News

POST TYPE

PERSPECTIVE

အိုင်အိုဒင်းချို့တဲ့မှုရောဂါပပျောက်ရေး အမျိုးသား မဟာဗျူဟာမူကြမ်း ရေးဆွဲ
04-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၄

အိုင်အိုဒင်း ချို့တဲ့မှုရောဂါသည် အာဟာရ ပြဿနာ တစ်ရပ်ဖြစ်သည့်အတွက် အဆိုပါ ရောဂါပပျောက်ရေးအတွက် အမျိုးသား မဟာဗျူဟာမူကြမ်းကို ရေးဆွဲလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောကြားသည်။

“စက်ရုံတွေက အိုင်အိုဒင်း ထည့်တာ သတ်မှတ်ထားသလောက် မထည့်သေးဘူးဖြစ်နေလို့ ပြန်အရှိန်မြှင့်နေတယ်။ ဆားလုပ်ငန်းရှင်တွေအနေနဲ့ ဆားထုတ်တဲ့အခါမှာ အိုင်အိုဒင်းကို စံမီအောင် ထည့်ပေးစေချင်တာပါ။ သူတို့က လုံးဝ မထည့်တာတော့ မဟုတ်ပေမယ့် အားနည်းနေတယ်”ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှစတင်ကာ တစ်နိုင်ငံလုံး အိုင်အိုဒင်းဆား စားသုံးရေးအစီအစဉ်ကို ရေရှည်နည်းဗျူဟာအဖြစ် ကျင့်သုံး၍ အိုင်အိုဒင်းချို့တဲ့မှု ရောဂါများ ကာကွယ်ရေးမှသည် ပပျောက်ရေးအထိ ရည်မှန်းကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ မူကြမ်းရေးဆွဲခြင်းသည် ဆားလုပ်ငန်းရှင်များအား အဓိကထား ရည်ရွယ်ကြောင်း အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနခွဲထံမှ သိရသည်။

အဆိုပါ အိုင်အိုဒင်းချို့တဲ့မှုဖြစ်ပွားပါက သားပျက်၊ သားလျှောခြင်း၊ ပေါင် မပြည့်၊ လမပြည့်သည့် ကလေးမွေးခြင်း၊ ကလေးအသေမွေးဖွားခြင်းတို့ ဖြစ်တတ်ပြီး ကလေးငယ်များသည် စံချိန်မီ မကြီးထွားနိုင်ဘဲ သေးကွေးပုညှက်ခြင်း၊ မွေးရာပါ ကိုယ်အင်္ဂါ ချို့တဲ့ခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးခြင်းစသော နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

၂၀၁၇-၂၀၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဆားစက်များ၏ အိုင်အိုဒင်း ဆားထုတ်လုပ်မှု စာရင်းများအရ ရန်ကုန် တိုင်းဒေသကြီးတွင် ၁၁၈,၀၀၀ တန်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၁,၇၀၀ တန်၊ မွန်ပြည်နယ်တွင် ၆,၇၉၈ တန်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၄၀၇ တန်၊ ရခိုင်ပြည်နယ်တွင် ၂၉,၀၀၀ တန် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

J-12