News

POST TYPE

PERSPECTIVE

တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရန် မြို့နယ်၌ ရုံးဆင်းထိုင်မည်ဟု ရန်ကုန်ဝန်ကြီးချုပ် ပြော
21-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၂၀

ရန်ကုန်မြို့တော်တွင် တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် မြို့နယ်၌ ရုံးဆင်းထိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။ 

ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်တွင် စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် တိုင်းဒေသကြီးအဆင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါးပဲဖြစ်ဖြစ်၊ လူကုန်ကူးမှုပဲဖြစ်ဖြစ် တရားဥပဒေ စိုးမိုးရေးကိစ္စရပ်တွေမှာ အဓိကအခြေခံ ပြည်သူလူထု ပါဝင်လာဖို့လိုပါတယ်။ ရပ်ရွာအဆင့် အုပ်ချုပ်ရေးယန္တရားကနေပြီးတော့မှ ပြည်သူကနေ ပြည်သူကို စောင့်ကြည့် ထိန်းကျောင်း သယ်ဆောင်သွားနိုင်မယ့်စနစ်ကို အကောင်အထည်ဖော်ရပါ့မယ်။ လူထုက အုပ်ချုပ်ရေးနဲ့ လာပေါင်းစည်းမှရမယ့် အခြေအနေမျိုး ရှိနေတာကြောင့် လာမယ့် ပွင့်လင်းရာသီကိုရောက်ရင် ကျွန်တော်ကိုယ်တိုင် မြို့နယ်မှာ ရုံးဆင်းထိုင်ဖို့ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် မြို့နယ်ဆင်းပြီး လုပ်နိုင်မယ်။ ဒီမြို့နယ်က ပြဿနာကို တစ်ခါတည်း ဖြေရှင်းပေးနိုင်မယ့် အခြေအနေ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေး အပိုင်းတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးမှ ဆယ်အိမ်မှူးအထိ ရှိနေရာ ဆယ်အိမ်မှူးများအနေနှင့်လည်း ဆယ်အိမ်တစ်စုရှိ လောင်းကစား၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် ရာဇဝတ် ဝပ်ကျင်းများ ဖြစ်နေမှုအခြေအနေကို ထိန်းချုပ်သွားရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တရားဥပဒေ စိုးမိုးရေးအပြင် တစ်ဖက်မှလည်း တိုင်းဒေသကြီး အစိုးရဘက်အနေနှင့် ပြည်သူလူထု၏ စီးပွားရေးဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်ရေးကဏ္ဍများကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားနေသည့် ကျူးကျော်နေရာများကိုလည်း စာရင်းများ ကောက်ယူထားပြီးဖြစ်ပြီး လာမည့် အောက်တိုဘာလတွင် ကျူးကျော်နေထိုင်သူများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ရန် စီမံကိန်း စတင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

S-03



  • VIA