News

POST TYPE

PERSPECTIVE

ဒီမိုကရေစီ မှတ်ကျော်တင်ခံနိုင်ဖို့ ဆိုပါလျှင်
20-Oct-2018

အခြေခံလိုအပ်ချက်များ

ဒီမိုကရေစီခိုင်မာစေရန် အာဏာခွဲဝေမှုစနစ်၊ အပြန်အလှန်ထိန်းကျောင်းမှုစနစ်၊ ပြည်သူဗဟိုပြုစနစ်များ၊ ပြည်သူကိုကိုယ်စားပြုမှုစနစ်များ သတ်မှတ်ကျင့်သုံးကြသည်။ 

အာဏာခွဲဝေမှုတွင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်များအဖြစ် ခွဲဝေပိုင်းခြားထားသကဲ့သို့ ဒေသအစိုးရများသို့လည်း အာဏာ ၃ ရပ်ဖြန့်ခွဲအုပ်ချုပ်စေသည်။ အစိုးရမဏ္ဍိုင်များအချင်းအချင်း အပြန်အလှန်ထိန်းကျောင်းခွင့်လည်း ပေးအပ်ထားသည်။ ပြည်သူ လူထုကို ရွေးချယ်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်၊ ရုပ်သိမ်းပိုင်ခွင့်များ ပေးအပ်ထားသည်။ ထို့အတူ ပြည်သူလူထုအား နိုင်ငံသားအခွင့်အရေးများ၊ လူ့အခွင့်အရေးများ၊ ရပိုင်ခွင့်များကို အစိုးရက အပြည့်အဝပေးအပ်ကြရပြီး အကာအကွယ်လည်းပေးကြရသည်။ ဒီမိုကရေစီအခွင့်အရေးများကို အပြည့်အဝရရှိစေရန်၊ အပြည့်အဝအကာအကွယ်ပေးရန်ဖြစ်သည်။

ဒီမိုကရေစီစနစ်ကို ဟန်ချက်ထိန်းထားသည့် အခြေခံအချက်တစ်ခုမှာ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်များနှင့်ဆက်စပ်သည့် စတုတ္ထမဏ္ဍိုင် ခေါ် မီဒီယာဖြစ်သည်။ ဒီမိုကရေစီစနစ်တစ်ရပ် ခိုင်မာ၏၊ မခိုင်မာ၏သည် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ စတုတ္ထမဏ္ဍိုင်နှင့် ပြည်သူလူထု၏ ထိန်းကျောင်းမှုဖြစ်သည့် ပဉ္စမမဏ္ဍိုင်တို့ ခိုင်မာ၏ မခိုင်မာ၏၊ အပြန်အလှန်ထိန်းကျောင်းနိုင်မှု ရှိ၊ မရှိနှင့် တိုက်ရိုက်အချိုးကျနေသည်။ အပြန်အလှန်ထိန်းကျောင်းခွင့်ရှိမှသာ နိုင်ငံနှင့်ပြည်သူကို ကိုယ်စားမပြုမှုများ၊ အာဏာအလွဲသုံးစားမှုများ၊ အာဏာအလွန်အကျွံ သုံးစွဲမှုများ၊ တရားဥပဒေ မစိုးမိုးမှုများကို ကာကွယ်နိုင်ပေမည်။

ယင်းအချက်များသည် ဒီမိုကရေစီစနစ်အတွက် အခြေခံအချက်များဖြစ်ရာ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းဆဲ မိမိတို့နိုင်ငံအနေနှင့်လည်း ဖော်ပြပါအချက်များနှင့် ချိန်ထိုး၍ ဒီမိုကရေစီမှတ်ကျောက်တင်ရမည်ဖြစ်သည်။ ဒီမိုကရေစီသည် လက်တွေ့ကျင့်သုံးရသည့် စနစ်တစ်ခုဖြစ်ရာ မိမိတို့အနေနှင့် ဥပဒေနှင့်အညီ အမှန်တကယ် လက်တွေ့ကျင့်သုံးနိုင်၏၊ မကျင့်သုံးနိုင်၏အပေါ် မူတည်၍ မှတ်ကျောက်တင်နိုင်မည့် အရည်အသွေးကို သိရှိရနိုင်သည်။

ကူးပြောင်းဆဲအခြေအနေ

မိမိတို့နိုင်ငံ၏ နိုင်ငံရေးစနစ် အကူးအပြောင်းကို ၂၀၁၁ ခုနှစ်က စတင်ခဲ့သော်လည်း အကူးအပြောင်းအခြေအနေမှာ ဖြေလျှော့ဆဲအခြေအနေတွင် ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူလူထု၏ ရပိုင်ခွင့်များကို ပြည်သူလူထုထံ ပြန်လည်ပေးအပ်နေဆဲ အချိန်ဖြစ်သည်။ အပြည့်အဝပြန်လည်ရရှိရန် လိုအပ်နေဆဲဟုဆိုရမည်။ သို့ဖြစ်ရာ ဒီမိုကရေစီစနစ် ခိုင်မာရေး ဆက်လက်ကြိုးစားရန် လိုအပ်ဦးမည်ဖြစ်သည်။ ဖြေလျှော့သည်ဆိုရာတွင် တစ်ပြိုင်နက်တည်း အားလုံးကိုဖြေလျှော့ကြသည်ထက် မိမိနိုင်ငံအခြေအနေ၊ ပြည်သူများ၏ နိုင်ငံရေးရေချိန်၊ လုံခြုံရေး စသည့် နိုင်ငံ၏တည်ငြိမ်မှုအပေါ်မူတည်၍ ဖြေလျှော့ကြရခြင်းများရှိသကဲ့သို့ အာဏာဆုပ်ကိုင်ထားလိုမှု၊ အကျိုးစီးပွားဖော်ဆောင်လိုမှု၊ အပြောင်းအလဲကို မကျွမ်းကျင်မှု သို့မဟုတ် နားမလည်မှုများကြောင့်လည်း ဖြေလျှော့မှု အားနည်းကာ ဒီမိုကရေစီအပြောင်းအလဲကို အဟန့်အတားဖြစ်စေတတ်သည်။

မြန်မာ့ဒီမိုကရေစီအပြောင်းအလဲသည် ယခုအခါ ၇ နှစ်ကျော်ရှိပြီ ဖြစ်သည်။ ထိုအချိန်ကာလအတွင်း ဒီမိုကရေစီစံနှုန်းများ အတက်အကျ ရှိနေသည်မှာ အံ့ဩဖွယ်ဖြစ်ရပ်ဟု ဆိုရနိုင်သည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီသို့ ပြောင်းလဲသည့်နိုင်ငံတွင် အောင်မြင်သည့်နိုင်ငံများရှိသကဲ့သို့ ကျရှုံးသွားသည့်နိုင်ငံများလည်း ရှိနေသည်။ ထို့အတူ တစ်ပိုင်းတစ်စဒီမိုကရေစီတွင် ရပ်တန့်နေသည့်နိုင်ငံများလည်း ရှိနေသည်ကို သတိချပ်သင့်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီညွန်းကိန်း ၂၀၁၇ တွင် နိုင်ငံပေါင်း ၁၆၇ တွင် အဆင့် ၁၂၀ တွင်ရှိနေသည်။ ဒီမိုကရေစီအညွန်းကိန်းအရ ဒီမိုကရေစီအပြည့်အဝ နိုင်ငံ ၁၉ နိုင်ငံ၊ အပြစ်အနာအဆာရှိသော ဒီမိုကရေစီနိုင်ငံ ၅၇ နိုင်ငံ၊ တစ်ပိုင်းတစ်စ ဒီမိုကရေစီနိုင်ငံ ၃၉ နိုင်ငံ၊ အာဏာရှင်နိုင်ငံ ၅၂ နိုင်ငံရှိ ကြောင်း The Economist Intelligence Unit ၏ အစီရင်ခံစာ ၂၀၁၇ တွင်တွေ့ရသည်။ မြန်မာနိုင်ငံသည် အုပ်စုအနေနှင့် အာဏာရှင်အုပ်စုတွင် ရှိနေသည်ကို တွေ့ရသည်။

ဒီမိုကရေစီလျော့ကျမှု၏ သရုပ်သကန်များတွင် အောက်ပါအချက်များ ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည် -

(၁) ရွေးကောက်ပွဲများနှင့် နိုင်ငံရေးများတွင် ပြည်သူလူထုပါဝင်မှု ကျဆင်းခြင်း၊

(၂) အစိုးရ၏စွမ်းဆောင်ရည် ကျဆင်းလာခြင်း၊

(၃) မဏ္ဍိုင်များအပေါ် ယုံကြည်မှုကျဆင်းလာခြင်း၊

(၄) အဓိကကိုယ်စားပြုပါတီများ၏ စိတ်ပါဝင်စားမှု လျော့ကျလာခြင်း၊

(၅) ရွေးကောက်ခံမဟုတ်သော၊ တာဝန်ယူမှုမရှိသော မဏ္ဍိုင်များနှင့် ကျွမ်းကျင်အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုတိုးမြင့်လာခြင်း၊ 

(၆) နိုင်ငံရေးအီလစ်များနှင့် မဲဆန္ဒရှင်များအကြား ကွာဟချက်ကျယ်ပြန့်လာခြင်း၊

(၇) မီဒီယာလွတ်လပ်ခွင့် ကျဆင်းလာခြင်း၊

(၈) လွတ်လပ်စွာပြောဆိုခွင့်အား ထိန်းချုပ်ခြင်းအပါအဝင် အရပ်ဘက်လွတ်လပ်ခွင့်များ လျှော့ချခြင်း၊

နှစ်အလိုက် မြန်မာ့ဒီမိုကရေစီသတ်မှတ်ချက် ရမှတ်များမှာ ၂၀၁၁ ခုနှစ်တွင် ရမှတ်ပေါင်း (၁.၇၇ )၊ ၂၀၁၂ ခုနှစ်တွင် (၂.၃၅ )၊ ၂၀၁၃ ခုနှစ် တွင် (၂.၇၆ )၊ ၂၀၁၄ ခုနှစ်တွင် (၃.ဝ၅ )၊ ၂၀၁၅ ခုနှစ်တွင် (၄.၁၄ )၊ ၂၀၁၆ ခုနှစ်တွင် (၄.၂၀ )၊ ၂၀၁၇ ခုနှစ်တွင် (၃.၈၃ ) ဖြစ်သည်ကို တွေ့ရသည်။ ၂၀၁၇ ခုနှစ်တွင် ဒီမိုကရေစီ စံနှုန်းကျဆင်းလာသည်ကို တွေ့ရသည်။ ကျဆင်း ရခြင်းအကြောင်းရင်းတစ်ရပ်တွင် ရခိုင်ဒေသမြောက်ပိုင်းဖြစ်စဉ်များ ပါဝင်လျက်ရှိသည်။ ထို့အတူ လွတ်လပ်စွာပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်များလည်း ကျဆင်းခဲ့သည်ကို တွေ့ရသည်။ မီဒီယာလွတ်လပ်ခွင့် အဆင့်အနေနှင့် နိုင်ငံပေါင်း ၁၅၄ နိုင်ငံတွင် အဆင့် ၁၂၁ တွင်ရှိနေသည်။ အုပ်စုအနေနှင့် နောက်ဆုံးအုပ်စုဖြစ်သည့် Unfree အုပ်စုတွင် ပါဝင်နေသည်ကို တွေ့ရသည်။ အကူးအပြောင်းကာလအတွက် အဟန့်အတား တစ်ရပ်အဖြစ် မြင်မိသည်။

မှတ်ကျောက်တင်ဖြစ်စဉ်

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရုံး ၏ အစီရင်ခံစာနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအကြား ဝေဖန်ပြောကြားမှု၊ ယင်းကိစ္စနှင့် ပတ်သက်၍ ရေးသားခဲ့သည့်မီဒီယာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပုဒ်မ ၅၀၅ (ခ) နှင့်တရားစွဲဆိုမှု ဖြစ်ပွားခဲ့သည်။ အစိုးရမဏ္ဍိုင်နှစ်ရပ် အကြား မီဒီယာက ပဲလှော်ကြား ဆားညပ်ခဲ့သည်။ ဖြစ်စဉ်အသေးစိတ်ကို အားလုံးသိပြီးဖြစ်သည်။ ထိုဖြစ်စဉ်တွင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် စတုတ္ထမဏ္ဍိုင်တို့ ဆက်စပ်နေသည်ကို တွေ့ရသည်။ ဖော်ပြပါဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရမဏ္ဍိုင်များအကြား ပိုင်းခြားသတ်မှတ်ထားသည့် အာဏာခွဲဝေမှု၊ အပြန်အလှန် ထိန်းကျောင်းမှု၊ မဏ္ဍိုင်များ ခိုင်မာအားကောင်းမှု၊ ဥပဒေနှင့် အညီ လွတ်လပ်စွာရပ်တည်နိုင်မှု၊ ပြည်သူကိုကိုယ်စားပြုမှု စသည်တို့မှာ အနာဂတ်မျှော်မှန်းချက်နှင့် နှိုင်းယှဉ်ချိန်ထိုးကြည့်လျှင် စိတ်ဝင်စားဖွယ်ကောင်းလှသည်။ အစိုးရမဏ္ဍိုင်နှင့် အရပ်ဘက်မဏ္ဍိုင်ဖြစ်သည့် စတုတ္ထမဏ္ဍိုင်တို့၏ ဖြစ်စဉ်သည်လည်း ယနေ့လိုလားနေကြ၊ လျှောကလှမ်းနေကြသည့် ဒီမိုကရေစီအခြေခံသဘောထားများနှင့် ဟန်ချက်ညီမှု ရှိ၊ မရှိ ဆိုသည်မှာလည်း မေးခွန်းထုတ်ဖွယ်ပင်။

နောက်ဆက်တွဲဖြစ်စဉ်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာပါ စီမံကိန်းများတွင် ၅၁ ဘီလီယံကျော် ဆုံးရှုံးနေသည့်အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းထားသည့် စီမံကိန်းများတွင်လည်း နှစ်စဉ် ပြည်သူ့ဘဏ္ဍာငွေ ၅ ဒသမ ၈ ဘီလီယံ ဆုံးရှုံးနစ်နာနေခြင်းအပေါ် ဥပဒေအတိုင်းအရေးယူပေးရန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားလိုက်သည်။ ပြည်သူ့ ဘဏ္ဍာငွေများနှင့် ဆက်စပ်နေသည်။ ယင်းဖြစ်စဉ်တွင် အစိုးရမဏ္ဍိုင်နှင့် ပြည်သူလူထု၏ အပြန်အလှန်ထိန်းကျောင်းမှုအဖြစ်တွေ့ရပြီး ယင်းနှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဥပဒေနှင့်အညီ ရပ်တည်ချက်၊ လွတ်လပ်စွာ ရပ်တည်ချက်ကိုလည်း တွေ့မြင်ကြရပေတော့မည်။ 

မဏ္ဍိုင်အချင်းချင်းအကြား၊ အစိုးရမဏ္ဍိုင်များနှင့် စတုတ္ထမဏ္ဍိုင်အကြား၊ အစိုးရမဏ္ဍိုင်နှင့် ပြည်သူလူထု၏ ထိန်းကျောင်းမှု၊ အရပ်ဘက် မဏ္ဍိုင်များ၏ လွတ်လပ်စွာရပ်တည်ဆောင်ရွက်ချက်များသည် ဒီမိုကရေစီ ရှေ့ရေးအား အထောက်အကူဖြစ်နိုင်မည်လား၊ အဟန့်အတား ဖြစ်နိုင်မည်လားဆိုသည်ကို အလေးအနက်ထားစေချင်သည်။ ဖက်ဒရယ်နှင့် ဒီမိုကရေစီပန်းတိုင်ရောက်ရှိရေး မဟာဗျူဟာချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်ကာလတွင် မဟာဗျူဟာနှင့်ကိုက်ညီသော နည်းဗျူဟာ အကောင်အထည်ဖော်မှုရှိမှသာလျှင် မဟာဗျူဟာရည်မှန်းချက်များ အောင်မြင်နိုင်မည်ဖြစ်သည်။ မဟာဗျူဟာရည်မှန်းချက်နှင့် နည်းဗျူဟာ အကောင်အထည်ဖော်မှု အံလွဲနေလျှင် ရည်မှန်းချက်ကို နှောင့်နှေးစေပါ လိမ့်မည်။ အထူးသဖြင့် ယခုကဲ့သို့အပြောင်းအလဲကာလ စနစ်များခိုင်မာအောင် တည်ဆောက်နေချိန်တွင် စိတ်ဆန္ဒဖြင့်ဆုံးဖြတ်ခြင်းထက် ရေရှည်မျှော်မှန်းချက်ဖြင့် ဥပဒေနှင့်အညီ ချိန်ဆဆုံးဖြတ်သင့်ပေသည်။ တစ်နည်းအားဖြင့် ဒီမိုကရေစီနုနုအား အမွေးမသတ်မိရန် အထူးလိုအပ်လှသည်။ ထို့အတူ မိမိတို့၏ ဒီမိုကရေစီ မှတ်ကျောက်တင်ခံနိုင်ရန်လည်း မျှော်မှန်းမိသည်။

ဒီမိုကရေစီအနှစ်သာရစားသုံးလို

ဒီမိုကရေစီထောက်တိုင်များကို အားလျော့စေခြင်းသည် ဒီမိုကရေစီ အနှစ်သာရများကို ဖယ်ရှားနေခြင်းမည်သည်။ ယင်းအကျိုးဆက်ကြောင့် အတိတ်ကာလကလည်း ရုန်းကန်ခဲ့ကြရသော၊ ယနေ့လည်း ရုန်းကန်နေကြရဆဲဖြစ်သော ပြည်သူများကို ဒီမိုကရေစီအနှစ်သာရများနှင့် မဝေးကွာစေလို။ ပို၍ ပို၍သာ ခံစားစေလိုသည်။ နတ်များသည် အငွေ့ကိုသာစားသုံးကြသည်ဟု ဆိုသည်။ သို့သော် ပြည်သူလူထုသည် နတ်များကဲ့သို့ ဒီမိုကရေစီ အငွေ့ကိုသာ စားသုံးကြသူများမဟုတ်သည်ကတော့ သေချာသည်။

သိန်းထွန်း (IR)