News

POST TYPE

PERSPECTIVE

အစိုးရ၊ မီဒီယာနှင့် ဖွင့်ထားသောစိတ်
22-Oct-2018

ရန်ကုန်တိုင်းအစိုးရက သတင်းဆောင်းပါးတစ်ပုဒ်အား အကြောင်းပြု၍ မီဒီယာတစ်ခုကို တရားစွဲဆိုသော အခါ ဆက်စပ်စဉ်းစားစရာများ ပေါ်လာသည်။

ပထမ စဉ်းစားမိသော ဆက်စပ်အကြောင်းအရာသည် တရားစွဲဆိုရခြင်း အကြောင်းပြချက်ဖြစ်သည်။ မည်သည့်အတွက် တရားစွဲဆိုရခြင်းတည်းဟူသော အကြောင်းပြချက် ရှိရမည်။ အစိုးရတစ်ရပ်ဖြစ်စေ၊ နိုင်ငံရေးပါတီပင်ဖြစ်စေ ကိစ္စရပ်တစ်ခုကို ပြုမူဆောင်ရွက်သည့်အခါ အကြောင်းပြချက်က အလွန်အခရာကျသည်။ အကြောင်းပြချက် ခိုင်လုံလျှင် ခိုင်လုံသည့်အလျောက် လူထုထောက်ခံမှု ရတတ်သည်။ ထိုမျှမက အကြောင်းပြချက်သာ ခိုင်မာနေပါက အရပ်ဘက်အဖွဲ့အစည်းများ၏ ထောက်ခံမှုကို ရနိုင်သလို မီဒီယာများ၏ နားလည်မှုကိုပါ ရတတ်သည်။ 

ဆန့်ကျင်ဘက်ဆိုသလို နိုင်ငံရေးသမားများသည် ပြုဖွယ်ကိစ္စများကို အကြောင်းပြချက်မခိုင်လုံဘဲ ဆောင်ရွက်လိုက်ပါလျှင်လည်း အထက်တွင်ဆိုခဲ့ပြီးသောအရာများကို ဆုံးရှုံးသွားမည်ဖြစ်သည်။ လူထုထောက်ခံမှု နည်းသွားသော၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းမှုကိုမရသော၊ မီဒီယာများနှင့် မိတ်ဖက်အသွင်မရှိသော အစိုးရတစ်ရပ်၏ ဆုံးရှုံးမှုသည် မည်ကာမတ္တမဟုတ်။ အတော်ပင် ထိထိခိုက်ခိုက်နိုင်သော နစ်နာမှုကြီးပင်ဖြစ်သည်။

အကြောင်းပြချက် ဘယ်လောက်အရေးကြီးသလဲဆိုလျှင် စစ်တိုက်သောအခါပင် အကြောင်းပြချက်က အရေးကြီးသည်။ စစ်တိုက်ရခြင်း၏ အကြောင်းပြချက် ခိုင်လုံသည်ဆိုပါစို့။ ကျေးဇူးတင်စရာတွေ ဖြစ်လာသည်။ အမှတ်ရစရာတွေ ပေါ်လာတတ်သည်။

ဥပမာ-ဒုတိယကမ္ဘာစစ်ထဲ မည်သည့်အတွက် ပါဝင်တိုက်ခိုက်ရသနည်း မေးခွန်းရှိလာပါက အကြောင်းပြချက်က တစ်ခွန်းတည်း ဖြေ၍ရသည်။ ဖက်ဆစ်စနစ်ကို တိုက်ဖျက်လိုသောကြောင့်ဟူ၍ ဖြစ်သည်။အကြောင်းပြချက် ခိုင်မာသည့်အတွက် ကျေးဇူးတင်စရာပေါ်သည်။ အမှတ်ရစရာဖြစ်ခဲ့သည်။ ထိုနည်းနှင်နှင်ပင်။ အာဖဂန်နစ္စတန်အား ဘာကြောင့် တိုက်ရသလဲ မေးလာလျှင်လည်း အကြောင်းပြချက်က တစ်ခွန်းတည်းပြတ်သည်။ အကြမ်းဖက်မှုကို အမြစ်ဖြတ်ခြင်းဟု ခပ်ရှင်းရှင်း ဖြေရုံသာရှိသည်။ ထို့အတွက် စစ်ပွဲမှာ တိုက်သင့်ဆင်နွှဲသင့်သည်ဟု မြင်လာကြသည်။ စစ်ပွဲ၏ တရားဝင်မှုကို မြှင့်တင်ပေးသည့်သဘောပင်။

သို့သော် အီရတ်ကို ဝင်ရောက်တိုက်ခိုက်သည့်အခါ အနေအထားက တစ်မျိုးဖြစ်ထွန်းသွားသည်။ အီရတ်အတွက် အမေရိက အစိုးရပေးသည့် အကြောင်းပြချက်က အစုလိုက်အပြုံလိုက်သေစေသော လက်နက်များရှိသည်ဟုဖြစ်သည်။ အမှန်တကယ် ဝင်ရောက်တိုက်ခိုက်ပြီးသည့်အချိန်တွင် အဆိုပါလက်နက်များကို ရှာဖွေမတွေ့ခဲ့ပေ။ ထိုအခါတွင် စစ်ပွဲ၏အကြောင်းပြချက်ကို ပြောင်းလဲခဲ့ရသည်။ အီရတ်နိုင်ငံတည်ထောင်ရေးနှင့် ဒီမိုကရေစီပရိုမိုးရှင်းအတွက် စစ်ကိုတိုက်ရပါသည်ဟု အကြောင်းပြချက်အသစ် ပေးခဲ့သည်။ အချိန်အတန်ကြာလာသည့်အခါ အီရတ်နိုင်ငံလည်း နိုင်ငံတော်သစ် ဖြစ်မလာသလို ထူထောင်ပေးသည့် ဒီမိုကရေစီမှာလည်း အခြေမခိုင် ယိမ်းယိုင်နေဆဲ ဖြစ်လာခဲ့သည်။ စစ်ပွဲအတွက်ပေးသော အကြောင်းပြချက် မလုံလောက်၊ မခိုင်မာခြင်း၏ အကျိုးဆက်အဖြစ် အမေရိကအစိုးရမှာ ပြည်တွင်းအတိုက်အခံတို့၏ အကွက်ကျကျ ထိုးနှက်မှုကို ခံခဲ့ရသည်။ တစ်ပါတည်း နိုင်ငံတကာအလယ်တွင်လည်း နိုင်ငံ၏ပုံရိပ် ထိခိုက်ခဲ့ရသည်။

ယခု ရန်ကုန်တိုင်းအစိုးရက မီဒီယာတစ်ခုကို တရားစွဲသောအခါ အကြောင်းပြချက်သည် နိုင်ငံတော် အကြည်ညိုပျက်ရလေအောင် ရေးသားထားသောကြောင့်ဟု ဆိုသည်။ ယင်းအကြောင်းပြချက်မှာ များစွာ စဉ်းစားစရာရှိသည်။ လက်ရှိရန်ကုန်တိုင်းအစိုးရသည် ဒီမိုကရေစီစနစ်အရ လူထု၏ရွေးချယ်မှုမှတစ်ဆင့် အုပ်ချုပ်ရေးအာဏာကို ရယူနိုင်ခဲ့သူများ ဖြစ်ကြသည်။ ဆိုလိုချင်သည်မှာ လူထုထောက်ခံသော၊ လူထုကြည်ညိုပြီးသား အစိုးရတစ်ရပ်ဖြစ်နေသည်။ ထိုကဲ့သို့သော အစိုးရအား သတင်းဆောင်းပါး တစ်ပုဒ်မျှဖြင့် အကြည်ညိုပျက်စေနိုင်သည်ဟု အကြောင်းပြချက်ပေးလိုက်ခြင်းမှာ အနည်းငယ် အစိုးရိမ်ကြီးနေသလား အတွေးဝင်မိသည်။ သတင်းဆောင်းပါး၌ အချက်အလက် မှားယွင်းနေသည်ဆိုလျှင် ပြန်လည်ဖြေရှင်းခြင်းနှင့် တုံ့ပြန်သင့်သည်။ ထိုသို့မဟုတ်ပါက လျစ်လျူရှုလိုက်ရုံသာရှိသည်။

လိုရင်းကို ပြောရမည်ဆိုပါက ယခုတရားစွဲဆိုမှုတွင် ရန်ကုန်တိုင်း အစိုးရပေးသော အကြောင်းပြချက်သည် အနည်းငယ် အားနည်းနေသည်ဟု ထင်မြင်ယူဆမိသည်။

ဒုတိယ ဆက်စပ်တွေးဆစရာမှာ အင်အားသုံးခြင်းကိစ္စပင်ဖြစ်သည်။ အစိုးရတစ်ရပ်၏ အခွင့်အာဏာကို ရရှိအပ်နှင်းခြင်း ခံရပြီးချိန်တွင် အင်အားသုံးခြင်းကို အတော်ပင် ချင့်ချင့်ချိန်ချိန်ဖြစ်အောင် ကြိုးစားရသည်။ အစိုးရတစ်ရပ်၏အင်အားကို ဘယ်နေရာ၌ ပြင်းပြင်းထန်ထန် ကျင့်သုံးမည်။ ဘယ်နေရာ၌တွင်မူ ပျော့ပျောင်းအင်အားကိုသာ အသုံးပြုမည်ဆိုသော ဆုံးဖြတ်ချက်ဆိုင်ရာ အရေးအရာများတွင် ဖြစ်သည်။ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကာကွယ်သောနေရာမျိုးတွင် အင်အားကုန်ထုတ်၍သုံးရန် လိုပါသည်။ သို့သော် အထူးသဖြင့် လူတစ်ဦး၊ အဖွဲ့အစည်းတစ်ဖွဲ့ကို အစိုးရမှ တရားစွဲဆိုဖို့ ပြုမူလုပ်ဆောင်ချိန်တွင် အင်အားကို အတတ်နိုင်ဆုံး ချိုသုံးရန် အရေးကြီးသည်။

ယခု မီဒီယာတစ်ခုမှ သတင်းသမားများ တရားစွဲရာတွင်လည်း ဤသဘောအတိုင်းပင်ဖြစ်သည်။

အစိုးရတစ်ရပ်တည်း အင်အားဖြင့် တစ်ကိုယ်တော်ကြိတ် ဖြေရှင်းလိုက်ခြင်းထက် စာနယ်ဇင်းကောင်စီနှင့် ညှိနှိုင်းတိုင်ပင်ပြီးမှ ဖြေရှင်းခြင်း ပို၍ သင့်တော်ကောင်းမွန်နိုင်သော နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။ နောက်ဆုံး မလွှဲသာမရှောင်သာ အခြေအနေရောက်မှသာ ထိုကဲ့သို့ ဥပဒေမျိုးအား အသုံးပြုသင့်သည်ဟု တွေးမြင်မိသည်။

တတိယဆက်စပ် စဉ်းစားမိသည်မှာ နှိုင်းယှဉ်နိုင်ငံရေး (Comparative Politics) အကြောင်းပင်ဖြစ်သည်။ နိုင်ငံရေး အပြောင်းအလဲများအား ပြောကြဆိုကြ လေ့လာကြရာတွင် အခြားသော ဖြစ်ထွန်းမှုများနှင့်နှိုင်းယှဉ်၍ သုံးသပ်ကြသည့်သဘောတရားကို ဆိုလိုသည်။ အထူးသဖြင့် ဒီမိုကရေစီ အကူးအပြောင်းဖြစ်စဉ် ဆောင်ရွက်နေသောအချိန်မျိုးတွင် ထိုသဘောတရားကို ပို၍အသုံးပြုကြသည်။ မြန်မာ၌ ဒီမိုကရေစီအပြောင်းအလဲ ဖြစ်စဉ်ပေါ်လာခဲ့သည်မှာ အချိန်ကာလအားဖြင့် တိုတောင်းလှသည်။ အစိုးရ နှစ်ဆက်သာ ရှိနေသည်။ ထို့ကြောင့် နှိုင်းယှဉ်နိုင်ငံရေးပေတံဖြင့် တိုင်းတာလိုလျှင် သမ္မတဦးသိန်းစိန်လက်ထက်နှင့် လက်ရှိသမ္မတဦးဝင်းမြင့် လက်ထက်တို့ကိုသာ ယှဉ်ထိုးလေ့လာကြရုံသာရှိသည်။ သမ္မတဦးသိန်းစိန်လက်ထက် ဒီမိုကရေအခြေခံသဘောတရားများ လွတ်လပ်ခွင့်နှင့် သမ္မတကြီးဦးဝင်းမြင့်လက်ထက် လွတ်လပ်ခွင့်တို့ကို စာရင်းချ လေ့လာကြည့်ကြရုံသာ ရှိသည်။ ယေဘုယျအားဖြင့် သမ္မတဦးသိန်းစိန်မှာ တပ်မတော်၏အဆက် အစိုးရဖြစ်ပြီး NLD အစိုးရသည် ဒီမိုကရေစီအရေးတော်ပုံ၏ တပ်ဦးပါတီဖြစ်ရာ လွတ်လပ်ခွင့်နှင့် အခွင့်အရေးသဘောတရားများအရ လက်ရှိအစိုးရ အပြတ်အသတ်အသာရမည်ဟု တွက်ဆမိကြပါလိမ့်မည်။ သို့သော် ထိုအခြေအနေမှာ သောင်မတင်ရေမကျ ရှိနေသည်။ လွန်ခဲ့သောရက်အနည်းငယ်က ထွက်ရှိသည့် ပြည်တွင်းမီဒီယာတစ်ခုတွင် NLD အစိုးရလက်ထက် ပြည်တွင်းမီဒီယာလွတ်လပ်ခွင့်ကို အခုလို ရေးသားထားသည်ကို ဖတ်လိုက်ရသည်။ NLD အစိုးရလက်ထက်တွင် သတင်းသမားများအပေါ် စွဲဆိုထားသော အမှုပေါင်း ၂၈ မှုရှိနေပြီး သတင်းသမား ၄၄ ဦး တရားရင်ဆိုင်နေရကြောင်း အဆိုပါမီဒီယာတွင် ဖော်ပြထားသည်။ ထို့အပြင် နယ်စည်းမခြား သတင်းထောက်များအသင်း၏ ၂၀၁၇-၂၀၁၈ ခုနှစ် သတင်းလွတ်လပ်ခွင့် အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် ပြီးခဲ့သောနှစ်က ၁၃၁ နေရာတွင် ရှိခဲ့သော်လည်း ယခုအခါ ၁၃၇ အထိ လျော့ကျသွားကြောင်း ဖော်ပြထားသည်။ ထို့အပြင် NLD အစိုးရလက်ထက်တွင်ပင် နှိုင်းယှဉ် စရာတစ်ခု ရှိနေသည်။ တပ်မတော်က The Voice သတင်းစာကို သရော်စာတစ်ပုဒ်နှင့် ပတ်သက်ပြီး စွဲဆိုခဲ့သောအမှုဖြစ်သည်။ ယင်းပြဿနာတွင် တပ်မတော်ဟူသော ပါဝါအမာအဖွဲ့အစည်းပင် ဖြစ်လင့်ကစား ချက်ချင်းလက်ငင်း ဖမ်းဆီးအရေးယူခြင်းမရှိဘဲ အဆင့်ဆင့် လုပ်ဆောင်သွားသည်ကို တွေ့ခဲ့ရသည်။ ဦးစွာ သတင်းစာနှင့်ညှိ၊ ကျေလည်မှုမရမှ စာနယ်ဇင်းကောင်စီမှတစ်ဆင့် ညှိနှိုင်းခဲ့သည်။ ထိုနည်းလမ်းများဖြင့် ဘယ်လိုမှ မကျေလည်သော အခါတွင်မှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နှိုင်းယှဉ်နိုင်ငံရေးဖြင့် ယခု တရားစွဲဆိုသောအမှုကို အကဲဖြတ်ကြည့်သည် ဆိုပါက ရန်ကုန်တိုင်းအစိုးရအတွက် အမြတ်သိပ်မထွက်လှဟု ယူဆမိပါသည်။ နောက်ဆုံးဆက်စပ် တွေးမိသည်မှာ လက်ရှိကာလ၌ အစိုးရရော မီဒီယာများပါ အကျပ်အတည်း စိန်ခေါ်မှုများစွာ ကြုံနေရသောကာလ ဖြစ်နေသည်။

အစိုးရတွင်လည်း ရှိရင်းစွဲပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားနေဆဲမှာပင် စိန်ခေါ်မှုအသစ်များက ခပ်ပြင်းပြင်း ချင်းနင်းဝင်ရောက်လာနေသည်။

အစိုးရအား စိန်ခေါ်နေသော ပြဿနာများမှာ 

၁။ ရခိုင်အရေး

၂။ ပြည်တွင်းငြိမ်းချမ်းရေး

၃။ စီးပွားရေး

၎။ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး စသည်တို့ ဖြစ်ကြသည်။

တစ်ဖက် မီဒီယာတို့တွင်လည်း စိန်ခေါ်မှုကြီးကြီးမားမား ရှိနေသည်။ ပုဂ္ဂလိကမီဒီယာများ ရှင်သန်ရပ်တည်ရေးမှာ ဘယ်ခေတ်ဘယ်ကာလနှင့်မျှ မတူအောင် ရုန်းကန်နေရသည်။ ထို့ထက် လက်ရှိအစိုးရသည် လူထုချစ်သောအစိုးရဖြစ်နေရာ မီဒီယာတို့အနေနှင့် အစိုးရနှင့် ဂျာနယ်လစ်ဇင်ပညာကြား အကျဉ်းအကျပ်ကြုံနေရသည်။ ထိုမျှမက ရခိုင်အရေးတွင်လည်း မျိုးချစ်စိတ်နှင့် ဂျာနယ်လစ်ဇင်ကြား အကျဉ်းအကျပ် ကြုံနေရသည်။ ထိုကဲ့သို့အချိန်မျိုးတွင် ယခုလို ပြဿနာနှင့် ကြုံရသည်မှာ မည်သည့်ဘက်ကမှ ကောင်းကျိုးမရှိနိုင်ပါချေ။

သို့ဆိုပါလျှင် အစိုးရရော မီဒီယာပါ အကျိုးမရှိသော ပြဿနာကို ဘယ်လိုဖြေရှင်းကြမည်နည်း။ သေချာသည်မှာ နှစ်ဖက်စလုံး သူတစ်ချက်ဆော်လျှင် ကိုယ်သုံးလေးချက် ပြန်တိုက်ခိုက်မည်ဆိုသော လက်စားချေလိုခြင်းနှင့် ပြဿနာကို ပြေလည်စေမည်မဟုတ်ပါ။ ဤနေရာတွင် ပိတ်ထားသောစိတ်သည် ဘယ်လိုမှ အလုပ်မဖြစ်တော့။ ထိုစိတ်ကို ဖောက်ထွက်ပြီး ဖွင့်ထားသောစိတ်ဖြင့် တုံ့ပြန်မှသာ အစိုးရရော မီဒီယာပါ အကျိုးများ သော မိတ်ဖက်ဆက်ဆံရေးကို ထူထောင်နိုင်ပါလိမ့်မည်။

နိုင်စိုး