News

POST TYPE

PERSPECTIVE

ဘုရားသုံးဆူမြို့တစ်ခွင် မြင်ကြားသိခဲ့သမျှ အမှတ်တရများ
11-Oct-2018

ဘုရားသုံးဆူမြို့ဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက မြို့ခွဲတစ်ခုဖြစ်ပါတယ်။ ရန်ကုန်ကသွားရင် ကြာအင်းဆိပ်ကြီးမြို့ကတစ်ဆင့် သီးသန့်သွားရပါတယ်။ ယိုးဒယားနိုင်ငံနဲ့ ခြံစည်းရိုးလေးပဲခြားပြီး သမ္မတဦးသိန်းစိန်လက်ထက်မှာ KNU, DKBA တို့က မြန်မာ့တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်မထိုးမီအထိ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတတ်တာမို့ နယ်မြေလုံခြုံရေးအားနည်းတဲ့အတွက် လူသူအရောက်နည်းပါးခဲ့တဲ့ ဒေသတစ်ခုပါ။ အခုတော့ တော်တော်လူစည်ကားနေပါပြီ။ 

သတင်းထောက် ကိုရဲထွန်းအောင်၊ ကိုကျော်လင်းနိုင်နဲ့ ကျွန်တော်တို့ သုံးယောက်ဟာ ၂၃-၉-၂၀၁၈ တနင်္ဂနွေနေ့ မနက် ၇ နာရီလောက်မှာ ဘုရားသုံးဆူဒေသခံတွေရဲ့ ဖိတ်ကြားချက်အရ ကြာအင်းဆိပ်ကြီးမြို့ကနေ ကားလေးနဲ့ ဆက်ထွက်ခဲ့ပါတယ်။ ကားခက တစ်ယောက်တစ်သောင်းပါ။ ဘုရားသုံးဆူမြို့သို့ မိုင် ၆၀ လောက်ဝေးပြီး အကွေ့အကောက်များပေမယ့် လမ်းတွေကတော့ကောင်းပါတယ်။ Express ကားကြီးတွေကတော့ မပြေးသေးပါဘူး။ 

ဘုရားသုံးဆူနယ်ထဲရောက်တော့ လမ်းနံဘေးမှာ ဂျပန်နိုင်ငံမှ ဆောက်လုပ်လှူဒါန်းထားပြီး နေထိုင်မယ့်သူမရှိတဲ့ လုံးချင်းတိုက် သေးသေးလေးတွေ တွေ့ရပါတယ်။ မြန်မာနိုင်ငံတစ်နံတစ်လျားက စစ်ဘေးဒုက္ခသည်တွေကို ပေးနေထိုင်စေခဲ့ပေမယ့် အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့အတွက် ရေရှည်မနေနိုင်ကြဘူးပေါ့။ 

ဘုရားသုံးဆူနယ်အတွင်း လက်နက်ကိုင်ဂိတ်တွေ သုံးခုလောက်တွေ့ရပြီး ဝင်လာသမျှကားတွေကို အခွန်ကောက်ပါတယ်။ ကားပေါ်မှာ ဝန်ထမ်းတွေပါရင်တော့ အခွန်မပေးရပါဘူး။ သူတို့ကို လေးစားမှုမရှိတဲ့ ပုံသဏ္ဌာန်ပြရင်လည်း သဘောမကျကြပါဘူး။ 

ဘုရားသုံးဆူမြို့နဲ့ ပိုနီးကပ်လာတဲ့အခါ Mytel နဲ့ Ooredoo ဖုန်းလိုင်းတွေ သုံးမရတော့ဘဲ MPT နဲ့ Telenor လိုင်းတွေပဲ သုံးလို့ရပါတော့တယ်။ Telenor က ပိုကောင်းပါတယ်။ ဖုန်း Status Bar ကိုတော့ အမြဲဂရုစိုက်ပြီး ကြည့်နေရပါတယ်။ R ဆိုတဲ့အဝိုင်းလေးပေါ်နေရင် သတိသာထားပါလေ။ ယိုးဒယားတာဝါနဲ့ လိုင်းပူးသွားခြင်းပါပဲ။ အထွက် f Out going ရော၊ အဝင် Incoming ရော ဖုန်းဘီလ်အများကြီး ဖြတ်ပါတယ်။ 

DKBA ဌာနချုပ်ရှိတဲ့ မြဝတီမြို့နယ် ဆုံစည်းမြိုင်မှာတုန်းက ၅ မိနစ်လောက်နဲ့ ငွေနှစ်သောင်းနီးပါးလောက် ကုန်ဆုံးခဲ့ရဖူးတဲ့ကျွန်တော်ကတော့ ယိုးဒယားနယ်စပ်ဒေသကိုရောက်ရင် တယ်လီဖုန်းစက်ပိတ်ဖို့ကိုသာ အရင်ပြင်ဆင်တတ်နေပါပြီ။ 

မနက် ၉ နာရီလောက်မှာ မြို့ထဲကို ဝင်လျှင်ဝင်ချင်း မြို့အနှံ့တပ်ဆင်ထားတဲ့ လော်စပီကာတွေက နိုင်ငံတော်သီချင်းဖွင့်ထားပေးသံကြားရလို့ လမ်းသွားလမ်းလာအားလုံးက ငြိမ်သက်စွာရပ်တန့်ပြီး အရိုအသေပြုကြရပါတယ်။ မြန်မာဘက်ကတော့ ဖွင့်တစ်လှည့် မဖွင့်တစ်လှည့် ဖြစ်နေပေမယ့် ယိုးဒယားဘက်ကတော့ သူတို့နိုင်ငံတော်သီချင်းကို နေ့စဉ်ဖွင့်ကြပါတယ်။ 

မနက် ၁၀ နာရီလောက်မှာ ဘုရားသုံးဆူမြို့မျက်နှာဖုံး ဝပ်ရှော့ဆရာကြီး ကိုဆံရှည် (ဦးသိန်းဝင်း) ရဲ့ လေးထပ်တိုက်ကို ရောက်ပါတယ်။ ကိုဆံရှည်ဟာ အသက် ၄၀ သာသာ လူရွယ်တစ်ဦးဖြစ်ကာ စီးပွားရေးလုပ်ငန်းကြီးများစွာ ပိုင်ဆိုင်ထားပြီး အတော်ကြီးပွားအောင်မြင်နေသူပါပဲ။ စိတ်စေတနာကောင်းရှိပြီး အပြောဘွင်းဘွင်းရှင်းရှင်းနဲ့ ပွင့်လင်းပြတ်သားတဲ့ မွန်တိုင်းရင်းသားတစ်ဦးပါ။ မြန်မာစကားကိုတော့ သိပ်မပြောတတ်ပါဘူး။ 

သူ့အနေနဲ့ အလုပ်မအားလပ်ခြင်း၊ တရားဥပဒေကို ဂဃနဏ မသိရှိခြင်းတို့ကြောင့် လူကိုယ်တိုင်မဆောင်ရွက်နိုင်တဲ့အတွက် သူနေထိုင်တဲ့ ဘုရားသုံးဆူဒေသကို အလွန်ဖွံ့ဖြိုးတိုးတက်စေချင်တာမို့ အခြေခံပြည်သူတွေရဲ့ အခက်အခဲကို ငွေကြေးအားဖြင့် ကူညီနေပါကြောင်း၊ နောက်နောင်လည်း အထူးကူညီပံ့ပိုးပေးပါမည့်အကြောင်း ကျွန်တော်တို့ကို သေချာရှင်းလင်း ပြောကြားခဲ့ပါတယ်။ တော်တော်လေးစားစရာကောင်းတာ အမှန်ပါ။ 

သူနဲ့အတူ ဒေသခံ ၅ ယောက်လောက်ကလည်း ကျွန်တော်တို့နဲ့ တွေ့ဆုံဆွေးနွေးကြပြီး ဘုရားသုံးဆူဒေသမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့အချက်တွေကို ဝေဖန်ထောက်ပြကြပါတယ်။ ဒေသခံလူငယ်တွေ မှတ်ပုံတင်လုပ်ဖို့ ခက်ခဲနေတာ၊ ပြည်မကလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ လုပ်အားခခေါင်းပုံဖြတ်ခံနေရတာ၊ အုပ်ချုပ်ရေးပိုင်းနဲ့ ဌာနဆိုင်ရာအချို့မှ အကျင့်ပျက်ဝန်ထမ်းအချို့က ပွဲခဆန်ဆန် လာဘ်ငွေအများကြီးယူနေကြတာ၊ ဘုရားသုံးဆူဒေသကို တရားဝင်နယ်စပ်ဂိတ်ဖွင့်လှစ်ပေးစေချင်တာ စတဲ့အချက်တွေကို အဓိကဆွေးနွေးကြပါတယ်။ 

ဘုရားသုံးဆူမြို့မှာ ရပ်ကွက်ကြီး ၄ ခု ရှိပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကိုတော့ အတော်လေး ပြစ်တင်ဝေဖန်ကြပါတယ်။ သတင်းထောက် ကိုရဲထွန်းအောင်ကိုတောင် အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးက ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ (သတင်းဖြစ်ရပ်နဲ့ အချက်အလက်မှန်ကန်ပေမယ့် ကိုရဲထွန်းအောင်ရဲ့ ဆန္ဒစောသွားတဲ့အတွက် သတင်းရေးသားဖော်ပြပုံ ချွတ်ချော်သွားတာမို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက နားလည်မှုလွဲချော်သွားခြင်းဖြစ်ကြောင်း၊ ကိုရဲထွန်းအောင်အနေနဲ့ အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးကို ထိခိုက်နစ်နာစေလိုတဲ့ စေတနာဆိုးမရှိကြောင်း၊ ပြည်သူနဲ့အတူ ရေရှည်အဆင်ပြေအောင် ဆောင်ရွက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးကောင်းတစ်ယောက်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်သာရှိကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ အဆင့်မြင့်ဝန်ထမ်းအချို့ကို ကျွန်တော် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါတယ်။ အဲဒီရပ် ကွက်အုပ်ချုပ်ရေးမှူးကိုတောင် တွေ့ဆုံချင်ပေမယ့် တွေ့ချိန်မရခဲ့လို့ မတွေ့ခဲ့ရပါဘူး။ အစိုးရသက်တမ်းတစ်ဆက်သာ အချိန်အကန့်အသတ်ပိုင်းနဲ့ အုပ်ချုပ်ရတဲ့ အုပ်ချုပ်သူတွေနဲ့ မီဒီယာတွေနဲ့ ပြဿနာမဖြစ်စေချင်ပါဘူး။)

နောက်ဆုံးမှာတော့ ကိုဆံရှည်နဲ့ ဒေသခံတွေက ဘုရားသုံးဆူဒေသဖွံ့ဖြိုးတိုးတက်ဖို့ တည်ဆဲတရားဥပဒေဘောင်အတွင်းမှ အသင်းအဖွဲ့တစ်ခု ထူထောင်လိုပါကြောင်းနဲ့ ကျွန်တော်တို့မှ ကူညီပေးစေချင်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်ကလည်း အတတ်နိုင်ဆုံး ကူညီမယ့်အကြောင်း ဖြေကြားခဲ့ပါတယ်။ 

သည့်နောက် ကိုဆံရှည်နဲ့ဒေသခံတွေက နေ့လယ်စာဖွယ်ဖွယ်ရာရာနဲ့ ကျွေးမွေးဧည့်ခံတာကို စားသုံးလို့အပြီးမှာ ဓမ္မဟေဝန်ပရဟိတဘုန်းတော်ကြီးကျောင်းကို ကျွန်တော်တို့ ရောက်ခဲ့ပါတယ်။ 

သက်တော် ၆၃ နှစ်၊ ဝါတော် ၄၂ ဝါရှိပြီဖြစ်တဲ့ ဓမ္မဟေဝန် ဆရာတော်ကြီး ဦးဉာဏောဘာသကို ဦးခိုက်ဝတ်ပြုကာ ဆရာတော်ကြီးရဲ့ ပရဟိတဆောင်ရွက်မှုတွေအကြောင်း လျှောက်ထားမေးမြန်းလေ့လာဖြစ်ခဲ့ပါတယ်။ 

၁၉၈၆ ခုနှစ်မှာ စတင်သာသနာပြုခဲ့တဲ့ ဘုရားသုံးဆူဒေသရဲ့ ပထမဦးဆုံး ဗုဒ္ခဘာသာဘုန်းတော်ကြီးကျောင်းဖြစ်ကြောင်း၊ ၈၈ အရေးတော်ပုံကာလမှာလည်း အချစ်အမုန်းမရှိ ပုဂ္ဂိုလ်မခွဲခြားဘဲ အခက်အခဲရှိသူတိုင်းကို ကူညီခဲ့ကြောင်း၊ ၁၉၉၂ ခုနှစ်မှာ အခမဲ့ပညာသင်ကြားရေးကျောင်း စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှ ယခုအချိန်အထိ နတလမှ အသိအမှတ်ပြုကာ နှစ်စဉ်ထောက်ပံ့ငွေ ကျပ်သိန်း ၃၂၀ ရရှိကြောင်း၊ သူငယ်တန်းမှ ၈ တန်းအထိ အခမဲ့ပညာသင်ကြားပေးနေကြောင်း၊ ပင်မဓမ္မဟေဝန် ကျောင်းတော်ကြီးမှာ ကျောင်းသား ၆၀၀ ကျော်ရှိပြီး ဘုရားသုံးဆူ တစ်နယ်လုံးက ဓမ္မဟေဝန်ပရဟိတကျောင်းခွဲတွေ အားလုံးပေါင်းလိုက်ရင် ကျောင်းသူကျောင်းသား ၂၀၀၀ ကျော်ရှိကြောင်း၊ လက်ရှိကျောင်း သား ၄၀၀ ခန့်ကို ကျောင်းအိပ်ကျောင်းစားအနေနဲ့ စရိတ်ငြိမ်းထောက်ပံ့ပေးထားကာ ဘွဲ့ရပြီး အလုပ်အကိုင်ရသည်အထိ ကူညီထောက်ပံ့ပေးနေကြောင်း၊ ဟိုတုန်းက စာမတတ်ကြတဲ့အတွက် ၁၃ နှစ်၊ ၁၄ နှစ်နဲ့ သေနတ်ကိုင် လူသတ်နေကြတာကို လက်ပိုက်ကြည့်မနေချင်ကြောင်း၊ လူငယ်တွေကို ပညာတတ်စေချင်ကြောင်း၊ ကျောင်းမှာ ဆရာ ဆရာမဦးရေ ၂၀ ရှိပြီး ပြင်ပဆရာတွေကို လစဉ် ဘတ် ၃၅၀၀ နဲ့ ဆန်တစ်အိတ်၊ ဓမ္မဟေဝန် ကျောင်းထွက်ဆရာတွေကိုတော့ ဘတ် ၃၀၀၀ နဲ့ ဆန်တစ်အိတ်ထောက်ပံ့ကြောင်း၊ အခုချိန်ထိတော့ ထူးထူးချွန်ချွန်ပညာတတ်ကြီးတွေ မပေါ်ထွက်သေးကြောင်း ဆရာတော်ကြီးရဲ့ မိန့်ကြားချက်တွေကို ကြားသိခဲ့ရပါတယ်။ 

ကျောင်းသားလေးတွေရဲ့ ယဉ်ကျေးလိမ္မာ သွက်လက်ချက်ချာမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရတဲ့အတွက် ဆရာတော်ကြီးကို ကြည်ညိုသဒ္ဓါတရားဖြစ်ပွားခဲ့ရသလို ကြည်နူးချမ်းမြေ့ဝမ်းမြောက်မှုတွေလည်း အတိုင်းအဆမရှိအောင် ပြည့်လျှံခဲ့ရပါတယ်။ 

ကျောင်းသားလေးတချို့နဲ့ စကားလက်ဆုံကျရင်း အတွေးအခေါ်ဖွံ့ဖြိုးတိုးတက်စေဖို့ မှတ်သားစဉ်းစားဖွယ်ရာ ဒဿနလေးတွေကိုလည်း အနည်းငယ်ဆွေးနွေးပြောပြခဲ့ပါသေးရဲ့။ 

လူအများစုက မတွေးကြကြောင်း၊ မတွေးတဲ့သူဟာ တုံးကြောင်း (၁) လောကမှာ တုံးတဲ့သူကများကြောင်း၊ (၂) တုံးသူတွေထဲက တွေးတဲ့သူက သင်ရင်တတ်လွယ်ကြောင်း၊ (၃) တတ်သူတွေထဲက ပိုတွေးတဲ့သူက တော်လာကြောင်း၊ (၄) တော်တဲ့သူတွေထဲက ထပ်တွေးတဲ့သူက အလုပ်အကိုင်အပေါက်အလမ်းတည့်ကြောင်း၊ (၅) တည့်သူတွေထဲက အတွေးဆုံးသူက တစ်ဖြစ်ကြောင်း စသဖြင့် တုံး၊ တတ်၊ တော်၊ တည့်၊ တစ် တစ်ဆင့်စီ မြင့်တက်လာတတ်တဲ့သဘာဝလေးနဲ့ သူတို့တိုင်းရင်းသားလူငယ်လေးတွေအတွေးကို တန်ဖိုးထားတတ်လာအောင်၊ တွေးချင်လာအောင် ရည်ရွယ်ပြီး ကျွန်တော်ရဲ့ “တ” ၅ လုံး အတွေးဒဿနလေးကို သေချာရှင်းလင်းပြောကြားလိုက်တဲ့အခါ လူငယ်တွေ အတော်သဘောကျသွားတာကို မြင်သိနေရတဲ့အတွက် ပီတိဖြစ်ခဲ့ရပါသေးတယ်။ 

ယိုးဒယားနိုင်ငံမှ အလှူရှင်တစ်စုက ကျောင်းသားတွေကို ညနေစာကျွေးမွေးလှူဒါန်းတာနဲ့ ကြုံကြိုက်နေတာမို့ မှတ်တမ်းတင်ဓာတ်ပုံတွေလည်း ရိုက်ကူးဖြစ်ခဲ့ပါတယ်။ 

ဒေသခံတွေက ဆရာတော်ကြီးပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုကြတဲ့ ကျယ်ဝန်းလှတဲ့ မြေဧရိယာအတွင်းမှာ အစိုးရတပ်မတော်အခြေစိုက်စခန်းတစ်ခုနဲ့ ဆင်းရဲသားပြည်သူ အိမ်ထောင်စု ၁၀၀ ကျော်ခန့် နှစ် ၂၀ ကျော် ကြာအောင် အတူတကွနေထိုင်လာခဲ့ကြပြီး အခုအခါ ခရိုနီအချို့က ကြားဝင်ခြေထိုးလာလို့ မရှိနွမ်းပါးတဲ့ပြည်သူတွေမှာ မြေရာပိုင်ဆိုင်ရေးအတွက် ရတက်မအေးနိုင်ဖြစ်နေရပုံတွေကို ဆရာတော်ကြီးထံ လျှောက်ထားနေကြတာကို မြင်ကြားသိရပြန်တော့ စိတ်မကောင်ခြင်းတွေ ခံစားရပြန်ပါရော။ ဆရာတော်ကြီးကတော့ အေးဆေးတည်ငြိမ်စွာ ဥပေက္ခာနှလုံးသွင်းနဲ့သာ နားထောင်ပြီး တရားနဲ့ဥပဒေစိုးမိုးရေးကိုသာ အဓိကထားကြဖို့ ပြန်လည်ဖြေကြားပါတယ်။ 

တနင်္လာနေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အကြောင်းပြန်စာပို့ရမယ့်အတွက် ကွန်ပျူတာဆိုင်တစ်ခုမှာ စာစီခဲ့ရပါတယ်။ A4 နှစ်မျက်နှာကို ၅၀ ပဲပေးပါဆိုတော့ ကျွန်တော်ဖျားသွားတယ်။ တစ်ဘတ်ကို မြန်မာငွေကျပ် ၅၀ ဆိုတော့ A4 စာမျက်နှာနှစ်ရွက် စာစီတာက မြန်မာငွေ ၂၅၀၀ ကျပ်တောင် ကျသင့်နေပြီလေ။ ဈေးများလွန်လွန်းလို့ပါ။

ကွမ်းယာဝယ်တော့လည်း ဘတ် ၃၀ ဖိုးကို ၁၅ ယာပဲရတော့ ကွမ်းတစ်ယာကို ၂ ဘတ်၊ မြန်မာငွေ ကျပ်တစ်ရာကျပါတယ်။ M150 အချိုရည်က ၄ ပုလင်းကို ဘတ် ၆၀ ပေးရတော့ တစ်ပုလင်း ၁၅ ဘတ်၊ မြန်မာ ငွေ ၇၅၀ ကျပ်နှုန်း ပေးရတာကိုး။ 

ခုလို မြန်မာငွေတန်ဖိုး အလွန်ကျဆင်းနေချိန်မှာ ကုန်ပစ္စည်းဈေးနှုန်းက ယိုးဒယားဘတ်ဈေးနဲ့တော့ တိုးမြှင့်သွားတာမဟုတ်ပေမယ့် နဂိုဈေးနှုန်းအတိုင်းပဲ ယိုးဒယားဘတ်နဲ့ ပေးချေလိုက်ရတဲ့အခါ မြန်မာငွေနဲ့ ပြန်တွက်ကြည့်လိုက်ပြီး ပြည်မက ကုန်ဈေးနှုန်းတွေနဲ့ ချိန်ဆကြည့်လိုက်ရင် ကုန်ပစ္စည်းအားလုံးဟာ အလွန်ဈေးများနေတော့တာပါပဲ။ ဘုရားသုံးဆူ ဒေသမှာက မြန်မာငွေမသုံးသလောက်ပါ။ အရောင်းအဝယ်သွက်ပြီး ဉာဏ်ရှိတဲ့ဈေးသည်တွေအတွက် ဒီလိုအချိန်မျိုးမှာ အများကြီးတွက်ခြေကိုက်စေတာပေါ့။ 

ညနေစာစားချိန်ရောက်တော့ ကိုဆံရှည်ရဲ့အစ်ကိုအရင်းဖြစ်သူ ကိုရားခေါ် ဦးသိန်းနိုင်က သူ့အိမ်မှာ ထမင်းသုံးဆောင်ဖို့ ကျွန်တော်တို့ကို ဖိတ်ကြားပါတယ်။ 

ဦးသိန်းနိုင်ဟာ DKBA က ဗိုလ်မှူးတစ်ဦးဖြစ်ပြီး ဘုရားသုံးဆူဒေသ စီးပွားရေးတာဝန်ခံဖြစ်ပါတယ်။ တော်တော်ခမ်းနားတဲ့ သူ့အိမ်ကြီးရဲ့ ဧည့်ခန်းမှာ ကျွန်တော်တို့ကို ဆွေမျိုးရင်းချာသဖွယ် လှိုက်လှဲပျူငှာနွေးထွေးဖော်ရွေစွာ ဆက်ဆံကာ ထမင်းဟင်းလျာကောင်းကောင်းတွေနဲ့ ကျွေးမွေးဧည့်ခံပြီး ဘုရားသုံးဆူဒေသမှာ သူတို့စတင်နေထိုင်စဉ်က အိမ် ၆ အိမ်တည်းသာရှိကြောင်း၊ သူတို့မိသားစုဘဝတစ်လျှောက် အတိဒုက္ခမျိုးစုံနဲ့ တွေ့ကြုံခဲ့ရကြောင်း၊ သူ့အလှူဒါနတွေ အမြောက်အမြားရှိခဲ့ပေမယ့် ဘယ်နေရာမှာမှ နာမည်မခံခဲ့ကြောင်း၊ ကိုယ့်အလုပ်ကို ကိုယ်တာဝန်ယူဖို့လိုအပ်ကြောင်း၊ ကိုယ်နဲ့မသက်ဆိုင်တဲ့နယ်ပယ်နဲ့ ကိုယ်မကျွမ်းကျင်တဲ့အလုပ်တွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုကြဖို့ လိုကြကြောင်း၊ NCA လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း ကရင်ဒေသတွေမှာ ပိုမိုဖွံ့ဖြိုးလာတဲ့အကြောင်း၊ ဘုရားသုံးဆူဒေသက မွန်တိုင်းရင်းသားအများစု နေထိုင်ကြတာဖြစ်ပြီး ကရင်စုရပ်ကွက်က သတ်သတ်တည်ရှိကြောင်း၊ သူ့အနေနဲ့ကတော့ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အမြဲတမ်းအကူအညီပေးပါမယ့်အကြောင်း စသဖြင့် အားပါးတရ ပြောပြခဲ့ပါတယ်။ ခင်မင်နှစ်လိုဖွယ်ရာ အတော်ကောင်းတဲ့သူပါ။ (ခါးကြားထဲက သေနတ်ကြီးကိုတော့ မခင်မိပါဘူး)။ 

ည ၇ နာရီသာသာ ထမင်းစားလို့ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့က ကြာအင်းဆိပ်ကြီးကို ညတွင်းချင်းပြန်ကြရမှာဖြစ်တဲ့အကြောင်း ပြောပြလိုက်တဲ့အခါ ဗိုလ်မှူးသိန်းနိုင်က ကားတစ်စီးကို အရေးပေါ်ချက်ချင်း စီစဉ်ပေးပါတယ်။ သူ့တပည့်တပ်သားတစ်ယောက်ကိုလည်း အဖော်အစောင့်အကြပ်ပြုစေပြီး ကျွန်တော်တို့သုံးယောက်အား ကြာအင်းဆိပ်ကြီးမြို့ကို လိုက်ပို့စေခဲ့ပါတယ်။ ဘုရားသုံးဆူမြို့လေးကို လက်ပြနှုတ်ဆက်ခဲ့ပြီး ကျွန်တော်တို့သုံးယောက် ပြန်လာခဲ့ကြတာပေါ့။ 

ည ၉ နာရီဝန်းကျင်မှာ ကြာအင်းဆိပ်ကြီးမြို့ ကမ်းနားဆိပ်က OK တည်းခိုခန်းကို ရောက်ရှိပြီး ကျွန်တော်တို့သုံးယောက်သား ဘုရားသုံးဆူ တစ်နေ့တာခရီးအတွေ့အကြုံထဲက စဉ်းစားသုံးသပ်စရာတွေကို ဆွေးနွေးကြပါတယ်။ ရှေ့ဆက်ဆောင်ရွက်ပေးနိုင်မယ့်အစီအစဉ်တွေ အကောင်အထည်ဖော်ရေးအတွက် တိုင်ပင်နှီးနှောကြပြီး “ဘုရားသုံးဆူ သာယာပါစေ”၊ “ဘုရားသုံးဆူ အဆင်ပြေပါစေ” လို့ တောင်းဆုပြုကာ အိပ်စက်အနားယူခဲ့ကြပါတယ်ခင်ဗျာ။

စိုးမိုး (ပါရဒိုင်း)