News

POST TYPE

PERSPECTIVE

ဒီမိုကရေစီစနစ်၏ ခံတပ်များ
13-Oct-2018



တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်များ၏ တာဝန်က ဆတက်ထမ်းပိုး တိုးလာသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစနစ် အောင်မြင်ရေးတွင် လွှတ်တော်များ အားကောင်းသန်မာရေးက အရေးကြီးလှသည်ဟူသော စကားစုမှာ အားလုံးကြားဖူးပြီးသား ဖြစ်ပါလိမ့်မည်။ ကြားရဖန်များ၍ ရိုးအီနေပေလိမ့်မည်။ ဖန်တစ်ရာတေနေပြီလည်းဖြစ်သည်။

သို့သော် ယခု ထိုဖန်တစ်ရာတေစကားကိုပင် ထပ်မံပြောကြားလိုပါသည်။ လွှတ်တော်များ အားကောင်းဖို့ အရေးကြီးလာပါပြီ။ ထိုအထဲတွင်မှ တိုင်းဒေသကြီး ပြည်နယ်များက အသက်ဝင်ရေးက ပို၍ပင် အရေးကြီးလာပါသည်။

အကြောင်းမှာ 

၁။ ပြည်ထောင်စုအဆင့် လွှတ်တော်များ အားကောင်းရေးသည် ထင်သလောက် မလွယ်ကူခြင်း၊
၂။ သုတေသန စာတမ်းတစ်စောင်နှင့်
၃။ လွှတ်တော်ပြင်ပနိုင်ငံရေး ပြန်လည်နုပျိုလာခြင်းတို့်ကြောင့် ဖြစ်ပါသည်။
ဤနေရာတွင် လွှတ်တော်များအကြောင်း အတိတ်ကို ပြန်လည်ဖော်ပြလိုပါသည်။

လွှတ်တော်အင်စတီကျူးရှင်းများ မြန်မာ၌ တစ်ခန်းရပ်သွားသည်မှာ ဆယ်စုနှစ်များစွာ ရှည်ကြာခဲ့ပြီဖြစ်သည်။၂၀၁၀ ပြည့်နှစ် အလွန်မှသာ လွှတ်တော်များသည် နိုင်ငံရေးစနစ်များ ပြောင်းလဲခြင်းနှင့်အတူ ပြန်လည်ရှင်သန်စပြုလာခြင်းဖြစ်သည်။ ထိုအခါ အခက်ကြုံရသည်မှာ ပြန်လည်ရှင်သန်စ လွှတ်တော်များ အားကောင်းရေးအတွက် ကိုယ်စားလှယ်များတွင် အတွေ့အကြုံဟူ၍ စိုးစဉ်းမျှမရှိ။ ပညာရေး သားကြောပြတ်သည့် အနေအထားမှာ ရှိနေသည်။ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ ခံစားခွင့်က နည်းပါးလှသလို အထောက်အကူအပြုအဖွဲ့ဟူ၍လည်း မည်မည်ရရ ရှိသည်မဟုတ်ပါ။ ဤအနေအထားတွင် လွှတ်တော်များ အားကောင်းရေးဆိုသည်မှာ ကိုယ်စားလှယ်များ မည်မျှပင် ထက်သန်ပါစေ လွယ်ကူလာသည် မဟုတ်ပါချေ။

မည်မျှပင် အခက်ကြုံစေကာမူ ယခုအချိန်၌ လွှတ်တော်များအား ကောင်းရေးက အခြေခံကျကျ လိုအပ်လာပြီဖြစ်သည်။ အထူးသဖြင့် တိုင်းဒေသ ပြည်နယ်များမှ သက်ဆိုင်ရာအစိုးရများကို ထိန်းကျောင်းနိုင်ရေးက အခရာကျလာသည်။

အရင်းခံသော အကြောင်းတရားမှာ အထက်တွင် ဆိုခဲ့ပြီးသလို ပြည်ထောင်စုအဆင့် လွှတ်တော်များမှ ပြည်ထောင်စုအစိုးရကို ထိန်းကျောင်းဖို့ ခက်ခဲလာသောကြောင့် ဖြစ်ပါသည်။

ဤသို့ အခက်ကြုံလာရသည်မှာလည်း ပြည်ထောင်စုအဆင့် အမတ်များ၏ လိုအပ်ချက်ကြောင့်ဟုလည်း တစ်သမတ်တည်း သတ်မှတ်၍ မရနိုင်ပါ။ ပြည်ထောင်စုအစိုးရဘက်တွင် ဩဇာအင်အား အလွန်ကြီးမားသော ပုဂ္ဂိုလ်များရှိနေခြင်းပင် ဖြစ်သည်။

ဤနေရာတွင် ပထမအကြိမ် လွှတ်တော်တစ်မျိုးတစ်မည်ဖြစ်သည်။ ထိုစဉ်က ပြည်ထောင်စုအဆင့် လွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအကြား ပုဂ္ဂိုလ်များမှာ ပါဝါချင်း မတိမ်းမယိမ်းဖြစ်ရာ လွှတ်တော်၏အလုပ် အထိန်းအထေကို သေချာပြုနိုင်ခဲ့သည်။ တိုင်းဒေသ ပြည်နယ်လွှတ်တော်များကမူ ထိုအချိန်က အားမကောင်းခဲ့ပေ။

ယခုတစ်ကြိမ်တွင်မူ ဤအနေအထားက ရွေ့လာသည်။ ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရက်က ပြည်ထောင်စု အစိုးရကို ထိန်းကျောင်းဖို့် အနည်းငယ်ခက်လာသည်။ သို့သော်ငြားလည်း တိုင်းဒေသ ပြည်နယ်လွှတ်တော်များက ဆိုင်ရာအစိုးရကို ထိန်းကျောင်းရေးက ယခင်ကလောက် မခက်တော့ခြင်းပင်ဖြစ်သည်။

ဒီမိုကရေစီအပြောင်းအလဲတွေ ဘယ်သူကြောင့် အရေးနိမ့်ရသလဲ

စာဖတ်သူများကို စာတမ်းတစ်စောင်နှင့် မိတ်ဆက်ပေးလိုပါသည်။ အဆိုပါစာတမ်းကို အမ်စတီဖင်ဖစ်ခ်ျနှင့် ဂျေဆန်ဝတ်တန်ဘတ်စ်ဟူသော ပညာရှင်နှစ်ဦးက ပြုစုထား၍ ဒီမိုကရေစီအပြောင်းအလဲများ မည်သည့်အတွက်၊ မည်သူ့ကြောင့် အရေးနိမ့်ရသနည်းကို ဆန်းစစ်ထားပါသည်။

သူတို့က ၁၉၅၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၅၈ နိုင်ငံကို သုတေသနပြုထားပါသည်။

ဤစာတမ်းတွင် ဒီမိုကရေစီအပြောင်းအလဲကို နောက်ပြန်လှည့်စေမည့် အင်အားစုငါးရပ်ကို ရှာဖွေတွေ့ရှိထားသည်။ မထိတ်သာ မလန့်သာစရာပင်။ အင်အားစုငါးရပ်တွင် မဲပေးရွေးချယ်ခဲ့သူ လူထုကိုယ်တိုင်နှင့် ယင်းတို့ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရတွင်ပင် ပါဝင်နေပါသည်။

ယင်းအင်အားစု ငါးရပ်မှာ 

၁။ လူထု အစိတ်အပိုင်းတစ်ရပ် (အထူးသဖြင့် အစိုးရကို အပြုတ်အပြတ်တိုက်လိုသူများကို ဆိုလိုသည်။
၂။ လက်နက်ကိုင် တော်လှန်ပုန်ကန်မှုများ မြန်မာတွင် ပြည်တွင်းစစ် ရှိပြီးဖြစ်သည်။
၃။ နိုင်ငံခြားအင်အားကြီးနိုင်ငံ
၎။ တပ်မတော်
၅။ အစိုးရအဖွဲ့အကြီးအကဲတို့ ဖြစ်ကြသည်။

ပို၍ အံ့ဖွယ်ဖြစ်ရသည်မှာ နောက်ကြောင်းပြန်ရာတွင် တပ်မတော်က ထိပ်ဆုံးမှရှိသည် ထင်မြင်ရသော်လည်း အရေးနိမ့် နိုင်ငံ ၂၀ ကို လေ့လာရာတွင် အစိုးရအဖွဲ့အကြီးအကဲ၏ မကျွမ်းကျင်မှု၊ အားနည်းမှုနှင့် စွမ်းဆောင်ရည်မမီမှုများကြောင့် အများဆုံးဖြစ်ရသည်ကို တွေ့ရပြီး တပ်မတော်က ဒုတိယအများဆုံး နောက်ကြောင်းပြန်အင်အားစုအဖြစ် တွေ့ရသည်။ ဆိုခဲ့ပါ သုတေသနက ထပ်မံသတိပေးထားသည်က ပို၍ စိတ်ဝင်စားဖွယ်ကောင်းပါသည်။

ယင်းအချက်မှာ ကိုယ်တိုင်ရွေးချယ်မဲပေးထားသည့် လူထုကိုယ်တိုင် အစိုးရအဖွဲ့အား အားမလို အားမရဖြစ်ပြီး ရယ်ဒီကယ်သဘောဆောင်သွား၍ မရည်ရွယ်ဘဲ ယင်းလူထုမှာ နောက်ကြောင်းပြန်စေသော အင်အားစုအဖြစ် ပြောင်းလဲသွားနိုင်ခြင်းပင်ဖြစ်သည်။

ထိုစာတမ်းမှာပင် ဒီမိုကရေစီနောက်ပြန်လှည့်မှုကို ကာကွယ်ပေးနိုင်သည့် အင်အားစုကိုလည်း ဖော်ပြထားပါသည်။ ယင်းမှာ လွှတ်တော် အင်စတီကျူးရှင်း အားကောင်းရေးပင်ဖြစ်သည်။

လွှတ်တော်နိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေး

အထက်ပါ သုတေသနစာတမ်းကို နိုင်ငံအပေါ် တင်ကြည့်လိုက်သောအခါ စိတ်စေတနာလှသော်လည်း အုပ်ချုပ်ရေးအတွေ့အကြုံနည်းပါးလှသည့် အစိုးရအဖွဲ့ ရှိနေသည်။

ထိုမျှမက အစိုးရအပေါ် အားမလိုအားမရဖြစ်နေသော တက်ကြွလှုပ်ရှားသူများလည်း ရှိနေသည်။ အထူးသဖြင့် တပ်မတော်အစိုးရ လက်ထက်ကတည်းက တည်ရှိပြီးဖြစ်သော တက်ကြွလှုပ်ရှားသူများ အင်အားများသလို ယင်းတို့စုဖွဲ့ထားသော အရပ်ဘက်အဖွဲ့အစည်းမှာလည်း ခိုင်မာဆဲဖြစ်သည်။

ထိုအချက်အလက်များအရ အပြောင်းအလဲ အောင်မြင်မှုကို အရှိန်မြန်စေသည့် သို့တည်းမဟုတ် အရှိန်နှေးစေနိုင်သည့် အင်အားစုနှစ်ရပ် ဖြစ်ထွန်းနေပြီဟု အကဲဖြတ်ရမလို ရှိနေသည်။ ယင်းအတွက် အထက်၌ ဆိုထားပြီးသော စာတမ်းအရ နိုင်ငံတွင်း၌ တိုင်းဒေသကြီးပြည်နယ်လွှတ်တော်များ အားကောင်းရေးက လိုအပ်သထက် လိုအပ်လာပြီဖြစ်သည်။တစ်နည်းဆိုရသော် အပြောင်းအလဲအောင်မြင်ရေးအတွက် လွှတ်တော်နိုင်ငံရေး အားကောင်းခိုင်မာမှုက အသက်တမျှ အရေးကြီးနေချိန်ဟုလည်း ဆိုနိုင်ပါသည်။

ဤလိုအချိန်တွင်မှ စာရေးသူအမြင်အရ ရန်ကုန်တိုင်းလွှတ်တော်မှ အပ ကျန်ဒေသဆိုင်ရာ လွှတ်တော်များက အားပျော့နေသည်။ ဤသို့ ဖြစ်ရသည်မှာလည်း အကြောင်းအရင်း အခိုင်အမာ ရှိနိုင်သည်။ ယင်းမှာ ဒေသန္တရ လွှတ်တော်ကိုယ်စားလှယ်များမှာ နောက်ပိုင်း လွှတ်တော်နေ့ရက်များတွင် မိမိကိုယ်စားပြုဒေသဖွံ့ဖြိုးရေးဘက် အလေးပေးလွန်းနေသည်။ သို့အတွက် အစိုးရကို အထိန်းအထေပြုရေးသည် သဘောသဘာဝကျစွာ အနည်းငယ် အားပျော့သွားခြင်းဟု ယူဆမိပါသည်။ သို့သည့်တိုင် ဒီမိုကရေစီ အပြောင်းအလဲ အရေးမနိမ့်ရေး၌ အစိုးရအား ထိန်းကျောင်းရေးက အရေးကြီးလှသည်ဖြစ်ရာ ထိုထိန်းကျောင်းမှုကို အားကောင်းလာရေးကို ကိုယ်စားလှယ်ကြီးများအနေနှင့် ပြန်လည်စဉ်းစားသင့်ပါသည်။ အမှန်စစ်စစ် အစိုးရအား စည်းမျဉ်း၊ ဥပဒေများ အခြေပြုထိန်းထေခြင်းသည် အစိုးရတစ်ရပ် အောင်မြင်ရေးအတွက် ပူးပေါင်းကူညီခြင်းသဘောနှင့် အတူတူပင်ဖြစ်ပါသည်။

နောက်ထပ် ဆက်စပ်လမ်းကြောင်းတစ်ခုမှာ အကယ်၍ လွှတ်တော် နိုင်ငံရေး အားမကောင်းပါက မည်သို့ဖြစ်လာမည်နည်းဟူသော မေးခွန်းဖြစ်သည်။ ရှင်းလင်းလှပါသည်။ လွှတ်တော်ပြင်ပ နိုင်ငံရေး အားကောင်းလာမည်သာ ဖြစ်သည်။ လွှတ်တော်ပြင်ပ နိုင်ငံရေးဆိုသည်မှာ နိုင်ငံအဖို့် ဆန်းလှသည်မဟုတ်။ သူစိမ်းပြင်လည်း မဟုတ်။ နှစ်ပေါင်း ငါးဆယ်ကျော်ကြာခဲ့ပြီး အာဏာရှိသူအဆက်ဆက်ကို ဆန့်ကျင်တော်လှန်ရာ၌ ကိုင်စွဲခဲ့သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ သို့ရာတွင် ထိုလွှတ်တော်ပြင်ပနည်းလမ်းသည် ကောင်းကွက်များရှိသလို မနည်းလှသော ဟာကွက်များလည်း ရှိပါသည်။ သုံးတတ်လျှင် ဆေးသဖွယ် အသုံးဝင်လှသလို မသုံးတတ်လျှင် တစ်နည်း ဘရိတ်ပေါက်သွားလျှင် ဒုက္ခတွေ့နိုင်သည်။ အထူးသဖြင့် အထက်တွင်ဆိုခဲ့သည့် သုတေသနစာတမ်းအရ မိမိမဲဖြင့် ရွေးချယ်ထားသည့် အစိုးရကို အားမလိုအားမရ ဖြစ်လာရာမှ ရွေးကောက်ပွဲစနစ်ဖြင့် မဟုတ်ဘဲ လွှတ်တော် ပြင်ပနိုင်ငံရေးနည်းလမ်းနှင့် တွန်းအားပေးဖို့ ကြိုးစားရင်း ဒီမိုကရေစီကိုပါ မရည်ရွယ်ဘဲ အရေးနိမ့်သွားစေတတ်သည့်အန္တရာယ် ရှိပါသည်။

ဒီမိုကရေစီ၏ ခံတပ်များ

စာရေးသူအမြင်တွင် လက်ရှိကာလ၌ နိုင်ငံ၌ လွှတ်တော်ပြင်ပနိုင်ငံရေးက လွှတ်တော်နိုင်ငံရေးနှင့်အပြိုင် အားကောင်းလာသည့် အခြေအနေရှိနေသည်ဟု မြင်မိသည်။ အကြောင်းရင်းခံမှာ ပြည်ထောင်စုအဆင့် လွှတ် တော်များနည်းတူ တိုင်းနှင့်ပြည်နယ်လွှတ်တော်က အထိန်းအထေပိုင်း အားမကောင်းခြင်းကြောင့် ဖြစ်နိုင်သည်။

ကျွန်တော်တို့ နိုင်ငံသားအသီးသီးမှာ အနှစ်နှစ်အလလ ဖိနှိပ်ခံခဲ့ရသောကြောင့် ရင်ဖွင့်စရာများက များလှသည်။ မကျေနပ်မှုများက အပြည့်အသိပ် ကိန်းအောင်းနေသည်။ လိုအင်ဆန္ဒများက တင်းကျမ်းတည်နေသည်။ ထိုစိတ်ဆန္ဒများ ရင်ဖွင့်ရာ ပလက်ဖောင်းမှာ ဒေသလွှတ်တော်များက အဓိကနေရာဖြစ်နေဖို့ အရေးကြီးသည်။ လွှတ်တော်က ထိုစိတ်ဆန္ဒများကို ကိုယ်စားပြုနေဖို့ အခရာကျသည်။

ထိုသို့မဟုတ်ပါက ရှိရင်းစွဲ လွှတ်တော်ပြင်ပနိုင်ငံရေးကိုသာ ဒေသခံတို့က အားကိုးအားထားပြုကြပေလိမ့်မည်။

အမှန်တွင်မူ လွှတ်တော်နိုင်ငံရေးဖြစ်စေ၊ လွှတ်တော်ပြင်ပနိုင်ငံရေးဖြစ်စေ တစ်သီးတခြား ရှိနေကြသည် မဟုတ်ချေ။ ထိုအရာနှစ်ခုမှာ ရန်ဘက်မဟုတ် မိတ်ဖက်သဘောသာ ဖြစ်သင့်သည်။ အားကောင်းလာသော လွှတ်တော်ပြင်ပနိုင်ငံရေးသည် လွှတ်တော်နိုင်ငံရေးနှင့် ချိန်ဆက်ပြီး ခရီးဆုံးသွားသင့်သည်။ သို့မှသာ ဒီမိုကရေစီအရေးနိမ့်မှုကို ရှောင်ရှားနိုင်ပါလိမ့်မည်။

စာရေးသူက လွှတ်တော်ပြင်ပနိုင်ငံရေးကို အားကောင်းစေချင်သည်။ ထိုနည်းတူ လွှတ်တော်နိုင်ငံရေး တစ်နည်း အထိန်းအထေနည်းလမ်းကိုလည်း ပို၍ အားကောင်းစေလိုပါသည်။ ထိုမျှမက ယင်းအရာနှစ်ခု ချိတ်ဆက်မှု ခိုင်မာ၍ လွှတ်တော်နိုင်ငံရေး၌ လမ်းဆုံးစေလိုပါသည်။

ဒါသည်ပင် သာမန်မဲဆန္ဒရှင်တစ်ဦး၏ စိုးရိမ်သောကများ ဖြစ်ပါသည်။

ထို့ကြောင့် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်များ အားကောင်းလာရေးသည် ယခုကာလ၌ အရေးတကြီး လိုလာပါသည်။ အချုပ်ဆိုရလျှင် တိုင်းဒေသ ပြည်နယ်လွှတ်တော်များသည် ဒီမိုကရေစီ၏ ခံတပ်များသဖွယ် တည်ရှိလာပါကြောင်း သတိပေးနှိုးဆော်လိုက်ရပါသည်။

နိုင်စိုး