News

POST TYPE

PERSPECTIVE

ပုံရိပ်
04-Sep-2018
မန်ယူနည်းပြမော်ရင်ဟိုက စကားအရာမှာ အလွန်ပြောင်မြောက်သူပါ။ နည်းပြအဖြစ် အောင်မြင်သလောက် သူ့အပြောအဆိုတွေကလည်း လူအမြင်ကတ်အောင် ပြောင်မြောက်လေ့ရှိတယ်။ အင်္ဂလိပ် ပရီးမီးယားလိဂ် စိတ်ဝင်စားသူတွေကတော့ မော်ရင်ဟိုအကြောင်း သိကြပါတယ်။ သူက ထူးထူးခြားခြား ဒီရက်ထဲ မန်ယူနဲ့ပတ်သက်ပြီး ကော်မန့် (Comment) တစ်ခုပေးပါတယ်။ “အခု အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာ မန်ယူမဟုတ်ပါဘူး။ မြန်မာပြည်ပါ။ ခင်ဗျားတို့ သတင်းတွေထဲ ဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်”ဆိုပြီး ပြောပါတယ်။ မော်ရင်ဟို ဒီလိုမှတ်ချက်ပေးတာ တွေ့လိုက်ရတော့ ရုတ်တရက် အံ့ဩသွားတယ်။ မဆီမဆိုင် သူ့မန်ယူနဲ့ မြန်မာပြည်ကို လာပြီးခိုင်းနှိုင်းနေပြန်ပြီလို့ ဆိုရမလားပဲ။ ဒီရာသီအစမှာ မန်ယူအသင်း ရှုံးပွဲတွေနဲ့ ဆက်တိုက် ကြုံနေတယ်။ ဒါဟာ အခက်အခဲကာလ မဟုတ်သေးပါဘူး။ မြန်မာပြည်ကမှ တကယ်ကို အခက်အခဲ အကျပ်အတည်းကာလကို ရောက်နေတာ၊ ခင်ဗျားတို့ သတင်းတွေထဲမှာ တွေ့ရမှာပေါ့ဆိုပြီး မီဒီယာတွေကို ပြောလိုက်တာ။

ပြီးခဲ့တဲ့တစ်ပတ်ကလည်း သူ့အသင်းစပါးကို သုံးဂိုးပြတ်ရှုံးသွားတော့ မီဒီယာတွေကို လက်သုံးချောင်းထောင်ပြပြီး “ဒီလက်သုံးချောင်းရဲ့ အဓိပ္ပာယ်ကို ခင်ဗျားတို့သိလား၊ ပရီးမီးယားလိဂ်ဖလား သုံးလုံးကို ကျုပ်တစ်ယောက်တည်း ရခဲ့တာ။ ကျန် ၁၉ သင်းက မန်နေဂျာ အားလုံးပေါင်းထက် ကျုပ်ပိုများတယ်”ဆိုပြီး ပြောခဲ့သေးတယ်။

ပြောချင်တာက မော်ရင်ဟိုအကြောင်း မဟုတ်ဘူး။ မန်ယူအကြောင်းလည်း မဟုတ်ဘူး။ မြန်မာပြည်အကြောင်း ...။ မော်ရင်ဟိုကတော့ မှတ်ချက်ပေးသွားပါတယ်။ တကယ်အခက်အခဲနဲ့ ကြုံနေရတာ မြန်မာပြည်ပါတဲ့။ ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ မြန်မာပြည်ရဲ့ပုံရိပ်က အဲဒီလိုဖြစ်နေပြီလား။ မြန်မာပြည်ဟာ ပြဿနာပေါင်းစုံ ရှုပ်ထွေးနေတဲ့နိုင်ငံတစ်ခု ဖြစ်နေပြီလား ...။

ကိုယ်က ဒီနိုင်ငံထဲနေတာဆိုတော့ ကိုယ့်နိုင်ငံအကြောင်း ကိုယ်အသိဆုံး။ တကယ်လည်း မော်ရင်ဟိုပြောသလို အခက်အခဲကာလနဲ့ ရင်ဆိုင်နေရတာတော့ အမှန်ပဲ။ လက်နက်ကိုင် အစုအဖွဲ့တွေ အများကြီးရှိနေပြီး ဒီနေ့အထိ တိုက်ပွဲတွေ ရှိနေသေးတာ ...။ ငြိမ်းချမ်းရေးဝေါဟာရတွေ တွင်တွင် ပြောနေပြီး မငြိမ်းချမ်းသေးတာ ...။ မပြီးဆုံးသေးတဲ့ ငြိမ်းချမ်းရေးဟာ စားပွဲဝိုင်းပေါ်မှာ အချေအတင် ငြင်းကောင်းနေကြတာ ...။ အခန့်မသင့်တဲ့အခါ ပစ်လိုက်၊ ခတ်လိုက်ကြတာ ...။ စုံလို့ပါပဲ။

ငြိမ်းချမ်းရေးက ဝေးနေသေးတော့ စီးပွားရေးက အဆင်ပြေနေပြီလားဆိုတော့ စီးပွားရေးကလည်း နာလန်မထူနိုင်သေးဘူး။ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ရဲ့ အကျိုးဆက်ကို နိုင်ငံအတော်များများ ခံရတယ်။ မြန်မာပြည်ကတော့ တခြားနိုင်ငံထက် ပိုဆိုးတာပေါ့။ ပြီးခဲ့တဲ့ ဩဂုတ်တစ်လအတွင်း ကျသွားတဲ့ မြန်မာကျပ်ငွေတန်ဖိုးက ကြောက်ခမန်းလိလိ။ အခုထက်ထိ ငွေတန်ဖိုးက ပြန်မငြိမ်သေးဘူး။ စီးပွားရေးမကောင်းဘူးလို့ လူတွေ ညည်းနေကြတယ်။ အလုပ်အကိုင်၊ အရောင်းအဝယ် မဖြစ်ဘူးလို့ ပြောနေကြတယ်။ ပျော်စရာစကား မကြားရဘူး။ ဒီကြားထဲ မြွေပူရာ ကင်းမှောင့်ဆိုသလို ရာသီဥတုက ဖောက်ပြန်လိုက်သေးတယ်။ ရေကြီးလို့၊ လယ်မြေအိမ်ရာတွေ ရေမြုပ်လို့ ဆုံးရှုံးသွားရတဲ့ နစ်နာမှုတွေရှိလာတယ်။

ငြိမ်းချမ်းရေးက ဝေး၊ စီးပွားရေးက နှေး ဖြစ်နေချိန်မှာ နိုင်ငံတကာ ဖိအားကလည်း ကြီးထွားနေပြန်သေးတယ်။ ရခိုင်အရေး ဖြေရှင်းမှုနဲ့ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ မြန်မာတပ်မတော်ခေါင်းဆောင်တွေကို နိုင်ငံတကာခုံရုံး (ICC) တင်ဖို့ တိုက်တွန်းမှုတွေ ရှိလာသလို နိုင်ငံတော်အတိုင်ပင်ခံရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကိုတောင် ပြန်ရုပ်ဖို့ တောင်းဆိုတာတွေ ရှိလာတယ်။ မော်ရင်ဟို ပြောသလိုပါပဲ။ တကယ်အခက်အခဲတွေနဲ့ ကြုံနေရတာ ဒီနေ့မြန်မာပြည်ပါ။

ကိုယ့်နိုင်ငံ(မြန်မာ) နဲ့ပတ်သက်လို့ ကမ္ဘာက ဘယ်လိုရှုမြင်နေကြသလဲ။ ကိုယ့်နိုင်ငံကို ဘယ်လိုသိနေကြသလဲ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်တုန်းကတော့ “အောင်ဆန်းစုကြည်”ဆိုတဲ့အမည်နဲ့တွဲပြီး ကမ္ဘာကသိကြတယ်။ စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ အန်တုခဲ့တဲ့ လူ့အခွင့်အရေးခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲပြီး ကမ္ဘာကြီးက မြန်မာပြည်ကို သိခဲ့တာပေါ့။ ကိုယ့်နိုင်ငံအမည်ကိုလည်း သိပ်မကြားဖူး၊ ကမ္ဘာကြီးရဲ့ ဘယ်အနားမှာရှိတယ်ဆိုတာ ဇဝေဇဝါဖြစ်နေသူတွေက ဒေါ်အောင်ဆန်းစုကြည် နာမည်ကြားလိုက်ရုံနဲ့ “အိုး ... အောင်ဆန်းစုကြည်၊ အိုင်နိုး အိုင်နိုး ...” ဖြစ်ကုန်ကြတယ်။ (ဒါလည်း ကောင်းတဲ့ပုံရိပ်တော့ မဟုတ်ဘူး။ စစ်အာဏာရှင်တွေ ကြီးစိုးနေတဲ့နိုင်ငံအဖြစ် သိကြတာ)။

ဒီနေ့ အချိန်မှာတော့ မြန်မာပြည်ရဲ့ပုံရိပ်က မော်ရင်ဟို ခိုင်းနှိုင်းသွားသလို “အခက်အခဲကြုံနေရတဲ့နိုင်ငံ”၊ “ဆင်းရဲပြီး အချင်းချင်းညီညွတ်မှု မရှိတဲ့နိုင်ငံ”၊ “ပြဿနာတွေများတဲ့နိုင်ငံ”အဖြစ် ကမ္ဘာကြီးက မြင်နေပြီလားတော့ မသိပါ။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ အမေရိကန်အခြေစိုက် Facebook ကုမ္ပဏီဟာ မြန်မာတပ်မတော်ခေါင်းဆောင်အချို့ရဲ့ စာမျက်နှာနဲ့ အခြား စာမျက်နှာ မှတ်ပုံတင် အတော်များများကို ပိတ်ပစ်လိုက်တယ်။ Facebook ရဲ့အဆိုအရ ဒီစာမျက်နှာတွေဟာ သူတို့ချမှတ်ထားတဲ့ လူမှုအသိုက်အဝန်း စံ (Community Standards) နဲ့ မကိုက်ညီလို့ပါလို့ ဆိုတယ်။ အားလုံး သိကြတဲ့အတိုင်း မြန်မာနိုင်ငံက တယ်လီကွန်းဆက်သွယ်ရေးစနစ် ဖွံ့ဖြိုးမှုမှာ နောက်ကျဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ အားကောင်းလာတဲ့ ဆက်သွယ်ရေးစနစ်ကြောင့်ပဲ လူမှုကွန်ရက်လို့ခေါ်တဲ့ (Social Media) အသုံးအများဆုံး၊ အထူးသဖြင့် အမေရိကန်အခြေစိုက် လူမှုကွန်ရက် Facebook ကို အသုံးပြုမှု အများဆုံး၊ ပြဿနာ အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေတာ တွေ့ရပါတယ်။ Facebook က ဩဂုတ်လ ၂၇ ရက်မှာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများရဲ့ Accounts တွေ ပိတ်လိုက်ကြောင်း ကြေညာလိုက်တော့ မြန်မာအကြောင်း မကောင်းအမြဲတမ်းရေးတတ်တဲ့ နယူးယောက်တိုင်းမ်သတင်းစာက ဟာနာဘိချ်က In Myanmar, a Facebook Blackout Brings More Anger Than a Genocide Charge ဆိုပြီး သတင်းရေးပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်ထက် ဖေ့စ်ဘွတ်ခ် ပိတ်လိုက်တဲ့အပေါ် မြန်မာပြည်ကလူတွေ ပိုဒေါသထွက်နေဆိုပြီး ခေါင်းတပ်ပါတယ်။ ပြီးတော့ မြန်မာစစ်ဗိုလ်ချုပ်တွေ ရုရှားလူမှု ကွန်ရက် (VK) ဘက် ရွှေ့သွားကြတဲ့အကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိစာရင်းများအရ လူမှုကွန်ရက် Facebook သုံးစွဲနေသူ ၁၈ သန်း ရှိတယ်။ မြန်မာနိုင်ငံသားတွေဟာ မိုဘိုင်းလ်ဖုန်း အင်တာနက်ကတစ်ဆင့် သူတို့ရဲ့အချိန်အများစုကို လူမှုကွန်ရက် Facebook သုံးပြီး ကုန်ဆုံးနေတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေဟာ ဖေ့စ်ဘွတ်ခ်ကြောင့် ကြီးထွားခဲ့ရသလို မတားဆီးနိုင်ခဲ့ဘူးလို့လည်း မကြာသေးမီက Facebook ကိုယ်တိုင် ဝန်ခံခဲ့တာလည်း ရှိတယ်။ Facebook ကို နိုင်ငံအများအပြားမှာ အသုံးပြုနေကြပေမယ့် မြန်မာကတော့ ပြဿနာအများဆုံးနိုင်ငံလို့ ပြောနေသလိုပါပဲ။

ကမ္ဘာကြီးရဲ့ ကိုယ့်နိုင်ငံအပေါ် အမြင်တွေက မကောင်းတာများနေတယ်။ မကောင်းဘူးဆိုရအောင် ကောင်းတာချပြဖို့ကလည်း မရှိသလောက်ဘဲ။ လူအတော်များများ သတိထားမိကြရဲ့လားတော့ မသိဘူး။ ဒီနှစ် အာရှ အားကစားပြိုင်ပွဲကြီးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာနဲ့ ပါလမ်ဘန်းမြို့တွေမှာ ကျင်းပနေတယ်။ အခု စက်တင်ဘာ ၂ ရက်မှာ ပြိုင်ပွဲပြီးသွားပြီ။ အာရှနိုင်ငံပေါင်း ၄၅ နိုင်ငံ ဝင်ပြိုင်ကြတဲ့ ဒီပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့က ကြေးတံဆိပ်၂ ခုနဲ့ ဟိုးအောက်ဆုံးနားမှာ ရှိနေတယ်။ မြန်မာအောက်မှာ ဆီးရီးယားက ကြေး ၁ ခု၊ မြန်မာအထက်မှာ အာဖဂန်နစ္စတန်က ကြေး ၂ ခုနဲ့ ရပ်တည်နေတာ တွေ့ရတယ်။ ကစားနည်း ၈ မျိုး၊ ကစားသမား စုစုပေါင်း ၁၃၃ ယောက်က ကြေး ၂ ခုနဲ့ အဆင့် ၃၅။ ကမ္ဘောဒီးယားက ရွှေ ၂ ခု၊ ကြေး ၁ ခု၊ လာအိုက ငွေ ၂ ခု၊ ကြေး ၃ ခုနဲ့ ဇယားဟိုး အပေါ်ဘက်မှာ ရှိနေတယ်။ တခြားသူတွေတော့ မသိဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီဇယားကိုမြင်ရတာ အင်မတန် ရှက်မိတယ်။ မြန်မာဟာ ဒီအဆင့်ပဲလား။ ကိုယ့်အထက်နဲ့ အောက်မှာ စစ်ကြောင့်မွမွကြေနေတဲ့ နိုင်ငံနှစ်နိုင်ငံပဲ ရှိတော့တယ်။ အာဖဂန်နစ္စတန်နဲ့ ဆီးရီးယား ...။ အေးလေ ကိုယ့်နိုင်ငံကလည်း ဘာထူးသေးလို့တုံး။ တငွေ့ငွေ့လောင်နေတဲ့ ပြည်တွင်းစစ်ကြီးက နှစ် ၇၀ တောင် ရှိနေပြီပဲကို ...။

ချစ်ဝင်းမောင် (၂-၉-၂၀၁၈)