News

POST TYPE

PERSPECTIVE

၂၁ ရာစုပင်လုံညီလာခံ ပြန်လည်သုံးသပ်ပွဲ မော်လမြိုင်၌ ပြုလုပ်
02-Sep-2018
မော်လမြိုင်၊ စက်တင်ဘာ ၁

မော်လမြိုင်မြို့ရှိ ပိုင်းခေတ်ခန်းမတွင် မွန်ပါတီများဦးဆောင်၍ ၂၁ ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးထားသည့် ဆွေးနွေးချက်များနှင့် မွန်အမျိုးသားအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များအပေါ် ပြန်လည်သုံးသပ်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာ လ ၁ ရက်အထိ ပြုလုပ်ခဲ့သည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် မွန်နိုင်ငံရေးပါတီအဖွဲ့ဝင် ၂၀၀ ကျော်ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“မွန်အမျိုးသားတွေအတွက်က ရေးမြို့မှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်ပြီးသား၊ အစီရင်ခံစာတွေလည်း တင်ပြီးသား၊ သို့သော်လည်း ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲက မပြီးသေးဘူး၊ နိုင်ငံရေး အခန်းကဏ္ဍကိုလည်း ပြီးခဲ့တဲ့တစ်ပတ်က လုံးဝမဆွေးနွေးခဲ့ဘူး၊ ဒါတွေကို ဆွေးနွေးနိုင်ဖို့က ကိုယ်ဘာလုပ်ထားလဲဆိုတာကို ပြန်ပြီးသုံးသပ်ဖို့လိုတယ်၊ လာမယ့်ညီလာခံမှာနဲ့ နောက်နှစ်မှာလုပ်မယ့် ညီလာခံနှစ်ခုမှာက နိုင်ငံရေးအကြောင်း ဆွေးနွေးမယ်၊ နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေးအခန်းကဏ္ဍက အရေးကြီးဆုံးပဲ”ဟု ပေါင်းစည်းထားသည့် မွန်ပါတီမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

ယခု မွန်လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲမှ ထွက်ရှိလာသည့် ရလဒ်များလည်း ၂၁ ရာစု ပင်လုံညီလာခံတွင် အားလုံးပါဝင်မည် မဟုတ်ကြောင်း၊ တူညီသည့်အချက်များ၊ မတူညီသည့်အချက်များကို ပြန်လည် UPDJC တွင် ရွေးချယ်စိစစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ပြန်လည်သုံးသပ်မှုများ လိုအပ်ပြီး မွန်လူမျိုးများ ပေးလိုက်သောသဘောထားမှာ ပြည်ထောင်စုအဆင့်တွင် မည်ကဲ့သို့ ထင်ဟပ်သည်ကို အဓိက ပြန်လည်သုံးသပ်ခြင်းဖြစ်ကြောင်း UPDJC အတွင်းရေးမှူး ကိုမင်းဇေယျာဦးက ပြောသည်။

ပင်လုံညီလာခံတွင် ဆွေးနွေးသော အချက်များမှာ တိုင်းရင်းသားများအတွက် အနှစ်သာရရှိသည့်အချက် မပါလာသေးကြောင်း၊ လက်ရှိဆွေးနွေးချက်များသည် တစ်နိုင်ငံလုံးခြုံ၍ ကြည့်ရသဖြင့် တိုင်းရင်းသားများအတွက် လောက်လောက်ငင အချက်များ မပါဝင်ကြောင်း ၎င်းက ထောက်ပြသည်။ 

R-21



  • VIA