News

POST TYPE

PERSPECTIVE

၇၅ ရာခိုင်နှုန်းပြည့်အောင် ဘယ်လိုအစီအမံတွေနဲ့ ထိန်းကျောင်းကြမှာလဲ
07-Nov-2018

ဪ ... ဒါနဲ့စကားမစပ်။

ကျုပ်က ... ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းက ကျောင်းအုပ်ကြီး တစ်ယောက်ခင်ဗျ။ ကျုပ် တာဝန်ထမ်းဆောင်နေတဲ့ကျောင်းက ရန်ကုန်မြို့ကြီးရဲ့ အလယ်ကောင် မကျတကျ အဝန်းအဝိုင်းလောက်မှာ ရှိတာပေါ့။ ပင်စင်မယူခင်ကလည်း ပညာရေးဌာနမှာ အထက်တန်းကျောင်းအုပ်ကြီးအဖြစ်နဲ့ရော၊ သူ့ထက်မြင့်တဲ့ ရာထူးတွေရော အနှစ် ၄၀ လောက် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အစိုးရကျောင်းမှာ လုပ်ရတာနဲ့ ကိုယ်ပိုင်ကျောင်းမှာ လုပ်ရတာကတော့ ဘယ်တူပါ့မလဲ။ စီမံခန့်ခွဲရတဲ့နေရာမှာ လွှတ်ကွာပါ့။ ကိုယ်ပိုင်ကျောင်းတွေမှာက မိဘတွေရဲ့ စောဒက (Complaint) တက်တာတွေက အင်မတန်မှ များလှသကိုး။

တစ်ရက်သားမှာတော့။ ကျုပ်ထိုင်နေတဲ့ ရုံးခန်းထဲကို အသက် ၄၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရတဲ့ အမျိုးသမီးတစ်ယောက်က အပြုံးချိုချိုလေးနဲ့ ဝင်လာတယ်။

“ဝင်ခွင့်ပြုပါရှင့် ... မင်္ဂလာပါဆရာကြီး”

“မင်္ဂလာပါခင်ဗျာ ... ဘာအကူအညီပေးရမလဲ”လို့ ကျုပ်က လေသံချိုချိုနဲ့ ကြိုဆိုနှုတ်ဆက်လိုက်တယ်။ 

“ကျွန်မသားက ဒီကျောင်းမှာ ဆယ်တန်း တက်နေပါတယ်၊ အိမ်မှာ သူ့ကို ကျူရှင် (Tuition) ဆရာတွေ၊ ဂိုက် (Guide) ဆရာတွေနဲ့ အချိန်ပြည့် လုပ်ပေးချင်လို့ပါ။ ဆယ်တန်း ဝင်ခွင့်လျှောက်လွှာလည်း တင်ပြီးပြီဆိုတော့ ကျောင်းမတက်ဘဲ ရသလားလို့ လာပြီးခွင့်တောင်းတာပါ”

“မရပါဘူးခင်ဗျာ ... ။ ဆယ်တန်းကို ကျောင်းကနေ ပထမဆုံးနှစ်ဖြေဆိုမယ့် ကျောင်းသားတစ်ယောက်ဟာ ကျောင်းမှန်အောင် တက်ပြီး တစ်နှစ်လုံးမှာ အနည်းဆုံးကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း ပြည့်မီရပါမယ်။ ဒါမှလည်း ဖြေဆိုခွင့်ရမှာပါ”လို့ ကျုပ်က ရှင်းပြလိုက်တယ်။

ကျုပ်စကားကို ကြားတော့ အမျိုးသမီးက ရယ်သလို မောသလိုနဲ့ လှောင်ပြုံးလေး ပြုံးပြတာပေါ့။

“ဟုတ်ရဲ့လား ဆရာကြီးရယ်၊ ဆရာကြီးကသာ ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း အကြောင်းပြောပြီး တိကျနေတာ။ ရန်ကုန်မြို့ကြီးမှာ နာမည်အထွတ်အထိပ်ဖြစ်နေတဲ့ အခြေခံပညာကျောင်းတွေမှာတောင် ဆယ်တန်းကျောင်းသားတွေ မရှိတော့ဘူး ဆရာကြီးရဲ့”

သူ့စကားကို ကြားလိုက်ရတဲ့ ကျုပ်ကတော့ နားတွေ ထူပူသွားသလို စပ်ဖျင်းဖျင်း ခံစားလိုက်ရတာပေါ့။ နားမရှင်းတာနဲ့ ကျုပ်က ထပ်မေးလိုက်တယ်။

“ဘယ်လို ... ဘယ်လို ... ”

“ဒီလို ဆရာကြီးရဲ့။ ကျွန်မနဲ့ အတူနေ တူလေးတစ်ယောက်က ကမာရွတ်မြို့နယ်ထဲက နာမည်ကြီး အထကမှာ ဆယ်တန်း တက်နေတယ်။ အခုဆိုရင် သူတို့အတန်းမှာ တက်တဲ့ကျောင်းသားက ကျိုးတိုးကျဲတဲနဲ့ မရှိသလောက်ဖြစ်နေပြီ။ ကျူရှင်တွေ ဝိုင်းတွေကို သွားကုန်ကြပြီ”လို့ မြိန်ရည်ယှက်ရည် ပြောလာတော့ ...။

“ဟုတ်ရဲ့လားဗျာ”

“ဟုတ်ဆို ... ကျွန်မနဲ့ တစ်အိမ်တည်းနေလို့ ကိုယ့်တွေ့မို့ ပြောတာပါ”

သူ့စကားကို ကြားလိုက်ရတော့ “ဟိုက်”ခနဲ ဖြစ်သွားပြီး ကျုပ်လည်း ဘာမှပြန်မပြောနိုင်တော့။ သူ့ကလေး ကျောင်းမတက်ဖို့ ခွင့်တောင်းတဲ့ကိစ္စကတော့ ချက်ချင်းမဆုံးဖြတ်သေးပဲ စဉ်းစားဦးမယ်ဆိုပြီး နှစ်သိမ့်လိုက်ရတယ်။

နောက်ရက်ရောက်တော့။

ကျောင်းမှာ ဆယ်တန်းသင်နေတဲ့ ဆရာမနှစ်ယောက်၊ သုံးယောက်လောက်ကို ခေါ်ပြီးစုံစမ်းကြည့်ခိုင်းလိုက်တယ်။ အခြေခံပညာအထက်တန်းကျောင်း တော်တော်များများက ဆယ်တန်းမှာ ကျောင်းသားတွေ ကျောင်းမတက်ကြတော့ဘူးတဲ့။ ကျောင်းသားမိခင်ဖြစ်တဲ့ ဟိုအမျိုးသမီး ပြောသလို ဟုတ်နေသားပဲ။ အထကတွေမှာတောင် ပြောင်ပြောင်တင်းတင်း ကျောင်းတက်စရာမလိုမှတော့။

ဆိုရရင် နီးစပ်ရာ အခြေခံပညာအထက်တန်းကျောင်းတွေမှာ နာမည်စာရင်း (Enroll) သွင်းထားပြီး တရားမဝင်ဖွင့်ထားတဲ့ ဘော်ဒါကျောင်းသားတွေအတွက်ကတော့ စိတ်ပူမနေကြနဲ့။ ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း ပြည့်ပြီးသားလို့သာ မှတ်ကရော။ အခြေခံပညာအထက်တန်းကျောင်းတွေမှာ ဒီလိုဖြစ်စဉ်တွေ အမြစ်တွယ်နေတာဟာ ခေတ်ဟောင်းက ပညာရေးစနစ်ကို လက်ခံနေဆဲပဲလို့ ဝန်ခံနေတဲ့အတိုင်းပဲ။

ကိုင်း ... ဘယ့်နှယ်လုပ်ကြမတုံး။

အခြေခံပညာရေးကတော့ ရှေ့လျှောက် ရင်လေးစရာပါပဲ။ 

ဒီလိုစာသင်ကျောင်းတွေ၊ ဒီလိုမိဘတွေ၊ ဒီလိုကျောင်းသားတွေနဲ့ ပညာရေးစနစ် အပြောင်းအလဲကို ဘယ်လိုလုပ်ကြမှာလဲ။ ပညာရေးစနစ် အပြောင်းအလဲတွေ လုပ်နေတယ်လည်း အထက်ကပြောရဲ့။ အောက်ခြေမှာ ပြောင်းလဲခြင်းနဲ့အတူ အရွေ့ရှိပါရဲ့လားဆိုတာကို ကွင်းဆင်း စစ်ဆေးသင့်တယ်။ ပြောင်းသင့်သလောက် တကယ်ရော ပြောင်းလဲသလားဆိုတာ သုံးသပ်ဖို့တော့လိုနေပြီ ထင်တာပဲ။ ဒါတင်ကရိုးလား။

ပညာရေးဝန်ကြီးဌာန စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ စာမေးပွဲဆိုင်ရာ ညွှန်ကြားချက်တွေကို တကယ်ရော လိုက်နာကြရဲ့လား။ လိုက်နာမှုမရှိရင်ကော ဘယ်လိုအစီအမံတွေနဲ့ ဆောင်ရွက်နေကြသလဲ။ အရေးယူမှု မရှိမှတော့ ထုတ်ထားတဲ့ ညွှန်ကြားချက်တွေက အချိန်ကုန်၊ စာရွက်ကုန်နဲ့ ရေပေါ်အရုပ်ရေးသလို ဖြစ်နေတော့မှာပဲ။ အရေးယူမှုမရှိဘဲ ညွှန်ကြားချက်တွေ ထုတ်နေလို့ကတော့ ပမာမခန့် ဖြစ်နေတော့တာပေါ့။

နောက်ရှိသေးတာက ဆယ်တန်းအောင်ပြီးရင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးက ထုတ်ပေးရတဲ့ ကျောင်းလုပ်ငန်းဆောင်ရွက်မှု အဆင့်သတ်မှတ်ချက်စာရွက် (ထောက်ခံချက်) ဆိုတာပေါ့။ အလွယ်ပြောရရင်တော့ ကျောင်းလုပ်ငန်းဆိုင်ရာ စီစီ (Completion Certificate) လို့ခေါ်တဲ့ ပြီးမြောက် ခြင်း လက်မှတ်ပေါ့ဗျာ။ အဲဒီလက်မှတ်က CPR (Comprehensive Personal Record) လို့ခေါ်တဲ့ ကျောင်းလုပ်ငန်း ဆောင်ရွက်ချက် အကဲဖြတ်မှတ်တမ်းကနေ မြစ်ဖျားခံလာတာ။ အထက်တန်းဆင့်မှာဆိုရင် အချက် ၆ ချက်ပေါ်မှာ တစ်နှစ်လုံး စောင့်ကြည့်ပြီး အဆင့်သတ်မှတ်ပေးရတာ။ 

ကျောင်းခေါ်ကြိမ် ပြည့်မီရမယ်ဆိုတဲ့ အချက်ပါတယ်။ ကျောင်းတက်ရက်မှန်တဲ့ ကျောင်းသားကို ကျောင်းခေါ်ကြိမ်မှာ အေ(A)အဆင့် ပေးရတာ။ နို့ပေတဲ့ ကျောင်းတွေက ကျောင်းတက်ရက် မှန်မှန် မမှန်မှန် အေ(A) အဆင့် ပေးထားမှတော့ ကျန်တဲ့အချက်တွေလည်း အမှန်မဖြစ်တော့ဘဲ ပြီးပြီးရော လုပ်လိုက်ကြတာပါပဲ။ အဲဒီထောက်ခံချက်ကို တက္ကသိုလ်တက်ဖို့ လျှောက်လွှာတင်ရာမှာ မပျက်မကွက် ပူးတွဲထည့်ပေးရတာဆိုတော့။ 

အဲဒါကို သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေး တာဝန်ရှိသူတွေကရော ထည့်သွင်း စဉ်းစားရဲ့လား ဆိုတာကလည်း မေးစရာဖြစ်နေပြီ။ အကျုံးဝင်တယ်ဆိုရင်တော့ ကောင်းတာပေါ့။ ပြောချင်တာက တကယ် မထိရောက်ဘဲ အပယိကသဘောမျိုးတွေ များနေလို့ကတော့ ဘာဖြစ်လို့ လုပ်နေတော့မှာလဲ။ နို့မဟုတ်ရင်တော့ အလုပ်ရှုပ်ပြီး စာရွက်ကုန်၊ အချိန်ကုန်တာပဲ ရှိမယ်။ 

ဆိုတော့ကာ ... အခြေခံပညာကျောင်းတွေမှာ၊ ကိုယ်ပိုင်ကျောင်းတွေမှာ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာ ဆယ်တန်းတက်နေတဲ့ ကျောင်းသားတွေအဖို့ ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း ပြည့်မီရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ ညွှန်ကြားချက်အတိုင်း တစ်ပြေးညီဖြစ်အောင် ထိန်းသိမ်း၊ ကြပ်မတ် လိုက်နာသင့်တာပေါ့။ အခုလို ပုံမှန်ကျောင်းမတက်တာကို ခွင့်လွှတ်ထားတဲ့ကျောင်းတွေ ရှိနေမှတော့ ကျုပ်တို့လို ညွှန်ကြားချက်နဲ့ အတတ်နိုင်ဆုံး ကိုက်ညီအောင် အားခဲနေတဲ့ကျောင်းတွေအဖို့ ကျောင်းသားတွေကို ထိန်းရ သိမ်းရ တယ်ခက်လှသဗျာ။

တော်ကြာ ... မိဘတွေ တောင်းဆိုလာသလို သူတို့ကလေးတွေကို ကျောင်းမတက်ခွင့် ပေးပြန်တော့လည်း ကိုယ်ပိုင်ကျောင်းတွေက ဌာနဆိုင်ရာ ညွှန်ကြားချက်ကို စည်းကမ်းဖောက်ရာ ကျဦးမယ်။

ဒါကြောင့် တစ်ပြည်လုံးမှာရှိတဲ့ ဆယ်တန်းကျောင်းသားတွေ နှစ်ပေါက်အောင် ကျောင်းတက်ပြီး ကျောင်းခေါ်ကြိမ် “၇၅ ရာခိုင်နှုန်း ပြည့်မီအောင် ဘယ်လိုအစီအမံတွေနဲ့ ထိန်းကျောင်းကြမှာလဲ”လို့ အခြေခံပညာကျောင်းတွေမှာ စီမံအုပ်ချုပ်နေတဲ့ လူကြီးမင်းများကို မေးလိုကြောင်းပါ ဟရို့ ... ။

ကိုသောင်း (ပညာရေး)

အခြေခံပညာကျောင်းတွေမှာ၊ ကိုယ်ပိုင်ကျောင်းတွေမှာ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာ ဆယ်တန်းတက်နေတဲ့ ကျောင်းသားတွေအဖို့ ကျောင်းခေါ် ကြိမ် ၇၅ ရာခိုင်နှုန်း ပြည့်မီရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ ညွှန်ကြားချက်အတိုင်း တစ်ပြေးညီဖြစ်အောင် ထိန်းသိမ်း၊ ကြပ်မတ် လိုက်နာသင့်တာပေါ့။ အခုလို ပုံမှန်ကျောင်းမတက်တာကို ခွင့်လွှတ်ထားတဲ့ကျောင်းတွေ ရှိနေမှတော့ ကျုပ်တို့လို ညွှန်ြဪ ... ဒါနဲ့စကားမစပ်။