News

POST TYPE

PERSPECTIVE

လှည်းကူးတွင် ကျည်ဆန်များ သိမ်းဆည်းရမိ၊ သံသယရှိသူ စာရင်းတွင် တပ်ကြပ်ကြီးတစ်ဦးပါ
02-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁

လှည်းကူးမြို့နယ်၊ ဇရပ်ကွင်း ကျေးရွာ၊ ရန်ကုန်-ပဲခူး ကားလမ်းရှိ “ရဲတံခွန်” အဝေးပြေး ကားလက်မှတ် အရောင်းဆိုင်တွင် လာရောက်အပ်နှံထားသည့် သံသေတ္တာ နှစ်လုံးအတွင်းမှ ၅.၅၆ အမျိုးအစား ကျည်ဆန် ၉၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်သူစာရင်းတွင် ဘားအံမြို့ရှိ စက်လက်နက်ပစ္စည်းတပ်မှ တပ်ကြပ်ကြီးတစ်ဦး ပါဝင်နေကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျည်ဆန် အမြောက်အမြားပါရှိသည့် သံသေတ္တာနှစ်လုံးကို စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက “ရဲတံခွန်” အဝေးပြေး ကားလက်မှတ်အရောင်းဆိုင်သို့ အသက် ၂၅ နှစ် ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက သုံးဘီးဆိုင်ကယ်တစ်စီးဖြင့် လာရောက်၍ မူဆယ်သို့ ပို့ဆောင်ပေးရန် တန်ဆာခ ကျပ်သုံးသောင်းဖြင့် အပ်နှံခဲ့သည်။

“သူတို့အပ်တဲ့ သေတ္တာနှစ်လုံးကို ကားဂိတ်က တောင်ပြာတန်းကားနဲ့ ထည့်ပေးတယ်။ အလုပ်သမားတွေက ဝိုင်းသယ်ပေမယ့် အတော်လေးတာကြောင့် ကားသမားက လက်မခံခဲ့ဘူး။ လက်မှတ်အရောင်းဆိုင် ပိုင်ရှင်ကလည်း ဒီသေတ္တာအပေါ် သံသယဝင်နေမိပြီ။ ဒါနဲ့ သူ့မိန်းမကို တိုင်ပင်ပြီး သေတ္တာသော့တွေ ရိုက်ဖွင့်ကြည့်ရာက အထဲမှာ ကျည်ဆန်တွေကို တွေ့မိတာ။ ဒီလောက်များတဲ့ ကျည်ဆန်တွေဆိုတာ တပ်ရင်းတစ်ခုကိုပါ ဝင်တိုက်လို့ရတယ်”ဟု ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ သံသေတ္တာနှစ်လုံးကို လာအပ်သူ အသက် ၂၅ နှစ် ဝန်းကျင် အမျိုးသားမှာ အရပ် ငါးပေခွဲနီးပါးဖြစ်ပြီး ဆံပင်တို၍ ခန္ဓာကိုယ် အသင့်အတင့်ရှိပြီး အသားလတ်ကြောင်းနှင့် ယင်းနေ့က အင်္ကျီအပြာနုလက်ရှည်၊ အနက်ရောင် ဘောင်းဘီရှည်ဝတ်ဆင်ထားကြောင်း၊ သံသေတ္တာနှစ်လုံးထဲမှ ၅.၅၆ ကျည် တစ်ဘူးလျှင် ၅၀ တောင့်ပါ ၁၇၀ ဘူး၊ တစ်ဘူးလျှင် ကျည် ၂၀ တောင့်ပါ ၅၀ ဘူး အပါ စုစုပေါင်း ကျည်ဆန် ၉၅၀၄ တောင့်ကို သိမ်းဆည်းရမိခဲ့ပြီးနောက် ယင်းကျည်ဆန်များကို ခေတ္တထိန်းသိမ်းရန် အင်းတိုင်ရှိ အမှတ် (၁) စက်လက်နက်ပစ္စည်းတပ်ရင်းမှ ယူဆောင်သွားခဲ့သည်။

“လက်ရှိတော့ တစ်ယောက်မှ မမိသေးဘူး။ ဘေးတွဲပါ ဆိုင်ကယ်မောင်းသူက ဇရပ်ကွင်းရွာသား၊ ကျည်ဆန်တွေ လာပို့သူက ဘားအံ စစ်လက်နက်ပစ္စည်းတပ်က တပ်ကြပ်ကြီးတစ်ယောက်။ အဲလောက်အထိတော့ အချက်အလက်ကို စုံစမ်းရရှိထားပြီ”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ ကျည်ဆန်အမြောက်အမြား သိမ်းဆည်းရမိမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က ခဲယမ်းမီးကျောက်များကို ခွင့်ပြုချက် လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိလျက် သယ်ယူပို့ဆောင်ခြင်း ဆောင်ရွက်ခဲ့သူကို အမှုဖွင့်ဖော်ထုတ် အရေးယူ စုံစမ်းဆောင်ရွက်နိုင်ရန် တပ်မတော်နှင့် ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းဆောင်ရွက်လျက်ရှိသည်။

S-03



  • VIA