News

POST TYPE

PERSPECTIVE

ပြည်သူပိုင် ... နိုင်ငံပိုင် ... ပြီးတော့ ပုဂ္ဂလိကပိုင်
08-Oct-2018
ဒေါ်လာနှင့် ရွှေဈေးများ ထိုက်သင့်သလောက် ပြန်ကျသွားပြီဆိုသော်လည်း သယ်ယူပို့ဆောင်သွားလာရေးအတွက် မရှိမဖြစ် စက်သုံးဆီဈေးကတော့ ခပ်တည်တည်နှင့် ခေါင်ခိုက်လျက်ပင် ရှိနေသေးသည်။ ပြီးခဲ့သည့် တစ်ပတ်ကျော်က ဒေါ်လာရောင်းဝယ် ဈေးကစားသူတွေကို ဖမ်းဆီးစစ်ဆေးလိုက်တော့ ဒေါ်လာနှင့် ရွှေဈေးက မယုံကြည်နိုင်ဖွယ် ကျဆင်းသွားသည်။ ယခုဆိုလျှင် ဒေါ်လာ အဝယ်ဈေးက ၁၅၁၅ ကျပ်သာ ရှိတော့သည်။ ရွှေက ၉၇၀,၀၀၀ ဝန်းကျင်မှာ။ ဒီလောက်ဆိုတော့ မဟားတရား ခုန်တက်သွားတာနှင့်စာလျှင် တော်သေးသည်ဟု ဆိုရမည်။ သို့သော် စက်သုံးဆီဈေးကတော့ မကျသည့်အပြင် ထပ်တိုးလို့ပင် တက်လာပြန်သေးသည်။ စက်သုံးဆီအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက သူတို့အနေနှင့် အရှုံးပေါ်နေ ကြောင်း၊ မကိုက်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထုတ်ပြော လိုက်သောအခါ အထွေထွေကုန်ဈေးနှုန်းကြောင့် ခါးစည်းခံနေရသော ပြည်သူတွေခမျာ သူတို့ကိုပင် သနားရတော့မလို ဖြစ်သွားသည်။ ဒေါ်လာနှင့် ရွှေဈေးများ ပြန်လည်ပြုတ်ကျသွားချိန်တွင် စက်သုံးဆီတင်သွင်း ရောင်းဝယ်သူတစ်စုကတော့ ဘယ်သူ့မျက်နှာမျှမကြည့်ဘဲ ခပ်တည်တည်နှင့် ဈေးတင်မြဲ တင်ဆဲ ရောင်းဝယ်နေသောအခါ သုံးစွဲသူပြည်သူကြားမှာ အတော်လေးပူညံပူညံဖြစ်လာတာကိုလည်း တွေ့ရသည်။

သိကြသည့်အတိုင်း စက်သုံးဆီဈေးနှုန်းက နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံရေးကို အကြီးအကျယ် ကိုင်လှုပ်နိုင်စွမ်းရှိကြောင်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းကြီးက သက်သေပြခဲ့ပြီးဖြစ်သည်။ ထိုအရေးအခင်းကြောင့်ပင်လျှင် နိုင်ငံရေးအပြောင်းအလဲ၊ စီးပွားရေးအပြောင်းအလဲ ဖြစ်ခဲ့ရသည်။ သမ္မတဦးသိန်းစိန်အစိုးရတက်လာတော့ ခေတ်အဆက်ဆက် မလုပ်ခဲ့သည့် အစိုးရက စက်သုံးဆီဖြန့်ချိရောင်းချရေးစနစ်ကို ဖျက်သိမ်း ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်လက်များထဲသို့ လုပ်ပိုင်ခွင့် လွှဲပြောင်းပေးလိုက် သည်။ နိုင်ငံပိုင် စက်သုံးဆီဆိုင် အများအပြားကိုလည်း ပုဂ္ဂလိကလုပ်ငန်း ရှင်များလက်ထဲသို့ လွှဲပေးလိုက်သည်။ စက်သုံးဆီပြဿနာက ခေတ်အဆက်ဆက် (အထူးသဖြင့် စစ်အစိုးရလက်ထက်) အတော်တက်သော ပြဿနာဖြစ်သည်။ အစိုးရက ထိန်းချုပ်ရောင်းဝယ်နေခဲ့စဉ်က ဈေးနှုန်းအတော်အတန်တည်ငြိမ်ခဲ့သည်ဟု ဆိုနိုင်သော်လည်း Supply နှင့် Demand မမျှတသောကြောင့် အစိုးရဈေးနှင့် ပြင်ပဈေးကွာခြားမှုရှိကာ နံနက်မိုးလင်း မိုးချုပ် ကားတန်းရှည်ကြီးတွေကို အစိုးရဆီဆိုင်များရှေ့မှာ တွေ့ခဲ့ ရသည်။ မှောင်ခိုဈေးကွက်ဖြစ်ခဲ့သောကြောင့် စက်သုံးဆီဆိုင်ဝန်ထမ်းတွေ အကြီးအကျယ်ခြစားခဲ့တာလည်း ဟိုအရင် မဆလခေတ်ကတည်းက ဖြစ်သည်။ မော်တော်ကားအစုတ်ကလေးနှစ်စီး သုံးစီးဝယ်ထာပြီး နို့ညှစ်သည် ဟုဆိုကာ ဆီထုတ်ရောင်းစား ဝင်ငွေရှာသော လူအချို့ပင် ရှိခဲ့သည်။ စက်သုံးဆီက ခေတ်သစ်လူနေမှုဘဝ၏ အသက်သွေးကြောလည်း ဖြစ်သည်။ ထို့ကြောင့် ထိုလုပ်ငန်းကို အစိုးရများကသာ ထိန်းချုပ်ပြီးလုပ်ကိုင်ခဲ့သည်။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ရှင်းလင်းချက်အရ စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးရေးလုပ်ငန်းကို ၁၉၃၄ Petroleum act အရ ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံတော်ကပင် ဦးဆောင်လုပ်ကိုင်ခဲ့သည်။

မော်တော်ယာဉ်များ ခွဲတမ်းစနစ်ဖြင့် စက်သုံးဆီဝယ်ယူခွင့်ရခဲ့စဉ်က ပုံမှန်အသုံးသာရှိသော မိမိတို့လို ကိုယ်ပိုင်ယာဉ်သမားတွေမှာ တစ်ပတ်တစ်ပတ် ပိုပင် ပိုလျှံနေသေးသည်။ ဟိုတုန်းက အစိုးရက နည်းနည်းလေး ဈေးနှုန်းမပြင်လိုက်နှင့်။ ပူညံပူညံတွေ ဖြစ်ကုန်သည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးက စက်သုံးဆီဈေးတွေ ရုတ်တရက်မြင့်တက်သွားရာက စခဲ့သည်။ ဟိုတုန်းကတော့ ခုလိုအမျိုးအမည်စုံစုံနှင့် စက်သုံးဆီဆိုင်တွေ ပေါပေါများများ မရှိ။ မဆလခေတ်ကတည်းက ရှိလာသော ဆီဆိုင်တွေမှာပဲ ဆီဖြည့်ကြရသည်။ စာရေးသူ ထည့်လေ့ရှိသောဆီဆိုင်က ကန်တော်ကြီးစောင်း မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာ ရှိသည်။ ယခုတော့ ရွှေတောင်ကုမ္ပဏီလက်အောက် ST အမည်ဖြင့် ရောက်သွားပြီဖြစ်သည်။ သည်ဆိုင်တွေက မူလအစိုးရပိုင်ကတစ်ဆင့် ပြောင်းလာခြင်းဖြစ်သည်။ မဆလ ခေတ်ကတည်းက ရှိခဲ့သည့် ဆီဆိုင်တွေက (ဟိုခေတ်အခါက ယခုလို မော်တော်ယာဉ်လည်း မများ၊ လမ်းတွေလည်း မကျယ်သဖြင့်) လမ်းဆုံ၊ လမ်းထောင့်တွေမှာ နေရာကျဉ်းကျဉ်းနှင့်ဖြစ်သည်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လွှဲပေးလိုက်တော့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက နိုင်ငံတကာဒီဇိုင်းတွေနှင့် သစ်လွင်ကျယ်ဝန်းသော စက်သုံးဆီဆိုင်သစ်တွေကို ပန့်အရေအတွက်များများနှင့် ရောင်းလာကြသည်။ ဘာပဲဖြစ်ဖြစ် ဆိုင်သစ်တွေပေါလာ၊ ကြိုက်သည့်နေရာမှာ ကြိုက်သလောက်ဝင်ထည့်ဖြစ်လာတော့ ခဏတဖြုတ် စိတ်ချမ်းသာလိုက်ကြသေးသည်။ 

တကယ်တော့ မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲပုံက နိုင်ငံတကာ ကော်ပိုရိတ်လုပ်ငန်းကြီးတွေလို မဟုတ်။ လက်သင့်ရာ စားတော်ခေါ် နိုင်ငံပိုင်လုပ်ငန်းဟောင်းတွေကို ပုဂ္ဂလိကသို့ လက်လွှဲပေးလိုက်ခြင်းသာဖြစ်သည်။ နေ့စဉ် နံနက်ခင်းလမ်းလျှောက်တိုင်း စာရေးသူနေထိုင်ရာ ရပ်ကွက်ကို အမှုမဲ့ အမှတ်မဲ့နေရင်း သတိထားကြည့်ဖြစ်မိသည်။ မြောက်ဘက်မှာ စက်သုံးဆီဆိုင် သုံးဆိုင်ရှိသည်။ Regency၊ MMTM နှင့် Max။ ရှေ့နှစ်ဆိုင်က မျက်နှာချင်းဆိုင် ပူးနေသည်။ လမ်းဆုံ လမ်းခွလည်းဖြစ်၍ ရုံးတက်ရုံးဆင်းချိန်ဆိုလျှင် အလွန်ရှုပ်ထွေးသောနေရာ။ MMTM က နဂိုကတည်းက ရှိခဲ့သော အစိုးရဆိုင်ဟောင်းဖြစ်ပြီး Regency ကတော့ အသစ်ဆောက်တာဖြစ်သည်။ ကျိုက္ကဆံလမ်းပေါ်က Max ကတော့ ယခင်တာမွေသင်္ချိုင်းဟောင်းနေရာ ဖြစ်သည်။ ယခု တာမွေလမ်းဆုံ၊ ယခင်တာမွေအဝိုင်း မရိုးဆန်းရုံထောင့်က အစိုးရဆီဆိုင်ဟောင်းက ယခု New day ဖြစ်နေသည်။ နာမည်မျိုးစုံနှင့် စက်သုံးဆီဆိုင်တွေ ပေါသလို၊ လက်လီဆိုင်ကလေးတွေကလည်း ဖင်ချင်းပေါက်နေသည်။ g & g၊ abc၊ City Express၊ 1 Stop Mart၊ Future Mart တန်းစီနေသည်။ အမည်စုံ လက်လီဆိုင်တွေ ပေါသလို အမည်စုံဘဏ်တွေလည်းပေါသည်။ အိမ်နီးချင်းနိုင်ငံတွေမှာတော့ မြန်မာပြည်လောက် စက်သုံးဆီဆိုင်ရော လက်လီဆိုင်ပါ အမျိုးအမည်မများ။ Shell ဖြစ်ချင်ဖြစ်မည်။ PTT ဖြစ်ချင်ဖြစ်မည်။ Seven-eleven ဖြစ်ချင်ဖြစ်မည်။ တစ်နိုင်ငံလုံး ထို Brand တွေပဲ ဘယ်သွားသွား တွေ့ရသည်။ မြန်မာ့စီးပွားရေးရဲ့ ထူးခြားတဲ့ပုံသဏ္ဌာန်ကို ပြောလိုတာပါ။ 

တစ်နေ့က နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ ကိုယ်တိုင် ဆိုင်းဘုတ်ကြီးလည်ပင်းဆွဲလို့ ဆန္ဒပြနေတာကို မြင်ရသောအခါ စိတ်မကောင်းဖြစ်ရသည်။ “သက်ရှိထင်ရှား မူလပိုင်ရှင်ကို ပြန်ပေးပါ” ဆိုပြီး ဦးကျော်သူတို့ မိဘတွေပိုင်ဆိုင်ခဲ့သည့် ခြံဝင်းရှေ့မှာ တစ်ကိုယ်တော်ဆန္ဒပြနေတာဖြစ်သည်။ တစ်ခါက “ခေတ်အကြိုက် နိုင်လွန်စက်ရုံ” အဖြစ် ထင်ရှားခဲ့ပြီး ပြည်ပနိုင်ငံများသို့ပင် နိုင်လွန်ဇာများတင်ပို့ခဲ့ရသည့်စက်ရုံမှာ အာဏာသိမ်း ဗိုလ်ချုပ်ကြီးနေဝင်း၏ ပြည်သူပိုင်သိမ်းခြင်းကို ခံရပြီး လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ခေတ်တွေစနစ်တွေ ပြောင်းလာတော့ ဦးကျော်သူကိုယ်တိုင် စက်မှုဝန်ကြီး ဦးအောင်သောင်းထံ သွားပြန်တောင်းသည်။ သူများကို ပေးလိုက်ပြီဆိုသော စကားတစ်ခွန်းနှင့် သူများတွေလက်ထဲ ရောက်သွားသော မိဘပိုင်ခြံမြေကို ယခုအစိုးရလက်ထက်အထိ ပြန်တောင်းသော်လည်း မရသည့်အတွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။ မြန်မာပြည်မှာ ဦးကျော်သူလို ဖြစ်ရပ်မျိုးတွေ ဘယ်လောက်ရှိနေမလဲ မသိနိုင်ပါ။ 

ပါလီမန် ဒီမိုကရေစီခေတ်တုန်းကတော့ ပုဂ္ဂလိကပိုင်၊ မဆလခေတ်ကျတော့ ပြည်သူပိုင်၊ နဝတခေတ်ကျတော့ နိုင်ငံပိုင်။ ထိုမှတစ်ဆင့် ပုဂ္ဂလိကပိုင်ဆိုပြီး မူရင်းမဟုတ်သော ပုဂ္ဂလိကတွေကို ဈေးချိုချိုနှင့် လွှဲပေးလိုက်သည်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရခြင်း၊ အာဆီယံတွင် အဆင်းရဲဆုံးဖြစ်သွားရခြင်း အကြောင်းတွေထဲမှာ မြန်မာနိုင်ငံ ဖြတ်သန်းခဲ့ရသော အလွဲလွဲအချော်ချော် စီးပွားရေးစီမံခန့်ခွဲပုံစနစ်များကလည်း အဓိကအချက်တစ်ခုအနေနှင့် ပါဝင်နေသည်ဟု ထင်မြင်မိကြောင်းပါ...။

ချစ်ဝင်းမောင် (၆-၁၀-၂၀၁၈)