News

POST TYPE

PERSPECTIVE

ချိန်ခွင်တစ်လက်ရဲ့ သေရေးရှင်ရေး
03-Sep-2018
၁။ “တရားစီရင်ရာတွင် အမှန်ကိုဆုံးဖြတ်ရုံမျှသာမကဘဲ ထိုသို့ အမှန်တရားကိုစီရင်ကြောင်း အများမြင်စေရာသည်”

ဟုတ်ကဲ့။ ကောင်းမြတ်လှပ နားဝင်ချိုလိုက်တဲ့ စကားစုလေး။ စီရင်ထုံးညွှန်ပြချက်ကလေးပါ။ သို့ပေတဲ့လို့ “တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းပြိုလဲနေပြီ”တို့၊ “တရားဥပဒေစိုးမိုးရေး ပျက်ပြားနေပြီ”တို့ စတဲ့ ရင်ဆို့ချင်စရာ အသံဗလံပေါင်းစုံတွေညံနေတဲ့ ဒီကနေ့ခေတ်အခြေနေမှာ ဒီတရားစီရင်ထုံး ပြညွှန်ချက်လေးဟာဖြင့် ရှေ့နေရှေ့ရပ်များရဲ့ လျှောက်လဲချက်တွေထဲမှာ မပါမပြီး ခတ်တိုင်းငန်ကလေးအဖြစ် အသုံးတော်ခံနေရတာက လွဲလို့ ပွဲမတိုးရှာတော့ဘူးခင်ဗျ။

တရားရုံးတွေက အမှန်ကိုဆုံးဖြတ်နေကြသလား။ အမှန်တရားကို စီရင်နေကြောင်း အများပြည်သူတို့ မြင်သာသိသာအောင် စီရင်နိုင်ကြရဲ့လား။

၂။ နိုင်ငံရဲ့ဂုဏ်ကျက်သရေဆိုတာ တရားဥပဒေစိုးမိုးမှု ခိုင်မာခြင်းပဲဗျ။ တစ်ရုံးတစ်ထုံး ထင်ရာမြင်ရာ စိတ်ကူးပေါက်သလို တရားစီရင်ခြင်းမျိုးမဟုတ်ဘဲ ခိုင်မာတဲ့ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ တရားရုံး လက်စွဲ၊ စီရင်ထုံးများနဲ့ အရည်အချင်းပြည့်ဝသူတို့က တရားသဖြင့်ကြား နာစီရင်ဆုံးဖြတ်နိုင်မှသာ ပြည်သူတို့က ဘဝင်ကျကျ လေးစားလိုက်နာလက်ခံနိုင်တဲ့ တရားစီရင်ရေးစနစ်ဖြစ်လာမယ်။ ဒါမှပဲ နိုင်ငံအဝန်း တရားဥပဒေစိုးမိုးမှု ခိုင်မာလာမယ်။ ဒါမှပဲ ပြည်သူတို့ နှလုံးစိတ်ဝမ်းအေးချမ်းပြီး တရားရုံး၊ ဥပဒေနဲ့တရားစီရင်ရေးတို့ကို ကိုးစားယုံကြည်လာကြမယ်။ 

“တရားစီရင်ရေးမဏ္ဍိုင် ပြိုလဲနေပြီ”လို့ အသံတွေညံလာလောက်အောင် မြန်မာ့တရားစီရင်ရေးကရော အမှန်တကယ် ယိုယွင်းပျက်စီးနေပြီလား။

၃။ မြင်နေကြားနေရသမျှ တရားစီရင်ရေးသတင်းများအရ တရားစီရင်ရေးမဏ္ဍိုင်ကို တရားရုံးတရားသူကြီးများရဲ့ ဆင်ခြင်တုံတရား (Rationalism) က စီးမိုးအုပ်စိုးထားပြီး တည်ဆဲဥပဒေပြဋ္ဌာန်းချက်များကိုပဲ တစ်ရုံးတစ်ထုံး အမျိုးမျိုး ထင်ရာမြင်ရာဖွင့်ဆိုစီရင်နေကြ၊ မညီမညွတ်ဖြစ်နေကြတာကို ထင်းခနဲ အဝေးကနေ မြင်နိုင်ပါသဗျ။ (လတ်တလော သရုပ်ဆောင် အောင်ရဲထွေးအမှု ရုပ်သိမ်းခဲ့ကြတာမျိုးက သာဓကပေါ့။)

“တရားရုံးသည် ဥပဒေကို ရှင်းလင်းထင်ရှားသလို ကျင့်သုံးရသည်။ ရှင်းလင်းထင်ရှားသော ဥပဒေစကားရပ်ကို တရားရုံးက အဓိပ္ပာယ်ဖွင့်ဆိုရန်၊ ဋီကာချဲ့ရန်မလို။ အဓိပ္ပာယ်ဖွင့်သလိုနဲ့ ဥပဒေကိုချဲ့ခြင်း၊ ချုံ့ခြင်း ပြုမိတတ်သည်ကို ဆင်ခြင်ရမည်”လို့ တရားရုံးချုပ် စီရင်ထုံးတစ်ခုမှာ လမ်းညွန်ဆုံးဖြတ်ထားပါရဲ့။ ဒါပေမဲ့လည်း ဒီကနေ့ခေတ်မှာ တရားရုံး တရားသူကြီးများဟာ သူတို့ရဲ့ ဆင်ခြင်တုံတရားဆိုတာကြီးကိုပဲ အတော်သဘောခွေ့နေဟန်တူပါရဲ့။ ဒီဆင်ခြင်တုံတရားနဲ့ပဲ အပြစ်ရှိ၊ မရှိ၊ ပြစ်ဒဏ်အလေး၊ အပေါ့ကို စီရင်ဆုံးဖြတ်နေကြ၊ ဥပဒေတွေရဲ့အနက်အဓိပ္ပာယ်တွေကို ဖွင့်ဆိုကောက်ယူဆုံးဖြတ်နေကြ၊ ရှေ့နောက်မညီညွတ်တဲ့ စီရင်ချက်အမိန့်တွေကို အကွဲကွဲအပြားပြား ဆုံးဖြတ်နေကြတာကို အံ့အားသင့်ဖွယ် တွေ့နေကြရပါတယ်။ (လူသတ်မှုနဲ့ ကြားနာစစ်ဆေးဆဲအဆင့်မှာ အမှုကိုရုပ်သိမ်းခွင့် ပေးလိုက်တဲ့အမိန့်မျိုး ရဲရဲတင်းတင်းချမှတ်ခဲ့တာသာ ကြည့်ကြပါရော့။)

အတိအကျပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လက်စွဲဥပဒေအမိန့်၊ ညွှန်ကြားချက်များရဲ့ အထက်ကို အမှုစစ်တရားသူကြီးရဲ့ ဆင်ခြင်တုံတရားက လွန်လွန်ကဲကဲ မင်းမူနေရာယူလာတဲ့အတွက် တရားစီရင်ရေးစနစ်ကြီး အဟုတ်တကယ် ပျက်ရတာပါလို့ဆိုခဲ့ရင် လွန်တယ်လို့ မဆိုနဲ့ဗျ။

၄။ “အမှန်ကိုဖော်ထုတ်၍ တရားစီရင်ရာတွင် မျှတဖို့လိုသည်။ ဥပဒေနှင့်ညီညွတ်ဖို့လည်း လိုသည်။ အမှုဖြစ်ပေါ်၍ စတင်စုံစမ်းရသောပုဂ္ဂိုလ်များ ရုံးတွင်အထောက်အထားများကို လုပ်ထုံးနှင့်အညီ အပြည့်အစုံ တင်သွင်းရသောပုဂ္ဂိုလ်များ၊ နှစ်ဖက်သက်သေများ၊ တရားခံဘက် အကျိုးဆောင်များသည်လည်းကောင်း၊ တရားရုံးတရားသူကြီး သို့မဟုတ် ခုံအဖွဲ့ဝင်တို့သည်လည်းကောင်း၊ သစ္စာတရားကို လက်ကိုင်ထား၍ ပြည်သူတို့ လက်ခံယုံကြည်အားကိုးနိုင်သော တရားစီရင်ရေးကို ဖြစ်ထွန်းစေအပ်သည်။ တစ်ဖက်တွင် အများပြည်သူ့အကျိုးနှင့် လုံခြုံမှုအတွက် ရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့ကို မြန်မြန်အရေးယူ၍ ထိုက်သင့်သောပြစ်ဒဏ် ခံစေအပ်သည်။ တစ်ဖက်တွင်လည်း အပြစ်ကင်းသူတို့အား စွပ်စွဲခြင်းကြောင့် ကြာရှည်ပင်ပန်းရခြင်း၊ မထိုက်သင့်ဘဲ အပြစ်ကျခံရခြင်း မဖြစ်စေအပ်။ တရားစီရင်ရာတွင် ကိုယ့်အခန်းတွင် ကိုယ်ပါဝင်ရသူဟူသမျှသည် ထိုသို့နှစ်ဖက် မျှတစွာချိန်ဆ၍ အထူး သတိဝီရိယစိုက်ထုတ်၍ ပြည်သူ့တာဝန်ကို ကျေပွန်စေရာ၏။

မှန်ကန်မျှတစေရန်အတွက် အမှုစုံစမ်းရာတွင်လည်းကောင်း၊ စစ်ဆေးစီရင်ရာတွင်လည်းကောင်း ဝီရိယစိုက်ထုတ်၍ မြန်ဆန်ပြည့်စုံ သေချာစေရန်လိုသည်။ ထိုသို့မဟုတ်လျှင်၊ တရားခံပင်ပန်းသည်မျှသာမကသေး အဖြစ်ပျက်မှန်တို့သည်လည်း ပျက်ပြယ်တတ်ကြသည်။”

ရှေးက အဲဒီလိုဖြောင့်မတ်မှန်ကန်စွာ တရားသဖြင့် စီရင်ခဲ့ကြတာကို စီရင်ထုံးများမှာ ဖတ်ရှုရပြန်တော့ မျက်ရည်များတောင် လည်မိပါရဲ့။ 

“တရားသူကြီးများသည် အဂတိမလိုက်စားဘဲ တရားစီရင်ရန် တာဝန်ယူ သစ္စာပြုထားကြရသူများဖြစ်သည်။ မှန်ကန်မျှတစွာ အဂတိမလိုက်စားဘဲ တရားသူကြီးများက တရားစီရင်ကြမှ ပြည်သူအများက တရားစီရင်ရေးစနစ်ကို အားကိုးယုံကြည်ကြမည်။ ထိုသို့ ပြည်သူတို့အားကိုးယုံကြည်သော တရားစီရင်ရေးစနစ်ထွန်းကားမှ ပြည်သူအချင်းချင်း မှုခင်းပဋိပက္ခဖြစ်ကြလျှင် အေးချမ်းစွာ ဖြေရှင်းနိုင်ကြမည်။ တရားရုံးများအနေနှင့် မြို့ပြရပ်ရွာများ၏ စည်းလုံးညီညွတ်ရေးကို ကူညီထိန်းသိမ်းနိုင်ကြမည်။”

ကဲ ကြည့်ပါဦး။ ဘယ်လောက်တောင် စေတနာလှလှနဲ့ မျှတမှန်ကန်စွာ တည့်တည့်စင်းစင်း ကြားနာစီရင်ခဲ့ကြတဲ့ ရှေးက မြန်မာ့တရားစီရင်ရေးပါလဲ။ လေးစားကြည်ညိုလောက်ပါပေရဲ့။

“ပြည်သူတို့သည် တရားရုံးများကို ယုံကြည်အားကိုးနိုင်ကြလျှင် စိတ်ချမ်းမြေ့ကြမည်။ စည်းလုံးညီညာကြမည်။ အစိုးရအပေါ်လည်း မေတ္တာထားကြမည်။ ထို့ကြောင့် ပြည်သူတို့ ယုံကြည်အားကိုးနိုင်သော တရားစီရင်ရေး ဖြစ်ထွန်းစေရန်လိုကြောင်းကို ကျွနု်ပ်တို့သည် အမြဲတစေ ဆော်ဩနှိုးဆော်ခြင်း၊ ဝါယမစိုက်ထုတ်ခြင်း ပြုလျက်ရှိကြသည်။ ရည်မှန်းသည့်အတိုင်း ဖြစ်မြောက်စေရန်အတွက် တရားစီရင်ရသောပုဂ္ဂိုလ်တို့သည် စေတနာထား၍ ကြိုးစားကြရန်လိုသည်။ တရားစီရင်ရေးအာဏာသည် ထင်သလိုသုံးရန် ကိုယ်ပိုင်အာဏာမဟုတ်။ အများအကျိုးနှင့်အမှန်ကို ဖြစ်စေရန် ပြည်သူက ယုံကြည်အပ်နှံထားသော အာဏာဖြစ်သည်ဟု မပြတ်သတိချပ်ဖို့လိုသည်။ ရှေ့နေရှေ့ရပ်များ၊ အမှုလိုက်များ၊ ပြည်သူ့ရဲနှင့် အုပ်ချုပ်ရေးဝန်ထမ်းများနှင့် ပူးပေါင်းညှိနှိုင်းသင့်ရာ၌ ပူးပေါင်းညှိနှိုင်း၍ ကိုယ့်တာဝန်ကိုယ်ယူ၍ ဆောင်ရွက်ရမည့်အခန်း၌ တာဝန်သိသိ တာဝန်ကျေကျေ ဆောင်ရွက်ကြမှ ပြည်သူ့အကျိုးပြု တရားစီရင်ရေး ဖြစ်ထွန်းနိုင်သည်။ တာဝန်မကျေ၊ စည်းကမ်းမစောင့်၊ ကျင့်ဝတ်မညီသော တရားသူကြီးများကို ပြည်သူက လေးစားယုံကြည်မည်မဟုတ်၊ ကျွနု်ပ်တို့ကလည်း ၎င်းတို့အား သင့်တော်သလိုပြုပြင်ခြင်း၊ အရေးယူခြင်းတို့ကို ပြုလုပ်ရမည်သာတည်း။”

ကျွန်တော်တို့ရဲ့ မြန်မာ့တရားစီရင်ရေးစနစ်ဟာ ဒီလိုလည်း မှန်ကန်တဲ့အဆုံးအဖြတ်တွေ ရှိခဲ့ဖူးပါရဲ့။ လွမ်းချင်စရာကြီးပေါ့ဗျာ။

“တရားရုံးများသည် အမှုကို အပေါ်ယံကျောမျှသာမကြည့်ဘဲ နက်နက်နဲနဲသုံးသပ်၍ အငြင်းပွားခြင်း အရင်းအမြစ်ကို ရှာဖွေထုတ်ဖော်ရသည်။ အမှန်တရားကိုရရှိနိုင်ရန် စစ်ဆေးစုံစမ်းရသည်။ တင်ပြသောသက်သေများဖြင့်သာ ဆုံးဖြတ်ရန်မဟုတ်ဘဲ အရေးကြီးသောအချက်တို့ကို ခေါ်ယူဖော်ထုတ်ရသည်။ ထိုသို့ဖော်ထုတ်ရာတွင်မူ တစ်ဖက်ဖက်သို့ တိမ်းစောင်းအသားပေးခြင်းမျိုးမဖြစ်စေဘဲ အမှန်တရားကို ဖော်ထုတ်ရေးကို မျက်ခြည်မပြတ်ထားလျှင် မျှတမှန်ကန်မှုကို ဖြစ်စေနိုင်သည်။ လိုအပ်ပါက အချင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးလျက် သက်သေများသည် မကြောက်မရွံ့ အမှန်ကို ပြောတတ်သည်။”

ဪသြော်... ကျွန်တော်တို့ရဲ့ ဒီကနေ့ခေတ် တရားရုံးတွေက ဒီစီရင်ထုံးပါအတိုင်း ကြားနာစစ်ဆေး စီရင်နေကြပါရဲ့လား။ ဝေးစွခြောက်ပါးလို့ ပြောရမလိုပါဗျာ။ တရားရုံး တရားသူကြီးများဟာ အချင်းဖြစ်ရာကို သွားရောက်စစ်ဆေးဖို့ အသာထားလို့ တရားရုံးရှေ့ကိုရောက်လာတဲ့ သက်သေခံချက်တွေ၊ သက်သေခံအထောက်အထားတွေကိုတောင်မှပဲ အမြီးပြန်ခေါင်းပြန် စေ့စေ့စပ်စပ် လှန်လှောစစ်ကြောကြည့်ဖို့ အားမထုတ်ကြတော့တာကို ခဏခဏ မြင်နေတွေ့နေရတာဟာဖြင့် စိတ်မချမ်းသာစရာပါ။ 

“တစ်သွေး၊ တစ်သံ၊ တစ်မိန့်” ဆိုတဲ့အရပ်ကနေ စားကျက်ပြောင်းလာတဲ့ ပုဂ္ဂိုလ်ကျော်များရဲ့ ခေတ်ရှည်ကြီးထဲမှာ “လွတ်လပ်သော တရားစီရင်ရေး”ဆိုတာလည်း သင်းသတ်ခံခဲ့ရ။ “အသင့်ရေး စီရင်ချက်အမိန့်”တွေနဲ့ လက်ညှိုးထောင်ခေါင်းညိတ်အစဉ်အလာဆိုးကို တည်ဆောက်ခဲ့ကြတာလည်း အခုဖြင့် ယဉ်ကျေးမှုသစ်ကြီးအဖြစ်နဲ့ ခေါင်းပေါင်းစတလူလူ ဖြစ်နေပါပကော။

၅။ ဒါတွေကို ဘာလို့အရေးတကြီး စားမြုံ့ပြန် နတ်သံနှောနေရတာလဲ။ ဟုတ်စ။ အေးဗျာ...။ ရိုက်တာသတင်းထောက်နှစ်ဦးကို “သူလျှို”အဖြစ် စွပ်စွဲပြီး (၁၉၂၃)ခုနှစ်၊ မြန်မာနိုင်ငံလျှို့ဝှက်ချက်များ အက်ဥပဒေ၊ ပုဒ်မ ၃၊ ပုဒ်မခွဲ (၁) (ဂ) နဲ့ စွဲချက်တင် စစ်ဆေးနေတဲ့အမှု ဒီနေ့ အပြီးသတ် စီရင်ချက်ချတော့မယ်ဆိုပေတာကိုးဗျ။ မြန်မာ့သတင်းမီဒီယာသမိုင်းမှာ သတင်းထောက်ကို “သူလျှို”လို့ စွပ်စွဲပြီး သတင်းစုံစမ်းတာကို “သူလျှို”လုပ်ခြင်းလို့ သမုတ်ခဲ့တဲ့ ပထမဆုံးအမှုကြီးဗျ။

မှန်ခြင်း၊ မှားခြင်းကို မှတ်ချက်ပေးရန် မသင့်ပေမယ့် ဟောဒီ့ တရားသဖြင့် တရားစီရင်ထုံး ဆုံးဖြတ်ချက်ကလေးကိုတော့ သတင်းစကား ပါးလိုက်ချင်သားဗျ။ 

“တရားစီရင်ရေးတိမ်းစောင်းခြင်း (Miscarriage of Justice) ဆိုသည်မှာ အပြစ်ရှိသူ ပြစ်ဒဏ်မှ လွတ်ကင်းလျှင်သော်လည်းကောင်း၊ အပြစ်မဲ့သူအား အပြစ်ပေးမိလျှင်သော်လည်းကောင်း၊ တရားစီရင်ရေးတိမ်းစောင်းသည်ဟု ဆိုရပေမည်။ ဤနေရာ၌ ဒွိဟသံသယမှ ပေါ်ပေါက်သည့်အကျိုးကို တရားခံ-ခံစားခွင့်ရှိသည်ဆိုသည့် အချက်၏သဘောကို ကောင်းစွာနားလည်ရန် လိုအပ်ပေသည်။ ထိုဒွိဟသံသယမှ ပေါ်ပေါက်သည့် အကျိုးခံစားခွင့်ဆိုသော စကားရပ်မှာ အရပ်သုံးစကားသာဖြစ်သည်။ တရားဥပဒေသက်ဝင်သည့် စကားရပ်မှာမူကား အကြောင်းယုတ္တိနှင့်တကွဖြစ်ပေါ်သော ဒွိဟသံသယအားလျော်သော အကျိုးကို၊ တရားခံ-ခံစားခွင့်ရှိသည့် သဘောသက်ရောက်သည်။ ၎င်းစကားရပ်၊ အဓိပ္ပာယ်ကို ရန်ကုန်စီရင်ထုံးများ အတွဲ (၁၄)၊ စာမျက်နှာ ၆၆၆ တွင် ဦးဓမ္မပါလ စီရင်ထုံး၌ အဓိပ္ပာယ်ရှင်းလင်းဖော်ပြထား၏။

တရားစီရင်ရာ၌၊ တရားမျှတသော စုံစမ်းစစ်ဆေးခြင်းဖြစ်စေရန်အလို့ငှာ တရားသူကြီးများသည် အမှုကြားနာရာ၌ နိုးနိုးကြားကြားရှိစေရမည့်အပြင်၊ မိမိကိုယ်ကို ဒိုင်လူကြီးဟုသာ သဘောမထားဘဲ မှန်ကန်သော အခြင်းအရာများကို တတ်နိုင်သရွေ့ ဖော်ထုတ်ပေါ်လွင်စေခြင်းဖြင့် တရားမှန်ကန်ရေးကို ပဓာနထားရမည်”တဲ့။ 

၆။ ဒီကနေ့ ပြည်သူလူထုတွေ စိတ်ဝင်တစားစောင့်ကြည့်နေကြတာကတော့ မလွဲမသွေ ဒီအချက်တွေပဲဖြစ်မှာပါဗျာ။

(က) ရိုက်တာသတင်းထောက်နှစ်ဦးဟာ ရန်သူအတွက် သူလျှိုလုပ်ပေးခဲ့တဲ့ သူလျှိုတွေဖြစ်တယ်လို့ တရားရုံးရှေ့မှာ ထင်ထင်ရှားရှား ပေါ်ပေါက်နေသလား။

(ခ) ရိုက်တာသတင်းထောက်နှစ်ဦးဟာ သတင်းထောက်တွေသာဖြစ်ပြီး သတင်းစုံစမ်းတဲ့အလုပ်ကိုပဲ ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ခဲ့ကြတယ်ဆိုတာ ပေါ်လွင်သလား။

(ဂ) အမှုမှာ အကြောင်းယုတ္တိနှင့်တကွ ဖြစ်ပေါ်သော ဒွိဟသံသယတွေ ထင်ထင်ရှားရှား ပေါ်ပေါက်နေသလား။

(ဃ) တရားရုံးက ဘယ်လိုစီရင်ဆုံးဖြတ်မလဲ။

၇။ လွတ်လပ်သော တရားစီရင်ရေးနဲ့ မျှတမှန်ကန်သော တရားစီရင်ရေးရဲ့ အမြိုက်အရသာကို စွပ်စွဲခံသတင်းထောက်နှစ်ဦးသာမက ပြည်သူလူထုအများကလည်း အာသီသပြင်းစွာ မျှော်လင့်နေကြကြောင်းပါဗျာ။ ။

ဇေယျမင်းသျှင် (၁၊ စက်တင်ဘာ၊ ၁၈)