစ်ပြီး ယခုပြောင်းလဲမှုသည် မူလရည်ရွယ်ချက်ကို တိုက်ရိုက်ချိုးဖောက်နေကြောင်း၊ အဝေးသင်ကျောင်းသားများတွင် နိုင်ငံ့ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ၊ ကုမ္ပဏီဝန်ထမ်းများ၊ နိုင်ငံတကာရောက် ရွှေ့ပြောင်းလုပ်သား များစွာပါဝင်နေပြီး ပြောင်းလဲမှုကြောင့် ခွင့်ရက်ပြဿနာနှင့် လူမှုဘဝများကို ထိခိုက်မည်ဖြစ်၍ အပြင်းအထန် ကန့်ကွက်ကြောင်း ၎င်းက ပြောဆိုသည်။

အချို့သော အဝေးသင် လူမှုကွန်ရက်စာမျက်နှာများကလည်း ယင်းသို့ပြောင်းလဲမှုနှင့်ပတ်သက်၍ အဆင်ပြေမှု ရှိ၊ မရှိ သဘောစစ်တမ်းများ ကောက်ယူနေသည်။ အများစုမှာ အဆင်ပြေမှုမရှိကြောင်း သဘောထားမှတ်ချက်ပေးသကဲ့သို့ ဗုတ်တင်စနစ်တွင်လည်း ပါဝင်ကာ ကန့်ကွက်ကြောင်း သဘောထားမှတ်ချက်ပေးထားကြသည်။

ဖဲကြိုးနီလှုပ်ရှားမှုကို တစ်နိုင်ငံလုံးရှိ အဝေးသင် ကျောင်းသားများထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိပြီးလျှင် သဘောထားလက်မှတ်ကောက်ကာ ပညာရေးဝန်ကြီးဌာနသို့ ကန့်ကွက်ကြောင်း စာပေးပို့မည်ဖြစ်ပြီး ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုထူးမင်းသော်က ပြောဆိုသည်။

ယခုနှစ်မှစ၍ ဝိဇ္ဇာဘာသာရပ်အထူးပြု အဝေးသင်ကျောင်းသားများအနေနှင့် မေလတွင် ၅ ရက် အနီးကပ်တစ်ကြိမ်၊ အောက်တိုဘာ၊ နိုဝင်ဘာတွင် ၅ ရက်တစ်ကြိမ်စီဖြင့် စုစုပေါင်းနှစ်ကြိမ် တက်ရမည်ဖြစ်ကြောင်း ပညာရေးဌာနက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အတည်ပြု ထုတ်ပြန်ထားသည်။

J-02