News

POST TYPE

PERSPECTIVE

ပုဂ္ဂလိကပါဝင်သည့် အမျိုးသားအဆင့်ပို့ကုန်မြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းရန် ကုန်သည်စက်မှုအသင်းချုပ် အကြံပြု
09-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၈

အစိုးရဌာနဆိုင်ရာများအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများ ပါဝင်သည့် အမျိုးသားအဆင့် ပို့ကုန်မြှင့်တင်ရေးအဖွဲ့ (National Promotion Board) ဖွဲ့စည်းရန် ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အကြံပြုပြောကြားသည်။ 

“Export Promotion နဲ့ ပတ်သက်ပြီး National Promotion Board တစ်ခုတော့ ဖွဲ့သင့်တယ်။ စီးပွား/ ကူးသန်းဝန်ကြီးဌာနမှာ Trade Promotion Department (မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့) တော့ရှိတယ်။ ဒါပေမဲ့ စီးပွား/ ကူးသန်း တစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ ပုဂ္ဂလိကကဏ္ဍကလည်း ပါဝင်သင့်တယ်” ဟု ၎င်းက ပြောဆိုသည်။

ကုန်သည်စက်မှုအသင်းချုပ်နှင့် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးသည့်အခါ Export Promotion ကို ထိထိရောက်ရောက် အားပေးကူညီရန်လိုအပ်ပြီး မြေယာဈေးကြီးမြင့်ခြင်း၊ အခြေခံအဆောက်အဦ လိုအပ်ချက်မြင့် မားခြင်းနှင့် အလုပ်သမားပြဿနာများသည် လာရောက်ရင်းနှီးမြှုပ်နှံရန် အဓိက ပြဿနာများဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောကြားပြီး အစိုးရက ယင်းအချက်များကို ကူညီဆောင်ရွက်ပေးသင့်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံရာတွင်လည်း National Promotion Board အဖွဲ့ဖွဲ့စည်းရန် ကုန်သည်စက်မှုအသင်း ချုပ်ဥက္ကဋ္ဌက တင်ပြရာ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖွဲ့စည်းရန်လက်ခံပြီး ဆက်လက်၍ ညှိနှိုင်းဖွဲ့စည်းရန် ပြောကြားခဲ့ကြောင်း ဦးဇော်မင်းဝင်းကဆိုသည်။ 

လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကို ၂၀၁၅ ခုနှစ်က စတင်ဖွဲ့စည်းထားပြီး အမျိုးသားပို့ကုန် မဟာဗျူဟာ ငါးနှစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

J-11