News

POST TYPE

PERSPECTIVE

အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲ နေပြည်တော်တွင် ပြောင်းရွှေ့ကျင်းပမည်
12-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၁

အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲကို မူလကျင်းပရန် စီစဉ်ထားသည့် ပုပ္ပားတွင် ပြုလုပ်မည်မဟုတ်ဘဲ နေပြည်တော်တွင် ပြောင်းရွှေ့ကျင်းပမည်ဖြစ်ကြောင်း အပစ်ရပ် လက်နက်ကိုင်အဖွဲ့များက ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များပါဝင်သည့် ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးတစ်ရပ်ကို အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထိပ်သီးအစည်းအဝေးတက်ရောက်ရန် အကြိုအစည်းအဝေးတစ်ရပ်ကို အပစ်ရပ်ခေါင်းဆောင်များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၁၀ ရက် မှ ၁၁ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ဖြစ်ပေါ်နေသည့် တစ်ဆို့မှုများကို ကျော်လွှားနိုင်ရေးအတွက် ယင်းသို့ နေပြည်တော်တွင် ပြောင်းရွှေ့ပြုလုပ်ရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များကြား နှစ်ဖက်ညှိနှိုင်းမှုအရ သဘောတူခဲ့ခြင်းဖြစ်ကြောင်း အပစ်ရပ်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဌ ရဲဘော်သံခဲက ပြောကြားသည်။

ထို့ပြင် အဆိုပါအစည်းအဝေးသို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“နေရာက အဓိကတော့ မကျပါဘူး။ အဓိကကတော့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဖြစ်ဖို့က အဓိကကျပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ ဆွေးနွေးမှုတွေကို ပြန်စနိုင်ဖို့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည်ဖြစ်သည့်အတွက် တိုင်းရင်းသားခေါင်းဆောင်များအနေနှင့် တစ်ခုတည်းသော တပ်မတော်ကိစ္စ၊ လုံခြုံရေးကဏ္ဍများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးကလည်း ပြောဆိုသည်။

“ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ ပြည်ထောင်စု တပ်မတော်တစ်ခုတည်းသော တပ်မတော်ထားရှိရေးဆိုတဲ့ စဉ်းစားချက်တွေရှိပါတယ်။ အဲဒါတွေလည်း ဆွေးနွေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။

မူလက အဆိုပါ ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့် ရက်မတိုင်မီက ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့က အစည်းအဝေးကို ရက်ရွှေ့ပေးရန် တောင်းဆိုခဲ့သော်လည်း ယခုအပစ်ရပ်အဖွဲ့များကြား ဆွေးနွေးပြီးနောက် အစည်းအဝေးတက်ရောက်ရန် သဘောထားပြောင်းလဲခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါဝင် NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) တွင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့မှ ဆုံးဖြတ်ချက်ချနိုင်သည့် ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးကို ငါးရက်ကြာကျင်းပပြုလုပ်မည်ဖြစ်ပြီး အကြိုနှစ်ရက်တွင် အပစ်ရပ်အဖွဲ့ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည်ဖြစ်ပြီး ကျန်သည့်ခေါင်းဆောင်များတက်မည့်ရက်များတွင် ဆွေးနွေးမှုများကို တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။

J-08