News

POST TYPE

PERSPECTIVE

စီမံခန့်ခွဲသူများ သတိပြုစရာ နှစ်ချက် (Daily, Vol-6/No-181)
08-Nov-2018

မြန်မာလူ့အဖွဲ့အစည်းတွင် ပြောဆို သုံးနှုန်းလေ့ရှိသည့် “အကြံတူလျှင် နောက်လူသာစမြဲ”ဆိုသော စကားပုံကို လူအများစု ကြားဖူးကြပေမည်။

စီးပွားရေး သို့မဟုတ် နည်းပညာဆိုင်ရာ နယ်ပယ်တို့တွင် လုပ်ငန်း အမျိုးအစားသစ် တစ်ခု၊ နည်းပညာဆိုင်ရာ ပစ္စည်း အသစ တစ်ခုကို ဈေးကွက်တင်၊ တီထွင် ဖန်တီးသည့်အခါ ယင်းတို့နှင့် အမျိုးအစားတူ၊ လုပ်ငန်း၊ ပစ္စည်းတစ်ခု နောက်မှ ထူထောင် ထွက်ရှိလာလျှင် ရှေ့က ရှိနှင့်ပြီးသား လုပ်ငန်း၊ ပစ္စည်း၏ အားနည်း၊ အားသာချက်များကို လေ့လာထားပြီး ဖြစ်သောကြောင့် ပိုကောင်းစေရန် ကြိုးစားလေ့ ရှိတတ်သည့် သဘောကို ဆိုလိုခြင်းဖြစ်သည်။

ထို့အတူ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများ၏ အားသာချက်မှာ ရှေ့က ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ မှားခဲ့သော အမှားများကို ရှောင်နိုင်ခြင်းနှင့် အောင်မြင်မှုများကို အတု ယူနိုင်ခြင်းဖြင့် အားနည်းချက် နည်းကာ ပိုကောင်းသော ဖွံ့ဖြိုးရေး စီမံကိန်းများ ချမှတ် ဆောင်ရွက်နိုင်ပေသည်။

ယနေ့ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဖွံ့ဖြိုးမှု ညွှန်းကိန်းများကို ကြည့်လျှင် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် သာမက ဒေသတွင်း၌ပင် အနိမ့်ဆုံးနိုင်ငံများ အဆင့်တွင် ဝင်နေသောကြောင့် နောက်က လိုက်ရမည့် အခြေအနေ ဖြစ်သည်။

ထို့ကြောင့် ယနေ့ မြန်မာနိုင်ငံတွင် ချမှတ် ဆောင်ရွက်နေသော နိုင်ငံတော် ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒများ၊ စီမံကိန်း၊ စီမံချက်များ၊ အကောင်အထည် ဖော်ရမည့် နည်းနာများ၊ လူ့စွမ်းအား အရင်းအမြစ် လေ့ကျင့် ပျိုးထောင်မှုများကို အမှား နည်းနည်းဖြင့် မြန်မြန်ဆန်ဆန် ရှေ့ရောက်နိုင်သော အားသာချက်များ ရှိနေသည်ဟု ဆိုနိုင်သည်။

သို့သော် ယင်းကို စီမံခန့်ခွဲ၊ ဆောင်ရွက်မည့် နယ်ပယ်အလိုက် ခေါင်းဆောင်များနှင့် လူ့စွမ်းအား အရင်းအမြစ်တို့၏ အရည်အချင်းနှင့် စွမ်းဆောင်ရည် နိမ့်ပါးနေပါက နောက်က လိုက်သော်လည်း ရှေ့ကသွားသူများ မှားခဲ့သော အမှားများအတိုင်း ထပ်မှားကာ အမှား သံသရာ လည်သွားနိုင်ပေသည်။

ထိုအတွက် ပထမ အရေးအကြီးဆုံး အချက်မှာ နယ်ပယ် အသီးသီးအလိုက် ဦးဆောင် စီမံခန့်ခွဲမည့်သူများ သို့မဟုတ် နယ်ပယ် ခေါင်းဆောင်များ၊ ယင်းခေါင်းဆောင်များ၏ အစီအမံကို လက်တွေ့ အကောင်အထည် ဖော်ပေးရမည့် စွမ်းရည်မြင့် ကော်လာဖြူ၊ ကော်လာပြာ လုပ်သားများ လူမှန်၊ နေရာမှန် ခန့်ထား တာဝန် ပေးအပ်နိုင်ရေး ဖြစ်သည်။

ဒုတိယ အရေးအကြီးဆုံး အနေနှင့် သက်ဆိုင်ရာ နယ်ပယ် အသီးသီး အလိုက်၊ အကောင်အထည် ဖော်မည့် စီမံကိန်း၊ စီမံချက်၊ လုပ်ငန်းအလိုက် စနစ်တကျ စစ်တမ်းကောက်၊ သုတေသနပြုထားသော တိကျခိုင်မာ၊ သေချာသည့် သတင်း အချက်အလက်များ၊ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသည့် အားနည်းချက်၊ အားသာချက်များ၊ ဆိုးကျိုး၊ ကောင်းကျိုး သက်ရောက်မှုများ၊ နယ်ပယ် အသီးသီး အလိုက် ရှိနေသော ပညာရှင်များ၊ အဓိက တာဝန်ရှိ သက်ဆိုင် ပတ်သက်သူများ၊ လူထု ပရိသတ်များ၏ ဝေဖန်၊ တုံ့ပြန်၊ အကြံပြုချက်များ လိုအပ်သည်။

ဖော်ပြပါ အရေးကြီးအချက် နှစ်ချက် မရှိဘဲ သို့မဟုတ် ပြင်ဆင် မထားဘဲ စိတ်ကူးတည့်ရာ အကောင်အထည် ဖော်သော စီမံချက်၊ စီမံကိန်းများသည် ပြည်သူ့ အကျိုးအတွက် စေတနာ မည်မျှ ထားစေကာမူ အောင်မြင်မှု မရနိုင်သည့်အပြင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ တွေ့ ကြုံရတတ်သည်။

ရန်ကုန်မြို့တော် အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းတွင် လက်ရှိ အစိုးရ အပါအဝင် အစိုးရ အဆက်ဆက် ဆောင်ရွက် အကောင်အထည် ဖော်ရန် စိတ်ကူးဆဲ၊ ပြင်ဆင်ဆဲ၊ ဆောင်ရွက်ဆဲ၊ တည်ဆောက် အကောင်အထည် ဖော်ခဲ့ပြီးသည့် စီမံကိန်း၊ စီမံချက်၊ လုပ်ငန်းများကို အထက်ဆိုခဲ့ပါ အရေးကြီး နှစ်ချက်ဖြင့် တိုင်းတာကြည့်လျှင် အဘယ်ကြောင့် အောင်မြင်၊ ကျရှုံးရသနည်း ဆိုခြင်းကို လွယ်ကူစွာ သိစေနိုင်ကြောင်း ပြောလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၇-၁၁-၂၀၁၈)

(၈- ၁၂-၂၀၁၆ နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)