News

POST TYPE

PERSPECTIVE

မြဝတီရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် ရှစ်လေးလုံးရုပ်သံသမိုင်း နိုင်ငံရေးပါတီများ ဝေဖန်
20-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၉

တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားက စက်တင်ဘာလ ၁၈ ရက် ညပိုင်းက ထုတ်လွှင့်ခဲ့သည့် ရှစ်လေးလုံး ကာလသမိုင်းရုပ်သံသည် တစ်ဖက်သတ်ဆန်စွာ လိုရာဖော်ပြခဲ့ခြင်းဖြစ်ကြောင်း SNLD ပါတီနှင့် ရခိုင်အမျိုးသားပါတီအပါအဝင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက ဝေဖန်လိုက်ကြသည်။

“သမိုင်းရေစီးလှိုင်းကြီး လေထန်ဖြစ်ရပ်မှန်”ဟု အမည်ပေးထားသည့် ရှစ်လေးလုံးကာလရုပ်သံဗီဒီယိုကို တပ်မတော်ကနိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့သည့် နှစ်သုံးဆယ်ပြည့်သည့် စက်တင်ဘာလ ၁၈ ရက်နေ့ ညကိုးနာရီခန့်တွင် မြဝတီရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ရာ ထိတ်လန့်ဖွယ်မြင်ကွင်းများ၊ လူသတ်ခေါင်းဖြတ်ပြသည့် ပြကွက်များကိုလည်း ထည့်သွင်းပြသသွားခဲ့သည်။

လူထုဆန္ဒပြပွဲများကို အခွင့်ကောင်းယူကာ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတော် အချုပ်အခြာအာဏာလက်လွှတ်ဆုံးရှုံးရမည့် အခြေအနေနှင့်ရင်ဆိုင်ခဲ့ရသည့်အတွက် တပ်မတော်က ဝင်ရောက်ထိန်းသိမ်းကာကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆိုးဝါးခါးသီးလှသည့်အတွေ့အကြုံမျိုး ထပ်မံပေါ်ပေါက်ရေးမရှိစေရေးအတွက် နိုင်ငံတော်အတွင်းရှိ ပြည်သူများက နိုင်ငံချစ်စိတ် မျိုးချစ်စိတ် အပြည့်နှင့် ဝိုင်းဝန်းကာကွယ်ကြရန် လိုအပ်ကြောင်းကိုလည်း မြဝတီရုပ်သံက ထည့်သွင်းကြေညာသွားခဲ့သည်။

သမိုင်းအလိမ်များကို ယခင်ကတည်းက လိုရာပုံဖော်ခဲ့သည့် သာဓကများရှိသည့်အတွက် အဆိုပါ ဖော်ပြသည့် ကိစ္စသည်လည်း သမိုင်းကို လိုရာပုံဖော်ပြောခြင်းဟုသာ ယူဆရပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးသည် ဒီမိုကရေစီ မှတ်တိုင်ကြီးတစ်ခုဖြစ်သည်ဆိုသည်ကို မည်သူမျှ ငြင်း၍မရနိုင်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွန့်က သုံးသပ်ပြောဆိုသည်။ 

“ရှစ်လေးလုံးအရေးတော်ပုံက အပြောင်းအလဲတော့ ဖြစ်သွားတယ်။ အပြောင်းအလဲရဲ့ အသီးအပွင့်တော့ မရသေးဘူးပေါ့။ လူတိုင်းက ကိုယ်လိုရာဆွဲပြောကြတာပဲပေါ့။ ပြောစရာတောင်မလိုဘူး။ သမိုင်းကတော့ ကိုယ်ရေးတိုင်းသမိုင်းဖြစ်တာမှမဟုတ်တာ” ဟု ၎င်းက ဆိုသည်။

ရှစ်လေးလုံး ကာလသည် ရှုပ်ထွေးနက်ရှိုင်းသည့် နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည့် ကာလဖြစ်ခဲ့သောကြောင့် လက်ရှိ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးသို့ သွားနေသည့်ကာလတွင် ယခုလို ပြန်လည်ဖော်ထုတ်မှုမလုပ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီမှ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားသည်။

“အခုလို ရင်ကြားစေ့ရေး ဘယ်လိုသွားမလဲ စိန်ခေါ်မှုတွေ ပြင်းထန်နေတဲ့အချိန်မှာ အတိတ်ကိုဖော်ပြီး တစ်ယောက်ကိုတစ်ယောက် အပြစ်ပုံချတာက မလိုအပ်တော့ဘူးလို့ ထင်ပါတယ်” ဟု ဦးဦးလှစောက ပြောဆိုသည်။

အဆိုပါ ဗီဒီယိုဖိုင်ပါ ပြကွက်များအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဝေဖန်မှုများရှိခဲ့ပြီး တပ်မတော်၏ အဆိုပါရုပ်သံထုတ်လွှင့်ရခြင်းရည်ရွယ်ချက်အပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့သည်။

ရှစ်လေးလုံး အရေးတော်ပုံသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် သမိုင်းအချိုးအကွေ့ကြီးတစ်ခုဖြစ်သည်မှာ ငြင်းမရသည့် အချက်တစ်ခုဖြစ်ပြီး တပ်မတော်အနေနှင့် မြဝတီရုပ်သံမှ ယခုလိုထုတ်လွှင့်မှုသည် တိုင်းရင်းသား ပြည်သူလူထု၏ အခြေခံသဘောထားနှင့် ကွဲလွဲနေသည်ဟု ရှစ်လေးလုံးအရေးတော်ပုံ ကျောင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့သည့် ပြည်သူ့ပါတီဦးဆောင်သူတစ်ဦးဖြစ်သူ ဦးရဲနိုင်အောင်က ပြောကြားသည်။

အဆိုပါ ထုတ်လွှင့်မှုသည် ရှစ်လေးလုံးအရေးတော်ပုံကို အဆိုးမြင်အနေနှင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်အတွက် တပ်မတော်အတွက် ကောင်းမွန်သည့် အခြေအနေမဟုတ်ဘဲ ကျင့်ဝတ်ကျင့်ထုံး အပြုသဘောမဆောင်သည့် ထုတ်လွှင့်မှုဟု မြင်ရကြောင်း ဦးရဲနိုင်အောင်က သုံးသပ်သည်။

“အခြေခံက ကိစ္စတစ်ခုကို ဘယ်ရှုထောင့်ကမြင်လဲဆိုတာ အရေးကြီးတယ်။ မဆလအစိုးရအုပ်ချုပ်မှုကိုပြည်သူတွေကမခံနိုင်တော့လို့ လက်နက်မဲ့အုံကြွခဲ့တဲ့ နိုင်ငံရေးအနှစ်သာရကို မတင်ပြဘဲ ပုံပျက်ပန်းပျက် အမှားအယွင်းဖြစ်နေတယ်လို့ ပြောချင်တယ်” ဟု ၎င်းကဆိုသည်။

ရှစ်လေးလုံးစက်တင်ဘာအာဏာမသိမ်းမီကာလတွင် လူသတ်ခေါင်းဖြတ်မှုများဖြစ်ပေါ်ခဲ့သည်မှာ အမှန်တရားဖြစ်ပြီး မငြင်းကွယ်နိုင်ဘဲ ယင်းလုပ်ရပ်များကို မည်သူကပြုလုပ်ခဲ့သနည်း၊ အဆိုပါ ကာလနိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသည့် ဦးနု၊ ဦးအောင်ကြီး၊ ဒေါ်အောင် ဆန်းစုကြည်အပါအဝင် ရဟန်းသံဃာများ ကျောင်းသားခေါင်းဆောင်များတားမြစ်ကြောင်း ကြေညာချက်များ ထုတ်ပြခဲ့ရုံသာမက ကိုယ်တိုင်ဝင်ရောက်တားမြစ်ခဲ့သည်များကို ဘာကြောင့် အဆိုပါ ရုပ်သံတွင်ဖော်ပြခဲ့ခြင်းမရှိသလဲဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးက မေးခွန်းထုတ်ခဲ့သည်။

ထို့ပြင် တော်လှန်ရေးတွင် ဘေးထွက်ဆိုးကျိုးရှိနိုင်ပြီး ၈၈ ကာလက ဆန္ဒပြကျောင်းသားများ သေနတ်ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည့် ကျောင်းသားအရေအတွက်များကိုလည်း ထုတ်ပြန်ပေးရန်လိုအပ်ကြောင်း ဦးမြအေးက ၎င်း၏ လူမှုကွန်ရက် စာမျက်ပေါ်တွင် ဝေဖန်ရေးသားခဲ့သည်။

လက်ရှိတွင် ရှစ်လေးလုံးသမိုင်းအပေါ် တော်လှန်ပြောင်းလဲမှုတိုးတက်ဖြစ်ထွန်းမှုဟုယူဆသည့်အုပ်စုနှင့် မင်းမဲ့စရိုက်များဆိုးရွားလာသည့်အတွက် တပ်မတော်ကထိန်းသိမ်းယူခဲ့ရသည်ဟုယူဆသည့် အုပ်စုနှစ်ခုရှိနေပြီး အမြင်မတူမှုအပေါ် တပ်မတော်မှ ပြသလိုသည့်အတွက် ယင်းရုပ်သံကို ထုတ်လွှင့်ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်သည်။

ရှစ်လေးလုံးအရေးတော်ပုံကာလတွင် ဥပဒေစိုးမိုးမှုကင်းမဲ့ခဲ့၍ အရပ်သားအပြစ်မဲ့သူများသေဆုံးခဲ့သည့်အတွက် ယာယီခေတ္တထိန်းသိမ်းရန် လိုအပ်ခဲ့သည်မှာလည်း အမှန်တရားတစ်ခုဖြစ်ပြီး ယာယီထိန်းသိမ်းမှုသာဖြစ်သင့်ကြောင်း ၎င်းက ဆိုသည်။

“အဲဒါကို အကြောင်းပြပြီး အာဏာသိမ်းပြီး သူတို့ နှစ်ပေါင်းများစွာ တစ်ပါတီအာဏာရှင်စနစ်လို အာဏာကိုထိန်းသိမ်းသွားတာတော့ မကောင်းဘူးပေါ့။ အဲဒီတုန်းကခဏတစ်ဖြုတ် ထိန်းသိမ်းဖို့ လိုအပ်တာကိုတော့ မငြင်းပါဘူး” ဟု ၎င်းကဆိုသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော် အာဏာအရပ်ရပ်ကို တပ်မတော်ကထိန်းသိမ်းလိုက်ကြောင်း ကြေညာခဲ့ပြီး ဗိုလ်ချုပ်ကြီးစောမောင်၊ ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေတို့ ပါဝင်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အဆိုပါနေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံ နှစ်သုံးဆယ်ပြည့်အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကလည်း ယခုနှစ် ဩဂုတ်လ ၈ ရက်က ရန်ကုန် တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

J-08