News

POST TYPE

PERSPECTIVE

ဧရာဝတီတိုင်းအတွင်း ဆင်ခြေထောက် ရောဂါကာကွယ်ဆေး ထပ်တိုက်မည်
17-Jan-2019

ပုသိမ်၊ ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းအတွင်း၌ ၆ ကြိမ်မြောက်အဖြစ် အိမ်တိုင်ရာရောက် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၂၁ ရက်မှ ၃၁ ရက်နေ့အထိ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ယင်းတိုင်းပြည်သူ့ကျန်းမာရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

၁၉၉၇ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြိမ် (၅၀) မြောက် ညီလာခံမှ ဆုံးဖြတ်ချက်အရ “၂၀၂၀ ခုနှစ်တွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး”ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားသည်။

“ဆေးတိုက်ကြွေးခံရမယ့်သူတွေက အခြားရောဂါရှိတယ်။ မူးမော်တတ်တယ်ဆိုရင် လိုအပ်တဲ့ဆေးနဲ့တွဲပြီး တိုက်လို့ရတယ်။ ထူးခြားဖြစ်စဉ်အတွက်လည်း စီစဉ်ထားပါတယ်။ ငါးနှစ်တာကာလအတွင်း ဆေးသောက်လို့ ဘေးဖြစ်တာ မရှိခဲ့ဘူး။ အားလုံး ယုံယုံကြည်ကြည် သောက်ပါ။ အာမခံပါတယ်”ဟု ဧရာဝတီတိုင်းပြည်သူ့ ကျန်းမာရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ဇော်ဦးက ပြောဆိုသည်။

ပြည်သူများအားလုံးကို ဆေးတိုက်ကျွေးခြင်းအား တစ်နှစ်လျှင်တစ်ကြိမ်အဖြစ် ငါးနှစ်ဆက်တိုက် အနည်းဆုံး တိုက်ကျွေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၌ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်နေသည့် ပြည်နယ်နှင့် တိုင်း ၁၂ ခုတွင် ဧရာဝတီတိုင်းလည်း အပါအဝင်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ဧရာဝတီတိုင်းအတွင်း၌ ၂၀၁၃ မှ ၂၀၁၈ ခုနှစ်အထိ ငါးနှစ်အတွင်း ၅ ကြိမ်မြောက် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတိုက်ကြွေးပြီးနောက် ဆင်ခြေထောက်ရောဂါလက္ခဏာရှိသူ “ လူတစ်ထောင်တွင် လူတစ်ဦးအောက်သာ စစ်ဆေးတွေ့ရှိသောကြောင့် ၂၀၂၀ ခုနှစ်၌ ဆင်ခြေထောက်ရောဂါ ကင်းစင်ဒေသအဖြစ် သတ်မှတ်နိုင်တော့မည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

R-12