News

POST TYPE

PERSPECTIVE

နှလုံးသားထဲ စူးနစ်သွားတဲ့ ဆူးတစ်ချောင်း Democracy & Sexy Dance
12-Sep-2018
ရေးဖော်ရေးဖက်ကြီး အေးကမ္ဘာဒေါက်တာချစ်က “နှလုံးသားထဲ စူးနစ်ဝင်ရောက်သွားသော အကအဖွဲ့” ဆိုပြီး ကိုယ်တွေ့အကအဖွဲ့အကြောင်း စံတော်ချိန်မှာ ရေးလိုက်ပါတယ်။ Myanmar Got Talent က အကအဖွဲ့ပါ။ သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး အနုပညာရသမြောက်စွာ တင်ဆက်သွားမှု၊ အများရဲ့ရင်ထဲ ရောက်သွားပုံ၊ စူးစူးနစ်နစ် ခံစားရပုံ အကဲဖြတ်ဒိုင်ဖြစ်တဲ့ “ချစ်သုဝေ” ရဲ့ ဆို့နစ်နေတဲ့ Comment စာရေးသူလည်း ကြည့်လိုက်မိပါတယ်။ ဆရာချစ်က “ကပွဲတစ်ခုလုံးကို ကျောင်းသူသမီးငယ်က ထိန်းသွားပါသည်။ အနုပညာချစ်စိတ်အပြင် နိုင်ငံသားတိုင်း ကိုယ်ချင်းစာစိတ်ရှိကြဖို့၊ အရက်၊ ဆေးခြောက်၊ စိတ်ကြွဆေး မသုံးစွဲကြဖို့နှင့် နိုင်ငံတော်က ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ မီးမောင်းထိုးပြလိုက်သည်နှင့် တူပါသည်”လို့ ရေးပြသွားပါတယ်။

ခုတစ်လော တက္ကသိုလ်တွေမှာ ဆုပေးပွဲတွေ နှုတ်ဆက်ပွဲတွေ မိတ်ဆုံစားပွဲတွေ လုပ်နေတာတွေ့ရပါတယ်။ ဘာပဲပြောပြော Social Media တွေခေတ်စားနေတာဆိုတော့ Live လွှင့်ပြီး တင်နေကြတာပါပဲ။ တစ်နေ့ကတော့ တက္ကသိုလ်စိန်ရတုခန်းမမှာ ပြုလုပ်သွားတဲ့ နှုတ်ဆက်ဖျော်ဖြေပွဲကတော့ ပြောစရာဆိုစရာဖြစ်လောက်အောင်ကို အရုပ်ဆိုးအကျည်းတန် သွားခဲ့ပါတယ်။ ယူစရာရစရာမရှိအောင် ရေးသားကြတဲ့ Comment အမျိုးမျိုးကိုလည်း ဖတ်ကြားရမှာပါ။ Online မှာ ပျံ့နှံ့ပြီးသားမို့ အထူး အဆန်းဖြစ်ချင်မှတော့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ပြောကိုပြောသင့်တဲ့ ကိစ္စ။ ရေငုံနှုတ်ပိတ်ပြီး နေလိုက်မယ်ဆိုရင်ကိုယ်ပါ အလိုတူအလိုပါ စာရင်းဝင်သွားနိုင်ပါတယ်။

ပထမဆုံးပြောချင်တာက တက္ကသိုလ်တွေရဲ့ လွတ်လပ်ခွင့်၊ ဒီမိုကရေစီစနစ်နဲ့အညီ နိုင်ငံတကာတက္ကသိုလ်တွေမှာရနေတဲ့ လွတ်လပ်ခွင့်တွေ၊ Decentralization (ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း) အသင်းအပင်းအဖွဲ့အစည်းတွေနဲ့ပတ်သက်ရင် NLD အစိုးရလက်ထက်မှာ ရသင့်ရသလောက်ရလာပြီလို့ ဆိုရမှာပါ။ ဒါ့ပြင် အဲဒီအသင်းအဖွဲ့တွေက တောင်းဆိုမှုတွေ ရသင့်သလောက်ရလာပြီလို့ ဆိုရမှာပါ။ ဒါ့ပြင်အဲဒီအဆင့်အဖွဲ့တွေက ကန့်ကွက်တဲ့ကိစ္စ၊ ဆန့်ကျင်တဲ့ကိစ္စတွေဆိုရင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနက လိုက်လိုက်လျောလျော ရှိလာတာလည်း မြင်ရပါတယ်။ ဆိုချင်တာက နုနယ်လှတဲ့သက်တမ်းအတွင်းမှာ ဒီမိုကရေစီစံနှုန်းတွေကို လက်တစ်ဆုံးနှိုက်ပြီး ယူဖို့တော့ ချင့်ချိန်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီဆိုတာ အတော်နူးညံ့သိမ်မွေ့လွန်းပါတယ်။ လွတ်လပ်မှုကို စနစ်တကျ မသုံးတတ်ရင် ရိုင်းစိုင်းမှု ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ်စော်ကားမှုဖြစ် သွားနိုင်ပါတယ်။ ကျူးလွန်မှုဖြစ်သွားနိုင်ပါတယ်။ အထူးသတိပြုဖို့ကတော့ ဒီမိုကရေစီနဲ့ မျဉ်းတစ်ကြောင်းစာပဲကွာလျက်ရှိနေတဲ့အရာက မင်းမဲ့စရိုက်ပါ။

တကယ်တော့ ရန်ကုန်တက္ကသိုလ်ဆိုတာ အတိတ်သမိုင်းကို ပြန်ကြည့်ရင် သမိုင်းလှခဲ့တဲ့တက္ကသိုလ်ပါ။ ခေတ်စနစ်တွေရဲ့ အထုအထောင်းတွေကြောင့် သမိုင်းစာမျက်နှာတွေထဲမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ လဲလျောင်းနေခဲ့ရတာ ကြာပါပြီ။ စနစ်အကူးအပြောင်းမှာ ရွက်နုသစ်လေးတွေ ဝေစပြုချိန်ပါ။ တက္ကသိုလ်ပရိဝုဏ်အတွင်းမှာ သက်ဝင်လှုပ်ရှားမှုတွေနဲ့ ပြန်လည်ထူထောင်စအချိန်။ အသင်းအပင်းအဖွဲ့အစည်းတွေနဲ့ စည်းဝေးတိုင်ပင်နေချိန်ပါ။

မကြာခင်ကပဲ မိတ်ဆုံစားပွဲနဲ့ နှုတ်ဆက်ပွဲတစ်ခု ကျင်းပတဲ့ပွဲမှာ တင်ဆက်လိုက်တဲ့  Performance တစ်ခုက တက္ကသိုလ်လောကကြီးတစ်ခုလုံးအတွက်ပါ ပဲ့တင်ရိုက်ခတ်သွားပါတယ်။ လွတ်လပ်စွာတင်ဆက်မှု၊ ဖျော်ဖြေမှုကို ဟန့်တားစရာအကြောင်း မရှိပါဘူး။ ကျောင်းပရိဝုဏ်အတွင်းမှာ ခုလိုဦးစီးဦးဆောင်ပြုကျင်းပတာကလည်း ကောင်းတဲ့အစဉ်အလာပါပဲ။ ဒါပေမဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဂုဏ်သိက္ခာ၊ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကိုတော့ ထည့်သွင်းစဉ်းစားဖို့လိုပါလိမ့်မယ။် နယ်ပယ်ရပ်ဝန်းကိုလည်း ကြည့်ဖို့လိုပါလိမ့်မယ်။ ဆိုလိုတာကတော့ အရပ်ထဲမှာ ကျင်းပတဲ့ ကြည်ချင်ပွဲမျိုးမဟုတ်ပါဘူး။ အရပ်ပွဲမဟုတ်တဲ့အတွက် ဂုဏ်သိက္ခာနဲ့ အဆင့်ကိုတော့ လျစ်လျူရှုလို့ မရနိုင်ပါဘူး။

တကယ်တော့ အဆင့်ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိတင်ဆက်နိုင်တဲ့ Performance တွေ အများကြီး ရှိနိုင်ပါတယ်။ ပါမောက္ခကြီးတွေ၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အလယ်မှာ တင်ဆက်မှုက ကာမနှိုးဆော်တဲ့အကမျိုး ဖြစ်နေတယ်။ ခေတ်စကားနဲ့ဆိုရင်တော့ Sexy Dance ဖြစ်နေတယ်။ သိကြတဲ့အတိုင်းပါပဲ Sexy Dance ရဲ့ ကကွက်လှုပ်ရှားမှုဟာ မြန်မာတွေရဲ့ နားမျက်စိနဲ့တော့ ဘယ်လိုမှ သဟဇာတမဖြစ်တာအမှန်ပါပဲ။ Night Club တွေ၊ Day Club တွေမှာ ဆိုရင်တော့လည်း ခေတ်မီလိုက်တာလို့ ပြောနေကြဦးမှာပါ။ အဲဒီလိုနေရာမျိုးမှာ ကရမယ့်အကမျိုးက ရန်ကုန်တက္ကသိုလ်အမည်ခံ စိန်ရတုခန်းမကြီးထဲမှာ အတင့်ရဲစွာကပြသွားတာကတော့ အတော့်ကို မလျော်ကန် မသင့်မြတ်လှပါဘူး။ တက္ကသိုလ်ကြီးနဲ့ စိန်ရတုခန်းမကြီးကို အားနာဖို့တောင် ကောင်းလွန်းလှပါတယ်။

ဒီလိုဖြစ်သွားမှုနဲ့ပတ်သက်ပြီး ဝေဖန်သံတွေလည်း အများကြီး ကြားလာရပါတယ်။ Lady Boy လို့ဆိုသူက ဆိုတယ်။ အစီအစဉ်မှာ မပါဘူးလို့လည်း ဆိုတယ်။ Sexy Dance ကပြ ဖျော်ဖြေခဲ့သူနဲ့ ခွင့်ပြုခဲ့သူတွေကိုလည်း ဖော်ထုတ်အရေးယူသင့်ကြောင်းဆိုသူက ဆိုပါတယ်။ အဆင့်မြင့် ပညာဦးစီးဌာနအနေနဲ့ကတော့ နောင်မှာ အဲဒီခန်းမနဲ့ ရန်ကုန်တက္ကသိုလ် ပရိဝုဏ်အတွင်းမှာ ယဉ်ကျေးမှုနဲ့ လျော်ညီခြင်းမရှိတဲ့ ကကွက်တွေ၊ အကြောင်းအရာတွေကို ထပ်မံမဖြစ်ပွားဖို့ စိစစ်ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် ပြောချင်တာက တစ်ခုခုဖြစ်သွားပြီး။ ဖြစ်သွားပြီးတဲ့ နောက်မှာ နောင်ထပ်မံမဖြစ်ပွားဖို့ဆိုတဲ့ ဖြေရှင်းနည်းမျိုးက ခေါက်ရိုးကျိုးနေသလိုပဲ။ ထူးခြားကောင်းမွန်တဲ့ဖြေရှင်းမှု တစ်စုံတစ်ရာ မတွေ့ရဘူ။ လုပ်ဆောင်မှုတိုင်းမှာ တာဝန်ယူမှုတာဝန်ခံမှုဆိုတာမရှိဘူး။ တစ်ခုခုဖြစ်တာနဲ့ ဘယ်ကိုမှ ဆက်သွယ်မေးလို့ မရတော့ဘူး။ ကတာဘယ်သူလဲ၊ ဘယ်သူက ခွင့်ပြုတာလဲ၊ မသိနိုင်တော့ဘူး၊ တာဝန်ယူတာဝန်ခံဖြေရှင်းမယ့်သူ မရှိတော့ဘူး။ သင်ခန်းစာအဖြစ် မှတ်ယူနေကြရတာပဲ။ ဒီလိုနဲ့ မှတ်လို့မကုန်နိုင်တဲ့ သင်ခန်းစာမျိုးတွေ ထပ်ခါထပ်ခါလာနေဦးမယ်ဆိုရင်တော့ တက္ကသိုလ်ဆိုတဲ့ ဂုဏ်၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဆိုတဲ့ သိက္ခာကို ရိုက်ချိုးခံနေရဦးမှာပဲ။ ခေတ်ရဲ့တာဝန်က နောက်မျိုးဆက်တွေကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ အစဉ်အလာကောင်းတွေကို ပေးခဲ့ဖို့ပါပဲ။ ဒါဟာ အဲဒီခေတ်ကို ဦးဆောင်နေသူတွေအပေါ်မှာ များစွာ တာဝန်ရှိနေတယ်ဆိုတာ သိသိသာသာ ခေါင်းလောင်းထိုးပြနေခြင်းပါပဲ။

တကယ်ပါပဲ။ အဲဒီ Sexy Dance ကို ကြည့်လိုက်ရချိန်မှာတော့ တစ်ခါတစ်ခါလူတွေလိုချင်တဲ့ ဒီမိုကရေစီလွတ်လပ်မှုဆိုတာ ဒါမျိုးပဲလားလို့ တွေးလိုက်မိပါရဲ့။ အသုံးမချတတ်ရင်လည်း အဲဒီလွတ်လပ်မှုမျိုးကြီးက အတော်အန္တရာယ်ကြီးတာပါပဲကလား။ အဲဒီနေ့ကတော့ ဆူးတစ်ချောင်းဟာ နှလုံးသားထဲကို စူးစူးနစ်နစ်ဝင်သွားသလိုမျိုး ခံစားမိတာအမှန်ပါပဲ။

ခင်မောင်ဌေး (ပညာရေး)