News

POST TYPE

PERSPECTIVE

ဖော်ထုတ်ရမယ့် ဒေါ်လာဈေး ကြီးမြင့်ခြင်းရဲ့ နောက်ကွယ်က လက်မည်းများ
27-Sep-2018
စက်တင်ဘာ ၂၀ ရက်နေ့က US တစ်ဒေါ်လာ ၁၆၂၀ ကျပ်နဲ့ ရွှေဈေးက ၁၀ သိန်းနှစ်ထောင်ကျော်သွားခဲ့ချိန် စိုးရိမ်စရာကောင်းတဲ့ ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ ဖြစ်ပေါ်လာမယ့် ငွေကြေးဖောင်းပွမှုကို ကာကွယ်ဖို့အတွက် အစိုးရအနေနဲ့ ခြေလှမ်းတစ်ရပ် စနိုင်ခဲ့လိုက်တာ မြင်ခဲ့ရပါတယ်။ ဒါကတော့ စက်တင်ဘာလ ၂၁ ရက်နေ့ သမ္မတအိမ်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်လာဈေး မြင့်တက်အောင် ဈေးကစားနေသူများကို စုံစမ်းဖော်ထုတ် အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တဲ့သတင်းပါ။ ဒါနဲ့ပတ်သက်လို့ ယခင်ကတော့ အဆိုပါဈေးကစားသူတွေကို ဖမ်းဆီးတာရှိခဲ့ဖူးပေမယ့် အခုတော့ ဖမ်းဆီးတာမျိုးမလုပ်ဘဲ သူတို့ကိုင်တွယ်နေတဲ့ငွေတွေအပေါ် ငွေဖြူ၊ ငွေမည်း စိစစ်တာ၊ ဒေါ်လာဝယ်လိုအားအတွက် မည်သည့်နေရာမှာ မည်သည့်အတွက် သုံးစွဲတာဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုသာ စိစစ်လျက်ရှိနေတယ်။ အဲဒါပြီးရင်တော့ သင့်လျော်တဲ့ Action က ဆက်လာပါလိမ့်မယ်လို့ ဆိုထားပါတယ်။ တစ်ဖက်မှာလည်း ဒေါ်လာဈေးကိုထိန်းညှိဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ အမျိုးသားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ဖွဲ့စည်းထားကြောင်းလည်း သိရပါတယ်။

အစိုးရအနေနဲ့ အခုလိုဆောင်ရွက်ခဲ့ခြင်းဟာ နောင်ဆက်လက်ဖြစ်ပေါ်လာမယ့် ငွေကြေးဖောင်းပွမှုကို တစ်စိတ်တစ်ဒေသ တားဆီးလိုက်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။ အမှန်ဆိုရင် အစိုးရကသာ အချိန်မီကာကွယ်မှုမရှိဘဲ ဒီလိုသာ မြန်မာကျပ်ငွေတန်ဖိုးတွေ ဆက်တိုက်ကျဆင်းနေမယ်ဆိုရင် မြန်မာ့စီးပွားရေး အလားအလာဟာ စိုးရိမ်ထိတ်လန့်ဖွယ် အခြေအနေနဲ့ ရင်ဆိုင်ရတော့မှာမလွဲသလို ဒီအကြားမှာ နစ်မွန်းရမှာက နိုင်ငံအတွင်းက အခြေခံလူတန်းစားအုပ်စုပါ။ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ဒေါ်လာလဲနှုန်းပြောင်းလဲမှုအကြားမှာ ပြည်တွင်းရွှေဈေးနှုန်းဆိုတာကလည်း သမိုင်းမှာမရှိဖူးတဲ့စံချိန်အဖြစ်၂၀၁၇ စက်တင်ဘာမှာ ၉၀၀,၀၀၀ အထက်ရှိခဲ့ရာက အခု ၁,၀၂၀,၀၀၀ ကျော်ကို ခုန်တက်သွားတဲ့ အခြေအနေပါ။ ကမ္ဘာနှင့်အဝန်း ဒေါ်လာဈေးဂယက်ကြောင့် အခြားနိုင်ငံတွေမှာ သက်ရောက်မှုရှိကြတယ်ဆိုစေဦး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုနှုန်းကတော့ တုန်လှုပ်ဖွယ်အနေအထားအဖြစ် သူများနိုင်ငံတွေ ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းမကျော်ချိန်မှာ ကိုယ့်နိုင်ငံက ၂၀ ရာခိုင်နှုန်းခန့် တန်ဖိုးကျဆင်းသွားခဲ့ရတာ မြင်ကြရမှာပါ။ ၂၀၁၂ ခုနှစ်က စတင်ခဲ့တဲ့ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းအပေါ်  ပုဂ္ဂလိကဘဏ်များက အတိုးအလျှော့ ၈ ကျပ် (+/- ဝ.၈) သတ်မှတ်ထားခြင်းကို ဩဂုတ် ၁၃ မှာပယ်ဖျက်ပြီး ငွေလဲဈေးကွက်ကို Float လုပ်ပေးခဲ့ခြင်းဟာ လက်ရှိ ကျပ်ငွေတန်ဖိုးကျဆင်းမှုအရ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့တယ်လို့ ဆိုနေကြတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ တွေ့ဆုံခဲ့သော်ငြား ဒီအပေါ် တစ်စုံတစ်ရာ အဖြေရှာနိုင်ခြင်းမရှိခဲ့သလို အခြားနိုင်ငံရေး ဖိအားတွေအကြားမှာ မြန်မာ့စီးပွားရေးဘေးကျပ်နံကျပ် အနေအထားက ရုန်းထွက်နိုင်မယ့်လမ်းစကလည်း ပျောက်နေသလိုမြင်ခဲ့ရ ပြန်တဲ့အပေါ် စက်တင်ဘာ ၁၉ ရက်နေ့ကတော့ ဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံအနေနဲ့ သွင်းကုန်က ပို့ကုန်ထက်ပိုမိုမြင့်မားနေတာဖြစ်တဲ့အတွက် ကုန်သွယ်မှုလိုငွေရှိနေပြီး ကုန်သွယ်မှုနဲ့မညီမျှတဲ့အခြေအနေတွင် ရှိနေတာမို့ တစ်ကမ္ဘာလုံးရှိ ငွေကြေးတန်ဖိုးများ ကျဆင်းလာပြီး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းဟာလည်း တခြားနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံက ပိုမိုသက်ရောက်မှု ရှိတယ်လို့ ဝန်ခံပြောကြားခဲ့တာလည်း ကြားပြီးခဲ့ပြီးဖြစ်မှာပါပဲ။

ဒီအတွက် စီးပွားရေးကျဆင်းမှု၊ ကျပ်ငွေတန်ဖိုးနိမ့်ကျမှုကြောင့် ဖြစ်ပေါ်လာမယ့် ငွေကြေးဖောင်းပွမှုအကြားမှာ အခြေခံပြည်သူများ ဆင်းရဲတွင်းပိုနက်စေမယ့် အခြေအနေနဲ့ ရင်ဆိုင်ကြရတော့မလား၊ ဒီအခြေအနေဟာ နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ ကျေးလက်နေပြည်သူနဲ့ အခြေခံလူတန်းစား အလုပ်သမားတွေအတွက် သူတို့ရဲ့နေ့စဉ်လူမှုစီးပွား ဘဝတွေရပ်တည်ဖို့အရေး စိုးရိမ်စရာတွေ ဖြစ်လာမလားလို့လည်း စိုးရိမ် ပူပန်မှုတွေရှိနေပါတယ်။

အစိုးရအနေနဲ့ ငွေကြေးဖောင်းပွမှုကို တောက်လျှောက် မထိန်းနိုင်ရင်တော့ဖြင့် ပြည်သူများဆင်းရဲမွဲတေ၊ စီးပွားပျက်ကပ်ပါ ဆိုက်ပြီးတောင် အမေရိကတိုက်က ဗင်နီဇွဲလားနိုင်ငံလို ဖြစ်သွားမှာ စိုးရိမ်နေကြတယ်လို့ ဆိုကြပြန်တယ်။ ဗင်နီဇွဲလားဆိုတာက မြန်မာထက် ၁ ဒသမ ၃ ဆကျော် ကြီးမားပြီး ရေနံစတဲ့ သဘာဝအရင်းအမြစ် လွန်စွာကြွယ်ဝတဲ့နိုင်ငံတစ်ခု။ သူကလည်း “OPEC” ခေါ် ရေနံထုတ်လုပ်သည့် နိုင်ငံများအဖွဲ့ထဲကို ချမ်းသာကြွယ်ဝတဲ့ ဆော်ဒီ၊ ကူဝိတ်တို့နဲ့အတူ ပထမဆုံးစဖွဲ့ကတည်းက အသင်းဝင်ထားခဲ့တဲ့နိုင်ငံ။ မြန်မာ့ကမ်းလွန်က သဘာဝဓာတ်ငွေ့၊ မြောက်ပိုင်းက ရတနာတွေ၊ အလယ်ပိုင်း ပဲခူးရိုးမကကျွန်းတွေ ပေါသလို သူတို့လည်း ရေနံ ပေါများလှတဲ့နိုင်ငံပါ။ ဒီလိုရေနံပေါများတဲ့ ဗင်နီဇွဲလားနိုင်ငံဟာ သမ္မတ Nicolás Maduro Moros လက်ထက်မှာ စီးပွားရေးတောက်လျှောက် ဆိုးရွားလာရာက သူ့ပြည်တွင်းသုံးငွေကြေး (bolívar) ဟာဆိုရင် နောက်ဆုံးတော့ ကမ္ဘာမှာ တန်ဖိုးမရှိဆုံး ငွေကြေးတစ်ခု ဖြစ်သွားခဲ့ရတော့တယ်။

ဒီလို ငွေကြေးဖောင်းပွခဲ့မှုဟာ သူတို့အစိုးရကျင့်သုံးတဲ့ စီးပွားရေး ပေါ်လစီ အမှားကြောင့်ဖြစ်ရတာလို့ သူတို့လူထုက အစိုးရကိုအပြစ်တင်ကြသလို ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံအတွင်းက လခစားမဟုတ်တဲ့ အခြေခံလူတန်းစားပြည်သူတွေဟာ ဆင်းရဲလွန်းလို့ အသားကိုတောင် ဝယ်မစားနိုင်တော့တဲ့အထိ ဖြစ်နေခဲ့ကြတယ်လို့ စစ်တမ်းတွေမှာ ဖတ်ရတယ်။ ငွေကြေး ဘယ်လောက်ထိ ဖောင်းပွနေသလဲဆိုရင် ကြက်တစ်ကောင်ကို bolívar ၁၄၆ သိန်း၊ အိမ်သာသုံးစက္ကူတစ်လိပ်က bolívar ၂၆ သိန်း အထိဖြစ်နေခဲ့တယ်။ တစ်ခုခုဝယ်တော့မယ်ဆိုရင် ငွေတွေကိုအိတ်ကြီးတွေနဲ့ထုပ်၊ ဆိုင်ကယ်၊ ကားတွေပေါ်တင်ပြီး သွားလာနေကြတာ လူမှုကွန်ရက် အင်တာနက် စာမျက်နှာထက်မှာလည်း မြင်ခဲ့ကြဖူးတယ်ထင်ပါတယ်။ ဗင်နီဇွဲလားအစိုးရကတော့ ကြံရာမရတော့တဲ့အဆုံး မူလငွေကြေးတန်ဖိုးကို သုညငါးလုံးအထိ ဖြုတ်ပစ်ပြီး (1 bolívar) ကို မူလ bolívar တစ်သိန်းနဲ့ညီမျှတဲ့ ငွေစက္ကူသစ် (Sovereign Bolivar) တွေ ထုတ်လုပ်ခဲ့ပေမယ့် တိုင်းပြည်ရဲ့စီးပွားရေးဟာ ဆက်လက် ကျဆင်းနေတာဟာ ရပ်မသွားခဲ့ပါဘူး။ ဒီအခါ အစိုးရကငတ်နေတဲ့ သူ့ပြည်သူများအတွက်ဆိုပြီး အခြေခံ လုပ်ခနှုန်းထားကို (၃၅၀၀ % = ၃၅ ဆ) မြှင့်တင်လိုက်တဲ့အမိန့် ထုတ်ပြန်လိုက်တဲ့အခါ အကျိုးဆက်ဆိုးကျိုးကတော့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ၄၀ ရာခိုင်နှုန်းသောစက်ရုံ၊ အလုပ်ရုံများ၊ ကုန်စုံဆိုင်နဲ့ ပုဂ္ဂလိက လုပ်ငန်းများ ပြိုလဲပိတ်သိမ်းသွားခဲ့ရတော့တာပါပဲ။ ဒီထက်ဆိုးတာကတော့ ၂၅ ရာခိုင်နှုန်းသော သွင်းကုန်လုပ်ငန်းရှင်များအနေနဲ့လည်း ကုန်တင်သွင်းမှု ရပ်ဆိုင်းသွားခဲ့ရတဲ့အထဲ ပါသွားခဲ့ရတယ်။

မြန်မာနိုင်ငံမှာတော့ စက်တင်ဘာလ ၁၂ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သာမန်အဆင့်ကျော် တိုးတက်မှုမဟုတ်ဘဲ ကြီးမားလှတဲ့ အဆင့် ၇ တိုးတက်မှုဖြစ်နေကြောင်း၊ ယခုအချိန်မှာ ဆဲလ်ဖုန်းတစ်လုံးရဲ့ တန်ဖိုးဟာ တစ်ဒေါ်လာကျော်ကျော်သာ ဈေးရှိတော့ကြောင်းနဲ့ အင်တာနက် သုံးစွဲမှုဟာ ၁၀၅ ရာခိုင်နှုန်းတိုးတက်နေတဲ့အတွက် ၅ နှစ်အတွင်းမှာ အလွန်ကြီးမားတဲ့အဆင့်ကို ခုန်ပျံတိုးတက်မှုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာလည်း ကြားရပြန်တယ်။

ဒါပေမဲ့လည်း ဒီလိုပြောပြီး ၂ ရက်အကြာမှာပဲ ဒေါ်လာဈေးကလည်း ယခင် ၁၅၇၀ ကနေ ၁၆၀၀ ကျော်ကို စံချိန်တင်မြင့်တက်သွားပြီး အခုဆိုရင် စက်သုံးဆီဈေးအနေနဲ့ တစ်လီတာကို ၁၀၅၀ ဝန်းကျင်ဖြစ်လာတယ်။ ဒီတော့ အခြေခံလူတန်းစားတွေ မှီခိုအားထား စီးနင်းနေရတဲ့ကားခတွေလည်း လိုက်တက်နေသလို စက်သုံးဆီဈေး ကြီးမြှင့်မှုနဲ့အတူ ယှဉ်တွဲပါ လာတာတွေက ပြည်တွင်းထုတ် အခြေခံမီးဖိုချောင်စားသောက်ကုန်တွေ ဖြစ်တဲ့ ကြက်သား၊ ဝက်သား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ ကြက်သွန်၊ ငရုတ်သီးက အစ စားသုံးဆီတွေအားလုံး ဈေးကြီးမြှင့်ခဲ့တော့တယ်။ ဒါ့အပြင် ပြည်ပ သွင်းကုန်ဖြစ်တဲ့ လူသုံးကုန်၊ အလှကုန်ပစ္စည်းတွေမှန်သမျှလည်း ဒေါ်လာ ဈေးကြီးမြှင့်မှုအကြားမှာ တိုးသထက်တိုးနေတာမို့ ဒီလိုအထွေထွေကြီးမြင့် တရိပ်ရိပ်တက်လာနေတဲ့အကြားမှာ မတက်ဘဲနေတာက အောက်ခြေက ဝန်ထမ်းငယ်တွေနဲ့ ပြင်ပက အခြေခံလူတန်းစား၊ လက်လုပ်လက်စား အလုပ်သမားတွေရဲ့ တစ်နေ့တာလုပ်ခလစာပဲ ဖြစ်ပါတယ်။ သူတို့ကိုတက် ပေးဖို့ လစာတွေတိုးပေးမယ်ဆိုရင်လည်း အထက်မှာဆိုခဲ့တဲ့ ဗင်နီဇွဲလား နိုင်ငံကလို ငွေကြေးဖောင်းပွမှုကို မထိန်းချုပ်နိုင်တဲ့အပြင် ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေ၊ ပြည်ပကလာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ စက်ရုံ၊ အလုပ်ရုံတွေအတွက်ပါ အားလုံးအခက်အခဲ အကျပ်အတည်းတွေ ဖြစ်သွားနိုင်တာပါပဲ။ ဒီအတွက်ဆိုရင် ဒီလို တစ်ရိပ်ရိပ် ကျလာနေတဲ့ မြန်မာကျပ်ငွေတန်ဖိုးကို ဘယ်လိုမြှင့်တင်ကြမလဲ၊ ဒါ့ကြောင့် ဖြစ်ပေါ်လာတဲ့ငွေကြေးဖောင်းပွမှုကိုလည်း ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းချုပ်ကြမလဲဆိုတာ အဖြေရှာကြရတော့မယ်။

နိဂုံးချုပ်အားဖြင့် မြန်မာ့စီးပွားရေးအခြေအနေတိုးတက်လာစေ ရေး၊ မြန်မာကျပ်ငွေတန်ဖိုးထိန်းချုပ်ရေး၊ ငွေကြေးဖောင်းပွမှုမဖြစ်အောင် စီမံရေးတို့အတွက်ဆိုရင် အစိုးရအနေနဲ့ ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များနဲ့ အခါမလပ် တွေ့ဆုံဆွေးနွေးအကြံဉာဏ်များ ရယူအဖြေရှာကြခြင်း၊ မိမိတို့ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒများ၊ လက်ရှိဆုပ်ကိုင်ထားတဲ့ ကိန်းဂဏန်း အချက်အလက်များဟာ လက်ရှိ အခြေအနေနှင့် ကိုက်ညီမှု ရှိ မရှိ ဆွေးနွေးပွဲများပြုလုပ်ပြီး ပြန်လည် သုံးသပ်ဖော်ထုတ်ခြင်းတွေ ပြုလုပ်သင့်တဲ့ကာလ ဖြစ်နေပါပြီ။

ဒီအပေါ်ကရရှိလာတဲ့ အခြေအနေမှန်တွေအပေါ်မှာ အစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ ပေါ်လစီတွေ အသစ်ချမှတ်တာ၊ နိုင်ငံခြားမှရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် မိမိတို့ ကျင့်သုံးနေတဲ့ ငွေရေးကြေးရေး၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် သက်ဆိုင်တဲ့ ဥပဒေတွေကို အမြန်ပြန်လည်သုံးသပ်ပြီး ဖြေလျှော့သင့်တာတွေကို ဖြေလျှော့ပြီး ပြင်ဆင်ပြဋ္ဌာန်းပေးတာ၊ ပြည်တွင်းက အသေးစားနဲ့ အလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များအတွက် အရင်းအနှီး မတည်ငွေများ ပိုမိုထုတ်ပေးပြီး ပြည်ပသွင်းကုန် အစားထိုး ထုတ်ကုန်တွေကို တိုးမြှင့်တာ၊ အစိုးရဌာနဆိုင်ရာတွေအထဲက စိုက်ပျိုးမွေးမြူရေးဌာနတွေကို အရင်းအနှီး ပိုမိုစိုက်ထုတ်ပြီး ပြည်သူတွေ သက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူပြီး အခြေခံစားကုန်တွေကို ဖြန့်ဖြူးရောင်းချပေးတာ၊ အစိုးရအဖွဲ့တွင်းမှာ စီးပွားရေးဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ ခေါ်ယူပင့်ဖိတ်ပြီး ဖွဲ့စည်းသုံးသပ်အကြံဉာဏ်များရယူတာ၊ ဒါ့အပြင် ယနေ့လက်ရှိမှာ စီးပွားရေး တိုးတက်နေတဲ့နိုင်ငံတွေကို အဖွဲ့တွေခွဲပြီး သွားရောက်လေ့လာပြီး ပြန်လည် သုံးသပ်ဆောင်ရွက်ကြတာ၊ နိုင်ငံ့ဘဏ္ဍာငွေများနဲ့ ဆောင်ရွက်နေကြတဲ့ ဌာနဆိုင်ရာများမှ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း စီမံကိန်းတစ်ခုချင်းစီရဲ့ အကျိုးအမြတ် ရှိ မရှိ ပမာဏကို တစ်ခုချင်း ပြန်လည်တိုင်းတာ စစ်ဆေးကြည့်ရှုခြင်းတွေ ဆောင်ရွက်တာတွေ အရေးတကြီး ပြုလုပ်ဖို့လိုလာတဲ့အချိန် ဖြစ်ပါကြောင်းနဲ့ ဒီလိုဆောင်ရွက်မှသာ ပြည်ပ သွင်းကုန်တွေလျော့ကျပြီး မြန်မာကျပ်ငွေတန်ဖိုး ပြန်လည်မြင့်တက်လာမည်ဖြစ်ပါကြောင်း စိတ်ကောင်းစေတနာနဲ့ အကြံပြု ရေးသားလိုက်ရပါတယ်။

အောင်ဇေယျ