News

POST TYPE

PERSPECTIVE

တောင်တရုတ်ပင်လယ် တရုတ်တွေ ပိုင်သလား
26-Jul-2016 tagged as

တရုတ်ပင်လယ်အရေး (South China Sea Issue) က အာဆီယံ အစည်းအဝေးတိုင်းမှာ အလွန်အရေးကြီးသော Issue တစ်ခု ဖြစ်ခဲ့သည်။ ပြဿနာက ပြီးခဲ့သည့်နှစ်များ ကတည်းက ရှေ့တန်းရောက်လာသည်။ ၂၀၁၀ ပြည့်လွန် နှစ်များအတွင်း တောင်တရုတ်ပင်လယ်ထဲမှာ ပိုင်ဆိုင်မှု အငြင်းပွားနေသော နိုင်ငံများ အချင်းချင်း ပဋိပက္ခ အသေးလေးတွေ ဖြစ်ပွားခဲ့သည်။ 

အဓိက ပါဝင်ပတ်သက်သူ ဇာတ်လိုက်ကြီးကတော့ တရုတ်ပင်။ တရုတ်နှင့် ဗီယက်နမ်၊ တရုတ်နှင့် ဖိလစ်ပိုင်၊ တရုတ်နှင့် အင်ဒိုနီးရှား၊ တရုတ်နှင့် ဘရူနိုင်း။ တရုတ်နှင့် တရုတ် တိုင်ပေကတော့ နဂိုကတည်းက အဆင်ပြေလှတာ မဟုတ်၍ သိပ်မပေါ်လွင်။ အထူးသဖြင့်တော့ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် ဖြစ်သော ပဋိပက္ခဖြစ်သည်။ အငြင်းပွား ပင်လယ်ပြင်ထဲမှာ ဗီယက်နမ်လှေနှင့် တရုတ်သင်္ဘော ငြိကြသည်။ ဖိလစ်ပိုင်က ပိုင်သည်ဟု ဆိုသော ကျွန်းမြေပေါ်မှာ တရုတ်က အခိုင်အမာ စခန်းတွေဆောက် တရုတ်အလံ လွှင့်ထူတာတွေ လုပ်သည်။

လက်ရှိအငြင်းပွားနေကြသော တောင်တရုတ်ပင်လယ်ကို ကမ္ဘာ့မြေပုံပေါ် ချကြည့်လိုက်တော့ အံ့အားသင့်စရာတွေ တွေ့ရသည်။ ကမ္ဘာ့မြေပုံ၏ အာရှဘက်အခြမ်း ပစိဖိတ်သမုဒ္ဒရာ အနောက်ခြမ်း၊ အရှေ့အာရှကို ကြည့်လိုက်တော့ မြေပုံထဲမှာ အင်ဒိုချိုင်းနားကျွန်းဆွယ်၊ ဖိလစ်ပိုင်ကျွန်းစုနှင့် တရုတ်နိုင်ငံအရှေ့ခြမ်းကို ထင်းခနဲ တွေ့ရပါသည်။ သို့သော် တောင်တရုတ်ပင်လယ်ဟု ညွှန်းဆိုထားသော ပင်လယ်ပြင်ကို ကြည့်လိုက်တော့ တရုတ်ပြည်ကြီးက ဟိုးမြောက်ဘက် ခပ်ဝေးဝေးမှာ။ တောင်တရုတ်ပင်လယ်ဟု အမည်ပေးထားသော်လည်း ထိုပင်လယ်ပြင်နှင့် အနီးဆုံး ထိစပ်နေသော သူတို့မှာ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘရူနိုင်း၊ အင်ဒိုတို့သာ ဖြစ်သည်။ ပြောရလျှင် တရုတ်က သူ့ခြံစည်းရိုးနှင့် အတော်ဝေးသောအရပ်က ပင်လယ်ပြင်ကို သူ့ဟာဆိုပြီး လူလည်ကျထားသည့် သဘောပင် သက်ဝင်နေသည်။ ပင်လယ်ပြင် နယ်နိမိတ် ဆိုတော့လည်း ခက်သားကလား။ မြေပြင်နယ်နိမိတ်ကို ကျောက်တိုင်စိုက် ခြံစည်းရိုးကာ၍ ရသော်လည်း သမုဒ္ဒရာ နယ်နိမိတ်တွေကျတော့ နည်းနည်းခက်သည်။ မြေပုံအရ ဆိုလျှင်တော့ သည်နေရာက တရုတ်နှင့် အလှမ်းဝေးသော ရေပြင်ဧရိယာ တစ်ခု။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာတရားရုံးက တောင်တရုတ်ပင်လယ် အငြင်းပွားမှုနှင့် စပ်လျဉ်းပြီး စီရင်ချက်တစ်ခု ထုတ်ပြန်လိုက်သည်။ တောင်တရုတ်ပင်လယ်ပြင်ရှိ နယ်မြေများကို တရုတ်က ပိုင်ဆိုင်ခြင်း မရှိဟု ကြေညာလိုက်ခြင်း ဖြစ်သည်။ သည်ဟေ့ဂ် ထုတ်ပြန်ကြေညာချက်မှာ တရုတ်အတွက် အရှိုက်ထိုး ခံလိုက်ရသလို ခံရခက်သွားသည်။ တရုတ်က ချက်ချင်းဆိုသလို တုံ့ပြန်ပါသည်။ ဤဆုံးဖြတ်ချက်ကို အသိအမှတ်မပြု။ မိမိတို့ ပိုင်ဆိုင်သော နယ်မြေကို ထိပါးလာလျှင် လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု ဆိုလိုက်ပြီး တောင်တရုတ်ပင်လယ်ပြင်ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေကိုပင် ပြုလုပ်ပြလာသည်။ တောင်တရုတ်ပင်လယ်ပြင် အငြင်းပွားမှု ပဋိပက္ခက စိုးရိမ်စရာ အနေအထား ဖြစ်ခဲ့သော်လည်း အာဆီယံကရော အိမ်နီးချင်း နိုင်ငံတွေကပါ ပြဿနာကို ပြေပြေလည်လည် ဖြေရှင်းကြပါဟု ဖျောင်းဖျခဲ့သဖြင့် ခုတော့ လိပ်ခဲတည်းလည်း အနေအထားမှာပဲ ရှိနေသည်။ အမေရိကန်ကလည်း တရုတ်နှင့် ထိပ်တိုက်တွေ့လိုဟန် မပြသောကြောင့် ပြဿနာ မကြီးထွားခဲ့ခြင်း ဖြစ်သည်။

တောင်တရုတ်ပင်လယ် ပြဿနာက နယ်နိမိတ် အငြင်းပွားနေသော နိုင်ငံတွေအတွက် ခေါင်းခဲစရာ ဖြစ်နေသည်။ ပုံမှန်ကျင်းပနေကျ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ Hot Issue ဖြစ်ခဲ့သော်လည်း တရုတ်ကြီးနှင့် ထိပ်တိုက်မတွေ့လိုကြသည့် အာဆီယံနိုင်ငံ အချို့၏ ရပ်တည်ချက်ကြောင့် မှေးမှိန်သွားခဲ့ရသည်က များသည်။ ယခု လာအိုတွင် ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ Agenda တွင်လည်း South China Sea Issue က အရေးကြီးကိစ္စ အဖြစ် ပါဝင်နေသည်။ သို့သော် ယခုတစ်ကြိမ်တွင်လည်း ပဋိပက္ခ မကြီးထွားအောင် ညှိညှိနှိုင်းနှိုင်း အဖြေရှာကြရန်၊ အင်အားသုံး ဖြေရှင်းခြင်း မပြုကြရန် တိုက်တွန်းကြရင်း ပြီးဆုံးသွားဖို့ များသည်။

တောင်တရုတ်ပင်လယ်အရေးနှင့် စပ်လျဉ်းပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လက တရုတ်နိုင်ငံသို့ ရောက်ခဲ့ရာတွင် တရုတ်ကွန်မြူနစ်ပါတီမှ အဆင့်မြင့် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ပြန်လည်အမှတ်ရမိသည်။ သူက တောင်တရုတ်ပင်လယ်သည် ရှေးသမိုင်းစဉ်ဆက် တရုတ်တို့၏ ပိုင်နက် ဖြစ်ခဲ့ကြောင်း၊ တောင်တရုတ်ပင်လယ်ကို အကြောင်းပြု၍ ပဋိပက္ခ ဖန်တီးလိုသူတို့ကြောင့် ယခု အငြင်းပွားမှု ဖြစ်နေရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ ယခု နိုင်ငံတကာခုံရုံးက တရုတ်နှင့် မသက်ဆိုင်ဟု ကြေညာချက် ထုတ်ပြန်လိုက်သော အခါတွင်လည်း တရုတ်တို့၏ တုံ့ပြန်ဖြေရှင်းချက်မှာ ထိုနည်းအတိုင်း ဖြစ်သည်။ သမိုင်းအစဉ်အဆက်အရ တရုတ်က ပိုင်ပါသည်ဟု ဆိုလျှင် အငြင်းပွားစရာ များစွာရှိနိုင်သည်။ ဗီယက်နမ်ကလည်း သူတို့ ပိုင်ပါသည်ဟု ငြင်းနိုင်သလို ဖိလစ်ပိုင်ကလည်း သူတို့ပိုင်ဟု ငြင်းနိုင်သည်။ ဘရူနိုင်း၊ အင်ဒိုနီးရှားတို့ကလည်း သူတို့ပိုင်ဟု ပြောနိုင်သည်။

တရုတ်ကတော့ ရှင်းသည်။ ယခု အငြင်းပွားနေဆဲ ကာလမှာပင် တောင်တရုတ်ပင်လယ်ထဲက Spratly နှင့် Paracel ကျွန်းစုများ တစ်ဝိုက်မှာ အကြီးအကျယ် တည်ဆောက်မှုတွေ ပြုလုပ်နေသည်။ ကျွန်းတုများ ဖန်တီးခြင်း၊ မြေဖို့ကာ လေယာဉ်ပြေးလမ်းနှင့် လူနေစခန်းများ တည်ဆောက်ခြင်းကို ခပ်တည်တည်နှင့် မည်သူ့ကိုမှ ဂရုမစိုက်ဘဲ လုပ်ဆောင်မြဲ လုပ်ဆောင်နေသည်။ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှု အငြင်းပွားမှု တိုးမြင့်လာလေ တရုတ်က သူပိုင်ကြောင်း ပိုခိုင်မာဖို့ တိုးလုပ်လာလေ ဖြစ်သည်ကို မြင်တွေ့နေရသည်။ မကြာသေးမီ ရက်များကပင် တရုတ်သည် တောင်တရုတ်ပင်လယ်ပြင် အပန်းဖြေ လေ့လာရေး ခရီးစဉ်တွေ တိုးချဲ့ပြုလုပ်လာပြီး တောင်တရုတ်ကို ဗြောင်ကျကျ နေရာယူဖို့ ကြိုးစားလာတာ တွေ့ရသည်။ တရုတ်က ထိုသို့နေရာယူဖို့ လုပ်လာလေ အငြင်းပွားမှုတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံတွေနှင့် ထိပ်တိုက်တွေ့လာနိုင်လေ ဖြစ်၍ တောင်တရုတ်အရေးမှာ အာဆီယံ၏ မီးပွားတစ်စ ဖြစ်လာနိုင်သည်။

တကယ်တော့ ၂၁ ရာစု တရုတ်၏ တိုးတက်ဖြစ်တည်မှု The Rise of China က ဒေသတွင်း နိုင်ငံတွေအတွက် တစ်နည်းမဟုတ် တစ်နည်း စိုးရိမ်စရာ ကောင်းလှသည်။ တရုတ်သည် တောင်တရုတ်ပင်လယ်တွင် သာမက အရှေ့တရုတ်ပင်လယ်ပြင်တွင်လည်း ဂျပန်နိုင်ငံနှင့် ရေပြင်ပိုင်နက် အငြင်းပွားမှုတွေ ရှိနေသည်။ သဘာဝဓာတ်ငွေ့ သယံဇာတ အရင်းအမြစ် ရလိုမှုက တရုတ်နှင့် ရေပြင်ပိုင်နက် ထိစပ်နေသော နိုင်ငံအားလုံးလိုလိုနှင့် ပဋိပက္ခဖြစ်နေသည်။ တရုတ်က တရုတ်၏ ဖွံ့ဖြိုးတိုးတက်လာမှုသည် ဒေသတွင်း နိုင်ငံတွေအတွက် စိုးရိမ်စရာမဟုတ်၊ ငြိမ်းချမ်းရေး အတွက်သာ ဖြစ်သည်ဟ ပြောသည်။ သို့သော် လက်တွေ့မှာ တရုတ်သည် ထိစပ်နေသော နယ်နိမိတ်မျဉ်း ပတ်လည်ရှိ နိုင်ငံအားလုံးနှင့် အဖုအထစ်လေးတွေ ရှိနေသည်။

တရုတ်၏ တောင်ဘက်မှာ အင်ဒိုချိုင်းနား ဒေသကြီး ရှိသည်။ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား။ အနောက်ဘက်မှာ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ တာဂျီကစ္စတန်၊ ကာဂျစ္စတန်၊ ကာဇက်စတန် ရှိသည်။ မြောက်ဘက်မှာ မွန်ဂိုလီးယား၊ ရုရှား ရှိသည်။ အရှေ့မှာ ကိုရီးယားကျွန်းဆွယ်၊ ဂျပန်ရှိသည်။ တရုတ်၏ ဖွံ့ဖြိုးတိုးတက်လာမှု China Rise နှင့်အတူ သယံဇာတ လိုအပ်မှုက တစ်နေ့တခြား ကြီးထွားလာသည်။ အနောက်ဘက်ကို ကြည့်လိုက်လျှင် အနီးကပ်ဆုံးက မြန်မာဖြစ်သည်။ ထို့ကြောင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့် မြန်မာ့သယံဇာတ ရင်းမြစ်ကို ရနိုင်သမျှယူဖို့၊ ပထဝီ နိုင်ငံရေးအရ အနောက်ဘက်ပင်လယ် ထွက်ပေါက်ရရှိဖို့ ခြေကုပ်ယူထားပြီး ဖြစ်သည်။ 

ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ-ကူမင်း မီးရထားလမ်းနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းက တရုတ်၏ အနောက်ဘက်ထွက်ပေါက် မဟာဗျူဟာ ဖြစ်သည်။ တရုတ်သည် မကြာသေးမီကပင် ပါကစ္စတန်မှာလည်း ရေနက်ဆိပ်ကမ်းတစ်ခု အကောင်အထည် ဖော်ပြီးခဲ့သည်။ ပါကစ္စတန်တောင်ပိုင်းရှိ ဂွါဒါရေနက် ဆိပ်ကမ်းနှင့် အဝေးပြေးလမ်းက တရုတ်၏ အခြားသော အနောက်ဘက် တံခါးပေါက် ဖြစ်သည်။ စစ်ဒဏ်သင့် အာဖဂန်မှာလည်း တရုတ်သတ္တုတွင်း ကုမ္ပဏီတစ်ခု ကြေးနီတူးနေသည်။

နိုင်ငံတစ်နိုင်ငံ၏ စီပွားရေး မဟာဗျူဟာအရ တရုတ်က မိမိ၏ နယ်ပယ်လက်တံကို တဖြည်းဖြည်း ဆန့်ထုတ်လာခဲ့ရာတွင် အာဖရိက၊ လက်တင်အမေရိကနိုင်ငံများသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ၁၉ ရာစု အကုန် ၂၀ ရာစုဆန်းစ အရင်းရှင်စနစ် အားကောင်းချိန် ဥရောပ အရင်းရှင် နိုင်ငံများ ကိုလိုနီပြု နယ်မြေချဲ့ထွင်သလိုမျိုး တရုတ်က ကမ္ဘာကြီးရှေ့မှောက် ထွက်လာခဲ့ပြီ ဖြစ်သည်။ သို့သော် အတိတ် ၁၉ ရာစုတုန်းကလို လက်နက်ကိုင် ကိုလိုနီပြု နယ်မြေချဲ့ထွင်ခြင်းမျိုးတော့ မဟုတ်တော့ပါ။

တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးသုံးသပ်ကြသည့်အခါ ပါဝင်ပတ်သက်သည့် နိုင်ငံအားလုံး အကျိုးစီးပွားတွေ ပါဝင်နေသည်။ တောင်တရုတ်ပင်လယ်ထဲမှာ သယံဇာတတွေ ရှိသည်။ သဘာဝဓာတ်ငွေ့သိုက်တွေ ရှိသည်။ ရေသယံဇာတ၊ မြေသယံဇာတနှင့် မဟာဗျူဟာ ပထဝီ အနေအထား ရှိသည်။ သက်ဆိုင်ရာ နိုင်ငံအားလုံးက တရားဝင် ပိုင်ဆိုင်လိုကြသည်။ ယခု အင်အားကြီးထွားလာသော တရုတ်က ကျန်နိုင်ငံများ လက်ရှောင်နေကြပါဟု ဆိုလာသည်။ သမိုင်းကြောင်းအရ ပိုင်ရှင်အစစ်သည် တရုတ်သာ ဖြစ်သည်ဟု (နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကို အာခံလျက်) ပြောင်ပြောင်တင်းတင်း ဆိုလာသည်။

ကမ္ဘာတွင် ကိုလိုနီစနစ် မကုန်ဆုံးသေးပါ။ တောင်တရုတ်ပင်လယ်အရေးကို အကြောင်းပြု၍ နောက်ထပ် ဖောက်ကလန် စစ်ပွဲလိုမျိုး စစ်ပွဲတစ်ခု မပေါ်ပေါက်စေဖို့ကိုပဲ ဆုတောင်းမိပါသည်။

ချစ်ဝင်းမောင်

  • TAGS