News

POST TYPE

PERSPECTIVE

တပ်အရာရှိအယောင်ဆောင်လိမ်လည်သူများကိုဖမ်းမိ
10-Sep-2018
တောင်ငူ၊ စက်တင်ဘာ ၁၀

တပ်အရာရှိအယောင်ဆောင်၍ လုပ်ငန်းရှင်များထံမှ ငွေကြေးလိမ်လည်ရယူရန်ကြိုးပမ်းသူ ၅ ဦးကို ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ် ဘုရားကြီးမြို့ လဘက်ရည်ဆိုင်တစ်ခုတွင် ဖမ်းမိခဲ့ကြောင်း တောင်ငူမြို့ သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့မှ ဦးမျိုးကျော်သူက ပြောကြားသည်။

၎င်းတို့သည် စက်တင်ဘာ ၈ ရက်က တောင်ငူမြို့ ကန်လမ်းရှိ ရေပိုက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ထံလာ၍ တပ်မတော်က ရေတွင်းများတူးရန်ရှိသည်ဆိုကာ ကုန်ကျစရိတ်ကိုမေးခဲ့သဖြင့် ရေတွင်းတူးသူများနှင့် ချိတ်ဆက်ပေးခဲ့ကြောင်း၊ ထို့နောက် စက်တင်ဘာ ၁၀ ရက်တွင် ပဲခူးသို့ဆင်းလာရန်နှင့် လုပ်ငန်းကိစ္စအဆင်ပြေရန် မုန့်ဘူးအတွင်း ငွေဆယ်သိန်းထည့်၍ အရာရှိကို ကန်တော့လက်ဆောင်ပေးရန် ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။ 

မသင်္ကာသဖြင့် ရေပိုက်ဆိုင်ရှင်နှင့် တောင်ငူမြို့ သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့ဝင်များညှိနှိုင်းကာ နယ်မြေခံစစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ကို အကြောင်းကြားချိတ်ဆက်ပြီးနောက် လိမ်လည်သူများချိန်းဆိုသည့် လဘက်ရည်ဆိုင်တွင်တွေ့ဆုံပြီး ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တောင်ငူသဘာဝဘေးကယ်ဆယ်ရေးအဖွဲ့မှ ဦးမျိုးကျော်သူက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်မြေခံစစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ ဗိုလ်ကြီးတစ်ဦးထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ စစ်ဆေးနေဆဲဖြစ်၍ နောက်ပိုင်းမှသာ သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 

R-15



  • VIA