News

POST TYPE

PERSPECTIVE

တောင်းပန်ခြင်း အနုပညာ
11-Jan-2019


လူသားတိုင်း မှားတတ်ကြပါသည်။ သို့ဖြစ်၍လည်း မမှားသောရှေ့နေ မသေသောဆေးသမားရယ်လို့ ဆိုခဲ့ကြသည်။ ခဲတံ၏ထိပ်တွင် အဖျက်တစ်ခု တပ်ဆင်ပေးထားသည်မှာ မှားတတ်သည့်သဘောကို ပြဆိုနေခြင်းဖြစ်သည်။ သို့ဖြစ်၍ အမှားနှင့်ကင်းသည်ဟူ၍ မရှိ။ များများ အလုပ်လုပ်ရသောသူသည် အမှားများများ တွေ့နိုင်သည်ဟု ဆိုသည်။ ထိုအမှားအတွက် တောင်းပန်တတ်ခြင်းသည် မြန်မာ့ဓလေ့ထုံးစံပင် ဖြစ်သည်။

ပြောစရာတော့ရှိသည်။ အချို့လူတို့သည် မိမိအမှားကိုပင် မှားမှန်းမသိ။ အမှန်တရားဟုထင်မြင်ကာ မိမိ၏အယူအဆထင်မြင်ချက်ကို တစ်ထစ် ကလေးမှ မလျော့ဘဲလုပ်နေတတ်ကြသည်။ အချို့ကား မှားမှန်းသိလျက်ပင် အမှားကို ဝန်မခံတတ်။ ပို၍ဆိုးသည်ကား အမှားကို စေတနာဖြင့် ထောက်ပြ သူကိုပင် ရန်သူသဖွယ် မှတ်ယူနေခြင်းပင် ဖြစ်သည်။ စင်စစ်အမှားသည် အချိန်မရွေး နေရာမရွေးဖြစ်နိုင်ရာ မိမိအမှားအတွက် မိမိကိုယ်တိုင် တာဝန်ယူရမည်သာဖြစ်သည်။ မိမိတာဝန်ကို မိမိသိသောသူများသည် မိမိအမှား အတွက်တောင်းပန်ရန် ဝန်မလေးတတ်ကြပေ။ တောင်းပန်ခြင်းအတွက် ယနေ့ခေတ် လူကြီးလူငယ်မရွေး လွယ်လွယ်ကူကူပင် သုံးနှုန်းတတ်သည်မှာ “Sorry ပါ” ဆိုသည့်စကားပင်ဖြစ်သည်။ မြန်မာစကား “ဝမ်းနည်းပါတယ်” နှင့် ထပ်တူသုံးနှုန်းထားခြင်းပင် ဖြစ်သည်။

မြန်မာတို့၏ ဓလေ့ထုံးတမ်းတွင် တောင်းပန်ခြင်းသည် လူမှုအစုအဖွဲ့ အလွှာအသီးသီးတွင် ပါဝင်သည်။ မြတ်စွာဘုရားနှင့် သံဃာအပေါ် ဝန်ချတောင်းပန်ခြင်းမှစ၍ မိဘဆရာ၊ ညီအစ်ကိုမောင်နှမ၊ အိမ်ထောင်ဖက်၊ အဆွေခင်ပွန်း၊ လူကြီးလူငယ်ပုံစံမျိုးတွင် ပြုလုပ်လေ့ရှိကြတယ်။ ကြီးသူကိုစော်ကားမိလျှင် ကံကြီးထိုက်တတ်သည်ဟူသော ယုံကြည်မှုဖြင့် ဘုရား၊ ရဟန်း၊ သံဃာ၊ မိဘ၊ ဆရာနှင့် ကျေးဇူးရှိသူများအပေါ် ကာယကံ၊ ဝစီကံ၊ မနောကံတို့ဖြင့် ပြစ်မှားကျူးလွန်မိသည်များကို ရှိခိုးတောင်းပန် လေ့ရှိလေသည်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် လုပ်မှား၊ ကိုင်မှား၊ စီမံခန့်ခွဲမှုအမှားများကြောင့် ရှေ့မတိုးနိုင်ဘဲ အကြိမ်ကြိမ်အခါခါ နောက်ပြန်လိမ့်ခဲ့ဖူးသည်။ ယင်းအမှားများကို ကျူးလွန်ခဲ့သူများသည် “ငါပြောအဟုတ်၊ ငါလုပ်အမှန်၊ ငါကြံလျှင်မြောက်၊ ငါလောက်မတော်” ဟူသည့် အတ္တစိတ်လွန်ကဲနေသူ များပင်ဖြစ်သည်။ ယင်းအတ္တစိတ်ကြောင့်ပင် မှားနေသည်ကို ထောက်ပြ၍မရ ပြင်ပေး၍မရ။ မိမိအားထောက်ပြသူကိုပင် ရန်သူသဖွယ် သဘောထားကာ မခံချင်စိတ်ပြင်းပြသွားတတ်သည်။ တစ်ချိန်တည်းတွင် မိမိမှန်ကန် ကြောင်းကို မည်သို့ကာကွယ်ရမည်နည်းဆိုသည့်စိတ် (Defensive) ပင် ဖြစ်သွားတတ်ကြပါသည်။ လေးစားစံပြုအပ်သည့် အကျင့်ကောင်းတော့ မဟုတ်နိုင်ပေ။

လောကတွင် အကောင်းမြင်စိတ်နှင့် အမှားကို ဝန်ခံတတ်ခြင်းသည် မြင့်မြတ်သောစိတ်ထားပင်ဖြစ်သည်။ သို့သော်ငြား ယင်းတို့သည် လူတိုင်း မွေးမြူနိုင်ရန်ခက်သည်။ အကြောင်းမှာ မိမိထက်တော်သူကို နေရာမပေးချင်ပါ။ တော်သည်တတ်သည်ဟု မချီးမွမ်းနိုင်ကြသေးပါ။ ပေါ်ပေါ်ထင်ထင် အသိအမှတ်မပြုလိုကြသေးပါ။ ထို့ပြင် မိမိ၏အမှားကို မိမိကိုယ်တိုင် ဝန်မခံရဲခြင်းပင်ဖြစ်သည်။ ထို့ပြင် မိမိ၏မှားယွင်းမှုအတွက် တာဝန်ယူမှု တာဝန်ခံမှု စနစ်အားနည်းနေသောအခါ စံပြုထိုက်သောအပြုအမူ ဆောင်ရွက်မှုများ၊ ပြယုဂ်ကောင်းများ ရှားပါးနေခြင်းပင်ဖြစ်သည်။

တောင်းပန်ခြင်းနှင့် တွဲလျက်ရှိနေသည့်အရာမှာ ခွင့်လွှတ်ခြင်းပင် ဖြစ်သည်။ မြန်မာလူမျိုးတို့သည် ခန္တီစ၊ သည်းခံခြင်းသည် အရာရာကိုအောင်မြင်နိုင်သည်ဟု ယုံကြည်ကြသည်။ သို့သော် သည်းခံနိုင်မှုစွမ်းရည်များ၊ အဆမတန်ကျဆင်းနေသည်ကို နိစ္စဓူဝတွေ့ကြုံရသည့်ဖြစ်ရပ်တိုင်းတွင် ထင်ဟပ်နေသည်သာဖြစ်သည်။ ဆိုရလျှင်သားအဖချင်း၊ လင်မယားချင်း၊ ရင်းနှီးသည့်သူငယ်ချင်း အချင်းချင်းပင် အသေးအဖွဲကိစ္စမှစ၍ အချင်းများကာ အသက်သေဆုံးသည်အထိ သတိလက်လွတ်ဖြစ်နေကြလေသည်။ သည်းခံနိုင်မှု အဆုံးစွန်ထိ ကျဆုံးနေသည်ကို တွေ့ကြရလေသည်။ အဓိကအကြောင်းရင်းမှာ ခွင့်လွှတ်နိုင်မှုစိတ်ကို မမွေးမြူနိုင်သောကြောင့်ပင်ဖြစ်သည်။ သို့ဖြစ်၍လည်း လောကတွင် မပြေလည်မှုများ မကျေနပ်မှုများ လွန်ကဲပြင်းထန်ကာ မသာယာသောလုပ်ငန်းခွင်အတွင်း အသက်မွေးဝမ်းကျောင်းအမှုပြုနေကြသည်သာဖြစ်သည်။

တောင်းပန်တတ်ခြင်းသည် ယဉ်ကျေးသောသူတို့၏ အပြုအမူသာဖြစ်သည်။ သို့သော်လည်း တောင်းပန်ခြင်းသည် အမှုခပ်သိမ်းတို့နှင့် ဆီလျော်ပြေပြစ်သည်တော့မဟုတ်ပေ။ ပမာအားဖြင့်ဆိုရရင် “ဘုန်းကြီးခေါင်းခေါက်ပြီးမှ တောင်းပန်ရသည့်အဖြစ်မျိုးကိုမူ မည်သူမျှလက်ခံခွင့်လွှတ်နိုင်ကြမည်မဟုတ်။ ကျေနပ်နှစ်သက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ထို့အတူပင် မှန်ကန်မှုမရှိသော ဖြစ်စဉ်ဖြစ်ရပ်များကို မှန်နေသကဲ့သို့ အများလက်ခံယုံကြည်ထားသယောင် ပုံမှားရိုက်၍ ပြည်သူလူထုတစ်ရပ်လုံးကိုသော် လည်းကောင်း၊ နိုင်ငံတော်ကိုသော်လည်းကောင်း ဗြောင်ကျကျ လိမ်လည်မှုများကိုလည်း ကျေနပ်နိုင်ကြမည်မဟုတ်ပေ။ သို့ဖြစ်၍လည်း မမှားသင့်သည့် ပြုမူပြောဆိုမှုများအတွက် ဉာဏ်ပညာအမြော်အမြင်ကြီးစွာ ချင့်ချိန်နှိုင်းဆပြီးမှ ပြုမူဆောင်ရွက်ဖို့လိုခြင်းပင်ဖြစ်သည်။ ဆိုရလျှင် မိမိပြုမူပြောဆို ဆောင်ရွက်ခြင်းသည် တတ်နိုင်သရွေ့ အနှောင့်အသွားလွတ်ရန်လိုသည်။ ဖြူစင်နေဖို့လိုသည်။ 

အလိမ်အညာကင်းနေဖို့လိုပါသည်။ အထူးသဖြင့် ထိလွယ်ရှလွယ် ကိစ္စများကို ပြုမူပြောဆိုဆောင်ရွက်ရာတွင် တန်ဆေးလွန်ဘေးဖြစ်နိုင်သည်ကို အစဉ်အမြဲ သတိချပ်မိဖို့လိုပါသည်။ မိမိပြောဆိုပြုမူလိုက်သော ကြောင့် ဘာသာတစ်ခုက ဘာသာတစ်ခုကို ထိရှသွားခြင်း၊ လူမျိုးတစ်မျိုးက လူမျိုးတစ်မျိုးကို နှိမ့်ချရာရောက်သွားခြင်း၊ ယဉ်ကျေးမှုတစ်ခုက အခြား ယဉ်ကျေးမှုတစ်ခုကို ပွတ်တိုက်မိသွားခြင်း စသည်တို့အပြင် မမှန်မကန် ပြောဆိုဆောင်ရွက်မှုများကြောင့် အပေါင်းအပေါင်းလက္ခဏာမဆောင်ပဲ အနုတ်လက္ခာဆောင်သွားသည့် သာဓကများစွာ ရှိခဲ့လေသည်။ အပြုအမူ အပြောအဆိုလုပ်ရပ်တစ်ခုသည် သမိုင်းစာမျက်နှာတစ်လျှောက် မည်မျှ ထိရှပွန်းပဲ့သွာနိုင်သည်ကို ယှဉ်တွဲချင့်ချိန် သုံးသပ်တတ်မိဖို့လိုပါသည်။

လက်တွေ့ဖြစ်ရပ်ကလေးတစ်ခု တင်ပြချင်ပါတယ်။ ဂါနာနိုင်ငံ၏ မြို့တော်အက်ကရာရှိ တက္ကသိုလ် ပုရိဝုဏ်တစ်ခုတွင် အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင် မဟတ္တမဂန္ဒီရုပ်တု ရှိလေသည်။ ဂန္ဒီသည် ၂၀ ရာစုတွင် အထင်ရှားဆုံးပုဂ္ဂိုလ်များတွင် ပါဝင်ပြီး အိန္ဒိယ၌ ဗြိတိသျှကိုလိုနီကို တွန်းလှန်ရာတွင် အကြမ်းမဖက်ရေးလမ်းစဉ်ကို ဦးဆောင်ခဲ့သူအဖြစ် လူသိများလေသည်။ ငယ်ရွယ်စဉ်က တောင်အာဖရိကတွင်နေထိုင်ကာ အလုပ်လုပ်ခဲ့ဖူးလေသည့် ဂန္ဒီသည် ကမ္ဘာတစ်ဝန်းရှိ လူသားများအတွက် အားကျအတုယူစရာ ဖြစ်သော်လည်း အာဖရိက လူမည်များနှင့် ပတ်သက်၍မူ အငြင်းပွားဖွယ် မှတ်ချက်များရှိခဲ့သည်။ ယင်းမှာ ဂန္ဒီသည် လူမျိုးရေးခွဲခြားသူတစ်ဦးအဖြစ် လည်းကောင်း၊ အိန္ဒိယသားများသည် လူမည်များထက်အတိုင်းအဆမရှိ ကြီးကျယ်မြင့်မြတ်သည်ဟု ပြောကြားခဲ့သောစကားပင် ဖြစ်သည်။ အမှတ်ထင်ထင်သော်လည်းကောင်း၊ အမှတ်မထင်သော်လည်းကောင်း နှုတ်ထွက်စကားတစ်ခွန်းကား မည်မျှအထိတာသွားလေသနည်း။ ယခုအခါ ယင်းတက္ကသိုလ်မှ ဂန္ဒီ၏ရုပ်တု ဖယ်ရှားခံခဲ့ရလေသည်။ စင်စစ် တောင်းပန်ခြင်းသည် မွန်မြတ်လှပါသည်။ သို့သော် အကြိမ်ကြိမ်အခါခါ တောင်းပန်နေရလျှင်လည်း သင့်လှသည်တော့မဟုတ်။ အချို့သည် မည်သို့ပင်တောင်းပန်သော်လည်း မပြေနိုင်။ သမိုင်းနှင့်ချီ၍ ဖျက်မရသော ပြယုဂ်များအဖြစ် အကျည်းတန်စွာရှိနေတတ်သည်ကို အစဉ်သတိချပ်မိဖို့ လိုပါသည်။

စင်စစ် သမိုင်းဆိုသည်မှာ ပစ္စက္ခခေတ်တစ်ခုတည်းအတွက်မှတ် ကျောက်တင်ခံနိုင်ဖို့ မသင့်ပေ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းတို့ကဲ့သို့ပင် ရှည်လျားလှသည့်သမိုင်းတစ်လျှောက် အပြစ် အနာအဆာ အကင်းမဲ့ဆုံးနှင့် ဘဝတစ်လျှောက်လုံး ခိုင်မာတည်ကြည် လေးနက်စွာ မှတ်ကျောက်တင်ခံနိုင်ဖို့လိုခြင်းပင် မဟုတ်ပါ၏လော။

စင်စစ်သမိုင်းဆိုသည်မှာ ပစ္စက္ခခေတ်တစ်ခုတည်းအတွက် မှတ် ကျောက်တင်ခံနိုင်ဖို့ မသင့်ပေ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ပင် ရှည်လျားလှသည့်သမိုင်းတစ်လျှောက် အပြစ်အနာ အဆာအကင်းမဲ့ဆုံးနှင့် ခိုင်မာတည်ကြည် လေးနက်စွာ မှတ်ကျောက်တင် ခံနိုင်ဖို့လိုခြင်းပင် မဟုတ်ပါ၏လော။

ခင်မောင်ဌေး (ပညာရေး)

Ref - Momakah Magazine.