News

POST TYPE

PERSPECTIVE

ပေါင်မြို့တွင် ရန်ပွဲဖျန်ဖြေသည့် ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့်အပစ်ခံရ
26-Oct-2018
မော်လမြိုင်၊ အောက်တိုဘာ ၂၅

မွန်ပြည်နယ် ပေါင်မြို့နယ် ကဒုံစီးရပ်ကွက်၌ အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်သည့် ဆွမ်းကြီးလောင်းပွဲနှင့် မီးထွန်းပွဲတော်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် အပစ်ခံလိုက်ရသည်။

“ဆွမ်းဆန်စိမ်းလောင်းပွဲမှာ လုံခြုံရေးယူတယ်၊ အဲဒီမှာ လူငယ်နှစ်ဖက်က ရန်ဖြစ်ကြတယ်၊ ရဲကဝင်ပြီး ဖျန်ဖြေပေးတာမှာ တစ်ဖွဲ့က ဒုရဲအုပ်ကို တွန်းထိုးတယ်၊ တစ်ယောက်က သေနတ်ကိုဆွဲနုတ်တယ်၊ ရဲက သေနတ်ပြန်လုတော့ ပစ်ပြီး ထွက်ပြေးသွားတယ်၊ ဒဏ်ရာရတဲ့ ဒုရဲအုပ်ကိုလည်း ခွဲစိတ်ကုသဖို့ ရန်ကုန်ဆေးရုံပို့ လိုက်ပြီ။ အခြေအနေက သိပ်တော့ မစိုးရိမ်ရပါဘူး”ဟု ပေါင်မြို့နယ်ရဲစခန်းမှ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးရွှေက ပြောကြားသည်။

ဘယ်ဘက်လက်မောင်းတွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့သူမှာ ဒုရဲအုပ် ရာဇာမြင့်စိုးဖြစ်ပြီး ကျည်ဆန်မှာ ဖောက်ထွက်သွားခြင်းမရှိဘဲ အရိုးကိုထိသွားသည့်အတွက် ခွဲစိတ်ကုသရခြင်းဖြစ်ကြောင်း၊ အသက်အန္တရာယ် စိုးရိမ်စရာမရှိသော်လည်း ခွဲစိတ်ရာတွင်သွေးထွက်လွန်မည်စိုး၍ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ရန်ပွဲတွင်ပါဝင်သူများနက် အောင်နိုင်ထွေးနှင့် ဝင်းထိုက်ဦးတို့ကို မိနစ်ပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သော်လည်း သေနတ်ကို လုယူ၍ ပစ်ခတ်ခဲ့သည့် အသက် ၃၄ နှစ် အရွယ်ရှိ သားသားဆိုသူကိုမူ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် ပေါင်မြို့နှင့် လေးမိုင်ခန့်ဝေးသည့် လယ်တဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ရဲထံမှလုယူသည့် သေနတ်မှာ ၃၈ ဗို့ ခြောက်လုံးပြူး သေနတ်ဖြစ်ကြောင်း ပေါင်မြို့နယ်ရဲစခန်းထံမှ သိရသည်။ 

“အဓိကတော့ ဝတ္တရားနှောင့်ယှက်မှု၊ တာဝန်ထမ်းဆောင်နေသူကို အပြင်းအထန်နာကျင်စေမှုတွေနဲ့ စွဲမယ်၊ လက်နက်ဥပဒေမှုကတစ်ခု၊ လက်နက်လုယက်ခိုးယူမှုတွေနဲ့ အရေးယူသွားမယ်၊ ဒီအမှုတွေနဲ့ သုံးဦးစလုံးကို အရေးယူမယ်။ ပူးပေါင်းကြံစည်မှုတွေပါနေတယ်”ဟု ရဲမှူးအေးရွှေက ထပ်မံပြောဆိုသည်။ 

လက်ရှိတွင် အဆိုပါဖြစ်စဉ်၌ ပါဝင်ခဲ့သူသုံးဦးကို ပေါင်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး (ပ) ၅၀၇/ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၇/၁၁၄ တို့အပြင် လက်နက် လုယက်ခိုးယူမှုနှင့် ပတ်သက်၍ အထူးနှင့် အထွေထွေဥပဒေအရ လက်နက်ဥပဒေ ပုဒ်မ ၂၁ (က)/၂ ဖြင့်လည်း အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

R-21
 



  • VIA