News

POST TYPE

PERSPECTIVE

နိုင်ငံရေးပါတီအချို့ အစိုးရကို တိုက်ခန်းငှားခနှင့် ရက်လွန်ကြေးမပေး
03-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂

နိုင်ငံရေးပါတီ ၁၁ ခုကို တစ်လလျှင် ကျပ်နှစ်သောင်းနှစ်ထောင်နှုန်းဖြင့် တိုက်ခန်းများ ငှားရမ်းပေးခဲ့ရာ ပါတီအချို့မှာ စာချုပ်ပါ စည်းကမ်းနှင့်အညီ ငှားရမ်းခ ပုံမှန်ပေးဆောင်ခြင်း မရှိသည့်အပြင် ရက်လွန်ဒဏ်ကြေးများပါ ပေးသွင်းမှုမရှိကြောင်း အောက်တိုဘာလ ၂ ရက်က ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။

ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ ရန်ကုန်တိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေနှင့် နိုင်ငံရေးပါတီများကို အထက်ပါအတိုင်း ငှားရမ်းပေးထားသည်ဟု စက်တင်ဘာလ ၁၄ ရက်က လွှတ်တော်သို့ တင်ပြထားသည့် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာ၌ ဖော်ပြထားကြောင်း ၎င်းက ဆိုသည်။

“လစဉ်ကြေး ပုံမှန်မပေးသွင်းတာရှိသလို ပေးသွင်းမှု နောက်ကျလို့ ဒဏ်ကြေးတွေဆောင်ဖို့ ပြောတဲ့အခါမှာ မပေးဆောင်တာရှိတယ်။ သုံးလ လခမပေးရင် အခန်းတွေကို ပြန်သိမ်းရမယ်ဆိုပြီးတော့ စာချုပ်ထဲမှာ ပါပါတယ်။ စာချုပ်ပါ စည်းကမ်းများအတိုင်း တိတိကျကျ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်”ဟု ဦးနေဘုန်းလတ်က ဆိုသည်။

ယင်းအကြောင်းအရာနှင့် ပတ်သက်၍ တိုက်ခန်းငှားရမ်းခ ယခုနှစ် စက်တင်ဘာလ တစ်လစာ ပေးသွင်းရန် ကျန်ရှိသော ပါတီတစ်ခုမှ တာဝန်ရှိသူက “ဒီနှစ်ကိုးလပိုင်းပဲ မပေးရသေးတာပါ။ ကျန်တာတွေက အကုန်လုံးပေးပြီးတော့ ရှင်းပြီးသွားပြီ။ အလွန်ဆုံးကြာ တစ်လ၊ နှစ်လပေါ့။ ဒီလ သွားပေးလိုက်ရင် ပြီးပြီလေ။ ရှင်းရှင်းပြောရရင် ဒါက ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ သဘောတွေ ဖြစ်နေတာ”ဟု မှတ်ချက်ပြုသည်။

လက်ရှိ တိုက်ခန်းငှားရမ်းထားသည့် နိုင်ငံရေးပါတီ ၁၁ ခုမှာ မြိုတိုင်းရင်းသားပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ ပြည်သူ့အကျိုးပြု ကျောင်းသားများ ဒီမိုကရေစီပါတီ၊ ကချင်အမျိုးသား ဒီမိုကရေစီကွန်ဂရက် ပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ဗမာပြည်သူ့ပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီများဖြစ်ကြောင်း အစီအရင်ခံစာ အချက်အလက်များအရ သိရသည်။

သို့သော် နိုင်ငံရေးပါတီ ၁၁ ခုအနက် မည်သည့်ပါတီများက ပေးသွင်း၍ မည့်သည့်ပါတီများက ပေးသွင်းမှုမရှိခြင်းကို အတိအကျ ပြောကြားခြင်းမရှိပေ။

ယင်းငှားရမ်းထားသည့် တိုက်ခန်းများအနက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ၌ စာချုပ်သက်တမ်း ကုန်ဆုံးမည့် တိုက်ခန်းများနှင့်၂၀၂၀ ခုနှစ် လဆန်းပိုင်း၌ သက်တမ်းကုန်မည့် တိုက်ခန်းများလည်းရှိကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာအရ သိရသည်။

J-17