News

POST TYPE

PERSPECTIVE

ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးမည့်လူငယ်များအတွက် မဲပေးနည်းအသိပညာပေးမည်
14-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၃

နိုဝင်ဘာလ ၃ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲပေးမည့်လူငယ်များအတွက် မဲပေးနည်းအသိပညာပေး လှုပ်ရှားမှုကို အောက်တိုဘာလ ၁၄ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ရက် (Myanmar Election Observation Network) မှ စီမံကိန်းမန်နေဂျာ ဦးမင်းသုနောင်က ပြောကြားသည်။

နိုင်ငံရေးပါဝင်မှုနှင့်လွှတ်တော်တွင် လူငယ်ပိုမိုပါဝင်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါလှုပ်ရှားမှုကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တာမွေမြို့နယ်မဲဆန္ဒနယ်နှင့် ဆိပ်ကမ်း မြို့နယ်မဲဆန္ဒနယ်များတွင် ယင်းနေ့ မွန်းလွဲ ၃ နာရီမှ ၆ နာရီထိ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ Workshop တွေ လုပ်ခဲ့တယ်။ လူငယ်တွေအနေနဲ့ ပညာရေးပိုင်းတို့၊ လူမှုရေးပရဟိတတို့ကို စိတ်ဝင်စားကြတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ မဲပေးဖို့ မျှော်လင့်ချက်မဲ့နေကြတယ်၊ စိတ်ကို မဝင်စားတော့ဘူး”ဟု ၎င်းက ဆိုသည်။

တာမွေမြို့နယ်တွင် အသက် ၁၈ နှစ် မှ ၃၅ နှစ်အတွင်း လူငယ် ၅၅,၀၀၀ ကျော် ရှိပြီး ဆိပ်ကမ်းမြို့နယ်တွင် လူငယ် ၂၂,၂၀၀ ကျော်ရှိကြောင်း၊ အဆိုပါနေ့တွင် မဲပေးနည်း၊ မဲတံဆိပ်တုံးထုသည့်ပုံစံ၊ ရွေးကောက်ပွဲအပေါ် လူငယ်များအမြင်ကို တိုက်ရိုက်အင်တာဗျူးအစီအစဉ်များ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

နိုဝင်ဘာလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၃ ခုတွင် ကျင်းပမည်ဖြစ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၁,၁၇၆,၃၈၀ (ခန့်) အနက် ပထမအကြိမ်မဲပေးမည့် လူငယ် ၂၂၂,၃၉၂ (ခန့်) ရှိ ကြောင်း Myanmar Election Observation Network စာရင်းအရ သိရသည်။

အဆိုပါအဖွဲ့ကို ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ Activity များ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် မဲဆန္ဒနယ်များကို စောင့်ကြည့်လေ့လာခြင်းများ ပြုလုပ်ပြီး လူငယ်အင်အား တစ်ထောင်ကျော်ဖြင့် ဖွဲ့စည်းထားသည်။

J-18