News

POST TYPE

PERSPECTIVE

ဟိုမိုဂျီးနီးရပ် (HOMOGENEOUS) နှင့် ဟက်ထရိုဂျီးနီးရပ် (HETEROGENEOUS)
06-Dec-2018

(၁)

ဓာတုဗေဒဘာသာရပ်မှာ ကြားဖူးတယ်မဟုတ်လား။ ဒီဝေါဟာရ နှစ်လုံး။ ဟိုမိုဂျီးနီးရပ် (Homogeneous Mixture) တစ်သားတည်း ဒြပ်နှောလို့ ဆရာ့ဆရာတွေက ဘာသာပြန်သင်ပေးတာလည်း မှတ်မိနေပါတယ်။ နောက်တစ်လုံးက “ဟက်ထရိုဂျီးနီးရပ် (Heterogeneous Mixture) တစ်သားတည်းမဖြစ်သောဒြပ်နှောတဲ့...။ ဥပမာလေးကြည့် ကြမှ ပိုပြီးနားပေါက်မယ်ဗျ...။ 

ရေနဲ့နွားနို့ မြင်ယောင်ကြည့်ရအောင်၊ ဘယ်လိုနေလဲ။ ရေသတ်သတ်၊ နွားနို့သတ်သတ် ခွဲမြင်ရမှာလား။ ဟင့်အင်း။ နွားနို့ထဲကရေကို မမြင်ရဘူး။ ရေထဲကနွားနို့လား မသဲကွဲဘူး။ ဟုတ်သား။ ဒါကြောင့် နွားနို့ရောင်းတဲ့သူတွေ ကြီးပွားနေတာနေမှာ။ ဟဲဟဲ...။ ပြောချင်တာ အဲဒါမဟုတ်ပါဘူး။ 

နွားနို့နဲ့ရေ၊ ရေနဲ့နွားနို့ တစ်သားတည်းဖြစ်နေတာကို ပြောချင်တာပါ။ အဲဒီလိုအရောအနှောကို Homogeneous mixture လို့ ပြောတာပါ ဆိုတာ ပုံပမာဆောင်ချင်တာပါ။ တစ်သားတည်း။ ဟုတ်ပါပြီ။ တစ်ဆင်တည်း။ ဟုတ်ပါပြီ။ ပါဝင်ပစ္စည်းတွေကို ကွဲကွဲပြားပြား မမြင်ရရင် homogeneous mixture....။ ဝသီအတိုင်း၊ ကျောင်းဆရာဝသီအတိုင်း အတိုကောက်မှတ်လိုက်တယ်။ 

ဟို မမြင်လို့။ 

Ho... Homogeneous 

မမြင်...တစ်သားတည်းဖြစ်နေလို့ မမြင်ရ။ 

Heterogeneous Mixture (တစ်သားတည်းမဟုတ်သော ဒြပ် နှော)။ ဥပမာ- ကြည့်ရအောင် ဆီနဲ့ရေ။ တစ်သားတည်းဖြစ်နေလား၊ မဖြစ်ဘူးလား။ ဆီသတ်သတ်၊ ရေသတ်သတ် မြင်နေရလား၊ မမြင်ရဘူးလား။ တွေးကြည့်ပါဦး။ မြင်ကြည့်ပါဦး။ 

သတ်သတ်စီဗျနော်...။

ရေပေါ်ဆီဆိုတဲ့စကားလည်း ရှိပေသားကလား။ 

တစ်သားတည်းမဟုတ်သော ဒြပ်နှော...

He မြင်လို့ မှတ်လိုက်မိပြန်ပါရဲ့။ 

He = Heterogeneous 

မြင် = တစ်သားတည်းမဟုတ်လို့ တစ်ခုချင်းစီမြင်ရပေါ့...။ 

ကိုယ့်ဘာသာကိုယ်တော့ ဟုတ်နေတာပါပဲ...။ 

“ဟို (Ho)  မမြင်

ဟီ (He) မြင်” ပေါ့။ 

ဟိုမမြင် ဒီမမြင်နဲ့တောင် ခပ်ဆင်ဆင်ရယ် မဟုတ်လား။ 

ထားတော့...။ 

အခုချိန်အထိ ဘာပြောချင်နေမှန်း မိတ်ဆွေ ဆဝါးလို့ မရသေးဘူး မဟုတ်လား။ 

(၂)

ဓာတုဗေဒဝေါဟာရနှစ်လုံးက ဗြုန်းဆို...

နှလုံးကို လှမ်းဆုပ်ကိုင်လိုက်တာ ဘယ်အချိန်လဲ သိလားဗျ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအကြောင်းတွေးမိလိုက်တဲ့အချိန်မှာပေါ့ဗျ။ သိလား။ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မြင်တိုင်း ကြားတိုင်း စုပ်တသပ်သပ်နဲ့ သက်ပြင်း တဗျင်းဗျင်းနဲ့ချည်းပါပဲ...။ 

လိပ်ခဲတည်းလည်းအခြေအနေကြီးပဲ မြင်မြင်နေရတာ။ 

ဒီဗိုးနိုးပြောဖူးတဲ့ Bottle Neck ပုလင်းလည်ပင်းတစ် အခြေအနေမျိုးပဲဗျ။ တစ်နေရာမှာ တစ်ဆို့နေတာ ဖြေရှင်းရင်းနဲ့ ရှင်းကာနီးမှာ တခြားနေရာမှာ တစ်ဆို့၊ ထစ်လို့နေပြန်ရောဆိုတဲ့အခြေအနေမျိုးဗျ..။ ယာဉ် ကြောရှုပ်တဲ့လမ်းမကြီးတချို့မှာ ဖြစ်တတ်တာ မြင်ယောင်ကြည့်ဖို့ အာစရိ ဒီဗိုးနိုးက ပြောသေးသဗျ။ ပုလင်းလည်ပင်းတစ် ၂၁ ရာစု ပင်လုံဟစ်သံလို့တောင် တစ်နေရာမှာ ရေးဖြစ်သေးတာ မှတ်မိသွားပြန်ပါတယ်။ 

ဟိုမမြင်၊ ဟီမြင်

ဟိုမမြင်၊ ဒီမမြင်...။ 

ကျွန်တော်တို့က Homogeneous Mixture ဖြစ်ဖို့ ကြိုးစားနေ တာလား။ 

ကျွန်တော်တို့က Heterogeneous Mixture ဖြစ်ဖို့ ကြိုးစားနေတာလား။ 

စဉ်းစားကြည့်မိနေတာဗျ။ 

မတူကွဲပြားခြင်းတွေကို လက်ခံပေးနိုင်စွမ်း တည်ဆောက်နေကြလေသလား။ နွားနို့ထဲ ရေရောပြီး တစ်သားတည်းဗျ၊ တစ်သွေးတည်းဗျ လုပ်ဖို့ကြိုးစားနေကြလေသလား။ 

ဆီက ဆီ၊ ရေကရေ ရေပေါ်ဆီ၊ ဆီအောက်ရေ ခွဲခွဲခြားခြား၊ လားလား ကွဲပြားအခြေအနေအတိုင်းထားဖို့ ခြေလှမ်းနေကြလေသလား။ 

(၃)

ဒါမှမဟုတ်...။

ကြားလို့ကောင်းအောင်

စားလို့ကောင်းအောင်

သွားလို့ကောင်းအောင်လောက် လုပ်နေကြလေသလား။ 

မျက်လုံးချင်းတိုက်မိမယ့်နေ့ ငြိမ်းချမ်းရေးရမယ်လို့ပြောခဲ့တဲ့ ဆရာကြီး ရွှေဥဒေါင်းစကားအတိုင်း လုပ်နေကြလေသလား။ လုပ်နိုင်ကြမလား။ 

တစ်ဦးကတစ်ဦးကို ငုံ့ကြည့်နေတာမျိုး၊ တစ်ယောက်က တစ်ယောကကို မော့ကြည့်နေရတာမျိုး ရှိနေတုန်းပဲလား။ ဟိုမမြင် ဒီမမြင် အနေအထားကြီးများလား။ 

တစ်သားတည်းလား။ 

တခြားကွဲလား။ 

(၄)

(က) ငြိမ်းချမ်းရေးကို ဘယ်သူတွေက လိုချင်ပြီး ဘယ်သူတွေက မလိုချင်ဘူးဆိုတာ ကွဲကွဲပြားပြား သိလာပါလိမ့်မယ်။ 

 (ဟုတ်ကဲ့ခင်ဗျာ၊ သိလာပြီးရင် ကျွန်တော်တို့ ဘာဆက်မျှော်လင့် ရပါ့မလဲ...။)

(ခ) ငြိမ်းချမ်းရေးကို ကိုယ့်လိုဘအတွက် အသုံးမချစေချင်ဘူး။ 

(ဟုတ်ကဲ့ခင်ဗျာ။ ကိုယ့်လိုဘဟာ တစ်တိုင်းပြည်လုံးလိုဘ ဖြစ်နေရင်ကော ခင်ဗျား..။)

(ဂ) ခွဲမထွက်ရဘူးဆိုတဲ့စကားက အထူးထည့်စရာမလိုလောက်ဘူး။ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ပေးချက်ရှိပြီးသား မဟုတ်လား။ 

(ဟုတ်ကဲ့ခင်ဗျာ...။ ထည့်ရင်ကော ဘာဖြစ်နိုင်ပြီး မထည့်ရင်ကော ဘာဖြစ်နိုင်ပါသလဲ...)

(၅)

တကယ်တော့ 

Homogeneous Mixture ပုံစံပဲဖြစ်ဖြစ်၊ 

Heterogeneous MIxture ပုံစံပဲဖြစ်ဖြစ်

ကိုယ့်စိတ် ကိုယ်စစ်ဖို့သာ လိုပါလိမ့်မယ်ထင်ပါရဲ့ခင်ဗျာ...။ 

ငြိမ်းချမ်းရေးဆိုတာ...

အရသာပြည့်ဟင်းတစ်ခွက်ဆိုတာ 

ယုံကြည်လက်ခံဖို့ပါ...။ 

ငြိမ်းချမ်းရေးတောအုပ်ထဲ တောလည်ထွက်ဖို့ စဉ်းစားရင်းစွဲ ရိုးရာကို ဖျောက်ဖို့လိုတာတော့ အမှန်ပဲဗျာ...။ 

တကယ်တော့ လောကဝန်းကျင်အဖွဲ့အစည်း အသင်းအပင်းဆိုတာ Homogeneous Mixture လို တစ်သားတည်းရှိကောင်းရှိနိုင်သလို Heterogeneous Mixture လို တစ်သားတည်းမဖြစ်ပဲလည်း ရှိနေနိုင်တာပါပဲ။ 

ဘယ်လိုအနေအထားပဲဖြစ်ဖြစ် နှလုံးသားလေးဖြူဖြူစင်စင်နဲ့ မပူမပင် ငြိမ်းငြိမ်းချမ်းချမ်း၊ တိုင်းပြည်ရဲ့လမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူး တည်ဆောက် ကြစေချင်တာပါပဲ...။ 

(၆)

ဪ...ဟိုမြင် ဟီမြင်ဆိုတဲ့စကားလုံးနှစ်လုံး။ 

ဟိုမမြင် ဒီမပြင် ငြိမ်းချမ်းရေးလမ်းကို 

လွမ်းစေပါရဲ့လေ...။ 

မျိုးသည်မင်း