News

POST TYPE

PERSPECTIVE

သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး ဖြစ်စေတဲ့ လူမှုကွန်ရက်
06-Sep-2018
အရှေ့တောင်အာရှနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများတွင် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံများအခြေစိုက် လူမှုကွန်ရက်များ ရှိကြပါတယ်။ မြန်မာနိုင်ငံမှာလည်း မြန်မာဖေ့စ်ဘွတ်ခ်သဖွယ် လူမှုကွန်ရက်တစ်ခုကို စက်တင်ဘာလအတွင်း စတင်အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း စာရေးသူ ကြားမိထားပါတယ်။ နိုင်ငံသားပိုင် ပြည်တွင်းအခြေစိုက် Social Media တစ်ခုဖြစ်တဲ့အတွက် Cyber Crime ကိစ္စရပ်များ၊ သတင်းတု၊ သတင်းမှား ဖြန့်ဝေမှုများ၊ အမုန်းစကား ဖြန့်ဝေမှုများ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးဖြန့်ချိမှုများ၊ မိမိနိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် မဆီလျော်၊ မအပ်စပ်တဲ့ကိစ္စရပ်များကို အခြေအနေ၊ အတိုင်းအတာတစ်ခုထိ စိစစ်၊ ပယ်ဖျက်၊ တားဆီးနိုင်ဖို့သာ အရေးကြီးကြောင်း စာရေးသူ ထင်မြင်မိပါတယ်။

ကမ္ဘာကြီး ရွာပုံစံဖြစ်သွားရခြင်း

၂၀၁၈ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇၆၀၀ ကျော် ရှိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ရှိပါတယ်။ ယနေ့ကမ္ဘာကြီးဟာ “ရွာ”ပုံစံ ဖြစ်သွားရခြင်းမှာ အင်တာနက်ကို အသုံးပြု၍ လူမှုကွန်ရက်အသီးသီးကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေသောကြောင့် ဖြစ်ပါတယ်။

လူမှုကွန်ရက်ရဲ့ အသုံးဝင်ပုံ

မိမိတို့ရဲ့ User Profile များပေါ် တည်ဆောက်ကာ လူမှုကွန်ရက်ပေါ်တွင် မိမိတတ်သိထားသော ပညာရပ်များ၊ သတင်းအချက်အလက်များကို Post တင်နိုင်ပါတယ်၊ ကြိုက်နှစ်သက်လျှင် Like ပေးနိုင်ပါတယ်။ Post များဖတ်ပြီး မိမိရဲ့ထင်မြင်ယူဆချက်၊ အကြံပြုချက်၊ ဝေဖန်ချက်တို့ကို Comment များ ပေးနိုင်ပါတယ်။ မိမိလို အခြားသူများကို သိစေ၊ တတ်စေရန်အလို့ငှာ Share ပေးနိုင်တယ်။ တစ်ဦးနဲ့တစ်ဦး သာရေး၊ နာရေး၊ လူမှုရေး စတဲ့အချက်အလက်များကို ပုဂ္ဂိုလ်ရေးခင်မင်မှုအရ Message များ ပေးပို့နိုင်ပါတယ်။ မိမိနှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားများ၊ ဗီဒီယိုများ၊ ပြဇာတ်များကို ဖျော်ဖြေမှုအနေနဲ့ Public Post တင်နိုင်ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းများအနေနဲ့ ကိုယ်ပိုင် Page များ တည်ဆောက်ကာ မိမိတို့ရဲ့ လုပ်ငန်းဆောင်တာ ဖော်ဆောင်မှုများကို လူအများသိအောင် တင်ပြခြင်း၊ Group များဖွဲ့ကာ ဆွေးနွေးတိုင်ပင်ကြခြင်း စတဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး စတဲ့ ရေးရာအဖြာဖြာကိစ္စတွေမှာ လူမှုကွန်ရက်များဟာ အလွန်အရေးပါတဲ့ ကဏ္ဍတစ်ရပ်မှာ ရှိနေတယ်ဆိုတာ သုံးစွဲသူတိုင်း သိကြမည်ဟု စာရေးသူ ထင်ပါတယ်။

ကမ္ဘာ့လူမှုကွန်ရက် သုံးစွဲသူတွေ

ကမ္ဘာပေါ်တွင် လူမှုကွန်ရက်များစွာရှိတဲ့အနက် Facebook သုံးစွဲသူပေါင်း ၉၂ ဒသမ ၇၄ ရာခိုင်နှုန်း၊ Youtube သုံးစွဲသူ ၂ ဒသမ ၅ ရာခိုင်နှုန်း၊ Pinterest သုံးစွဲသူ ၂ ဒသမ ၂၆ ရာခိုင်နှုန်း၊ Twitter ကို ၁ ဒသမ ၆၆ ရာခိုင်နှုန်း၊ Instagram ကို ဝ ဒသမ ၃၆ ရာခိုင်နှုန်း၊ Tumblr ကို ဝ ဒသမ ၁၆ ရာခိုင်နှုန်း ရှိကြပါတယ်။ ထူးဆန်းသည်မှာ မြန်မာပြည်တွင် Facebook ကို ၁၈ သန်းကျော် သုံးစွဲနေကြကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံအခြေစိုက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အနေနှင့် တပ်မတော်အကြီးအကဲ ၂၀ ဦးနှင့် မြဝတီသတင်းဌာန အပါအဝင် အမုန်းစကား ပြောဆိုရေးသား Post တင်သူအချို့ရဲ့ Facebook အကောင့်များကို အပြီးအပိုင် ထာဝရ ပိတ်ပင်ခဲ့ပြီးနောက် ရုရှားနိုင်ငံအခြေစိုက် VK လူမှုကွန်ရက်တစ်ခုဟာ မြန်မာပြည်သူများအကြား သက်ဝင်လှုပ်ရှားလာပါတယ်။ အကြောင်းမှာ ဖေ့စ်ဘွတ်ခ်မှဖယ်ရှားခံရသူ အတော်များများနှင့် အမုန်းစကားများ ပြောဆိုမှုကြောင့် အကျဉ်းထောင်မှ လွတ်မြောက်လာသူများ၊ လက်ရှိအာဏာရပါတီ NLD နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်သူ အတော်များများဟာ VK လူမှုကွန်ရက်ကို အသုံးပြုနေကြောင်း စာရေးသူ သတိပြုမိပါတယ်။

ခေတ်စားနေတဲ့ VK လူမှုကွန်ရက်ဆိုတာ 

VK ဆိုတာ VKontakte ရုရှားဘာသာစကားအရ ဆက်သွယ်ခြင်း (In Contact) ဟု အဓိပ္ပာယ်ရပါတယ်။ VK လူမှုကွန်ရက် သုံးစွဲသူ ရုရှားနိုင်ငံတွင် သန်းပေါင်း ၆၀ ကျော်ရှိပြီး အခြားကမ္ဘာ့နိုင်ငံများမှ သုံးစွဲသူပေါင်း သန်း ၄၆၀ ကျော် ရှိပါတယ်။ VK ကို ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး စတင်အသုံးပြုခဲ့တာဖြစ်ပြီး ကမ္ဘာ့ဘာသာစကား ၈၆ မျိုးအထိ အသုံးပြုလို့ရကြောင်း စာရေးသူ လေ့လာမိပါတယ်။ ဖေ့စ်ဘွတ်ခ်က လူ ၅၀၀၀ အထိသာ Friend အနေနဲ့ လက်ခံနိုင်သော်လည်း VK ကမူ လူ ၁၀၀၀၀ အထိ လက်ခံနိုင်ခြင်းပင် ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်တွင် အသက် ၁၈ နှစ်အောက် လူငယ်များ မကြည့်သင့်သော Site များကို ကန့်သတ်ထိန်းချုပ်ထားသော်လည်း VK တွင် ထိုဆိုက်များကို လုံးဝ လုံးဝ မထိန်းချုပ်ထားခြင်း၊ လွတ်လပ်စွာ ကြည့်ရှုခွင့်ပေးထားခြင်းတို့ဟာ သုံးစွဲမိသူ မြန်မာနိုင်ငံရဲ့ အနာဂတ်လူငယ်များအတွက် လူမှုရေးနယ်ပယ်တွင် စာရိတ္တပိုင်းဆိုင်ရာ အဖုအထစ်များစွာ ဖြစ်ပေါ်လာနိုင်ကြောင်း စာရေးသူ တင်ကြို တွေးမိ စိတ်မချမ်းမြေ့မိ ဖြစ်ရပါတယ်။

ယဉ်ကျေးမှု၊ ထုံးတမ်း၊ အစဉ်အလာတွင် မြန်မာနိုင်ငံသည် ဂုဏ်ယူဖွယ်ရာ နိုင်ငံတစ်ခုအနေနဲ့ ရပ်တည်နေသည်မှာ ကမ္ဘာ့အလယ် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ စစ်မက်ရေးရာပညာ IT (Information Technology) နှင့်ပတ်သက်၍ မဟာဘွဲ့၊ ပါရဂူဘွဲ့များအတွက် စစ်ဘက်ဆိုင်ရာ အရာရှိများကို စေလွှတ်နေသည်မှာ ရာပေါင်းများစွာရှိပြီး ၂၀၀၁ ခုနှစ်ကတည်းကစ၍ ယနေ့တိုင်စေလွှတ်လျက်ရှိပါတယ်။ Facebook က တပ်မတော်အကြီးအကဲ (ကာချုပ်) ကို ၎င်းတို့၏ လူမှုကွန်ရက်မှ ဖယ်ရှား ခဲ့ပြီး ၂ ရက်အကြာမှာ Senior General Min Aung Hlaing အမည်ဟာ VK လူမှုရေးဆိုင်ရာ ကွန်ရက်တွင် ပေါ်လာပြီး VK လူမှုကွန်ရက်ဟာ သုံးစွဲသူများအကြား ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။

မည်သို့ပင်ဆိုစေ လူမှုကွန်ရက်သည် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များရဲ့လက်အောက်ခံ၊ အသုံးချခံမဖြစ်စေရန် လုံးဝ အရေးကြီးပါတယ်။ လူမှုကွန်ရက်ပေါ် အသုံးချ၍ ဖြစ်ပေါ်လျက်ရှိနေသော Fake Account သုံး၊ Cyber Crime လို ရာဇဝတ်မှုမျိုးစုံ ကျူးလွန်သူများကို ဥပဒေအရ အရေးယူဖို့ အစိုးရတိုင်းမှာ အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် နိုင်ငံတိုင်းမှာ ရင်ဆိုင်နေရပါတယ်။

စာရေးသူအနေနဲ့ အကြံပြုလိုသည်မှာ လူမှုကွန်ရက်ဟူသည် သုံးတတ်လျှင် “ဆေး” ဖြစ်ပါတယ်။ မသုံးတတ်လျှင် “ဘေး”ဖြစ်တတ်ပါတယ်။ “လူမှုကွန်ရက်အသီးသီးကို အသုံးပြု၍ မိမိဘဝ တိုးတက်ရေး၊ မိမိမိသားစု၊ မိမိနေထိုင်နေတဲ့ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်မှစ၍ တိုင်းပြည်အတွက် မိမိရဲ့အားလပ်တဲ့အချိန်များကို အရင်းပြု၍ အင်အားတစ်ရပ်ကို ကိုယ်စီကိုယ်စီ ထူထောင်ကြပါစို့၊ ကြိုးစားကြပါစို့ဟု အကြံပြုရင်း တင်ပြလိုက်ပါတယ်။

ဂျက်ဖရီတင်အုန်း (အဆင့်မြင့်နည်းပညာတက္ကသိုလ်)