News

POST TYPE

PERSPECTIVE

လူသားသစ်ပင်လေးများ
30-Aug-2018 tagged as

နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် အရေးကြီးဆုံးသောအရာကို စာရေးသူတို့အနေနှင့် တစ်ခါတစ်ရံတွင် အမှတ်မဲ့ မေ့လျော့နေတတ်ကြသည်ဟု ထင်ပါသည်။ ထို့ပြင် နိုင်ငံထူထောင်ရေးတွင် ငွေကြေး၊ အချိန်၊ နည်းပညာ၊ လက်နက်ခဲယမ်း စသည်ဖြင့် မည်သည်က ပိုအရေးကြီးသလဲဆိုသည်ကို မေးခွန်းပေါင်းများစွာဖြင့် အတွေးများ ရှုပ်နေတတ်ကြသည်။ တကယ်တော့ အထက်မှာဖော်ပြခဲ့သော အရာအားလုံးအတွက် အကျုံးဝင်ရုံသာမက အခြေခံအကျဆုံးဖြစ်နေသည်က လူ့စွမ်းအားအရင်းအမြစ်ပင်တည်း။ ဆိုလိုချင်သည်က လူ့စွမ်းအားအရင်း အမြစ်သည်သာ နိုင်ငံထူထောင်ရေးအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်သည်။ 

ပုံကြီးချဲ့ဆိုရသော် လူ့စွမ်းအားအရင်းအမြစ်ကို သစ်ပင်၏အမြစ်များနှင့်တူသည်ဟု တင်စားချင်ပါသည်။ နိုင်ငံတစ်နိုင်ငံတည်းဟူသော သစ်ပင်တစ်ပင် ပင်စည်ခက်လက်ဝေဖြာ၍ ရှင်သန်ကြီးထွားနိုင်စေရန် ယင်း၏ အမြစ်များဖြစ်သော လူ့စွမ်းအားအရင်းအမြစ်က လွန်စွာမှ အရေးပါလေသည်။ မြေဆီလွှာကြမ်းတမ်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ မြေကြီးထဲတိုးဝင်၍ ယထာဘူတကျကျ ရုန်းကန်ရသည်ကတော့ အမြစ်များပင်တည်း။ အမြစ်များကို ဖြတ်တောက်လိုက်ပါက သို့မဟုတ် ဖျက်ဆီးပစ်လိုက်ပါက အပင်ကြီး ရှင်သန်ကြီးထွားဖို့ရန် လိုအပ်သော အာဟာရဓာတ်များ ဖြစ်သည့် ရေ၊ မြေ၊ သဘာဝအဆီအနှစ်များကို မည်သို့စုပ်ယူနိုင်ပါမည်နည်း။ ဆက်၍ဆိုရသော် မည်သို့ရှင်သန်နိုင်ပါမည်နည်း။ ရှင်သန်ဖို့ရန် ခက်ခဲလေသည်မို့ အပင်ကြီးလဲပြိုရပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံတွင်လည်း ထို့အတူပင်ဖြစ်သည်။ နိုင်ငံတိုးတက်ထွန်းကားဖို့ရာတွင် အမြစ်များနှင့်တူသော လူ့စွမ်းအားအရင်းအမြစ်များကို ဖြတ်တောက်ဖျက်ဆီးလိုက်ပါက ယင်းနိုင်ငံ နာလန်ထူနိုင်မည် မဟုတ်တော့ပေ။

စာရေးသူပြောချင်သော လူ့စွမ်းအားအရင်းအမြစ်ဆိုသည်မှာ လူသားတို့၏ ကာယ၊ ဉာဏခွန်အား နှစ်မျိုးလုံးကို ဆိုလိုပါသည်။ ကာယခွန်အားသာရှိပြီး ဉာဏမရှိလေတော့လည်း ဟန်သာရှိပြီး အဆန်မရှိလေသော သင်္ကြန်အမြောက်သာ ဖြစ်ပေလိမ့်မည်။ နိုင်ငံတိုးတက်ရေး၊ ထူထောင်ရေးအတွက် ဘယ်ကလောက်မှ အကျိုးရှိပေလိမ့်မည် မဟုတ်ပေ။ လူ့စွမ်းအားအရင်းအမြစ်ဆိုသည်ကို ထပ်မံ၍ အသေးစိတ်ပြောရသည်ရှိသော် လူငယ့်စွမ်းအားများနှင့် လူကြီးပိုင်း စွမ်းအားရင်းမြစ်များ၏ဟု နှစ်မျိုးထပ်ခွဲလိုပါသည်။ အနာဂတ်နိုင်ငံတော် ပင်စည်ခက်လက်ဝေဖြာ စည်ပင် နေစေဖို့ လူငယ်တို့၏စွမ်းအားများကလည်း အခြေခံကျ၊ များစွာအရေးပါလှသည်။ အဘယ်ကြောင့်ဆိုသော် “ယနေ့လူငယ် နောင်ဝယ် လူကြီး” ဆိုစကားလည်းရှိသလို “အစကောင်းမှလည်း အနှောင်းသေချာ” ပေမည်။ လူငယ်လေးများသည် အနာဂတ်နိုင်ငံတော်တိုးတက်ရေးအတွက် အဓိက ပင်မထောက်တိုင်လည်းဖြစ်သည်။ ထိုကြောင့် လူငယ်တို့၏စွမ်းအားတွေ တိုးမြင့်ဝေဖြာနေဖို့ စာရေးသူတို့နိုင်ငံသားများအားလုံး စွမ်းသလောက် ကြိုးစားကြရမည်သာ ဖြစ်သည်။ သည်နေရာတွင် လူငယ်တို့၏စွမ်းအားများ ခက်လက်ဝေဖြာနေရမည့်အစား ညှိုးချုံးကျလျက် ရှင်သန်ခြင်းငှာ မစွမ်းသာစေသော သတင်းတစ်ပုဒ်ကို လူမှုကွန်ရက်စာမျက်နှာထက်တွင် ဖတ်ရှုမိလေသောအခါ သို့လောသို့လော အတွေးများလျက် သောကပွားမိတော့သည်။

ဖတ်ရှုလိုက်ရသောသတင်းမှာ ကျောင်းနေအရွယ်ကလေးများကို အဓမ္မတောင်းရမ်းခိုင်းလေသော လှည်းတန်း ခုံးကျော်တံတားအောက်က သူတောင်းစားအဖွဲ့ကိုဖမ်းဆီး၍ ပြစ်ဒဏ်အနေနှင့် ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်သည်ဟု ဖော်ပြပါရှိသည်။ ထိုသတင်းကို မြင်သောအခါ ပုထုဇဉ် လူသားပီပီ ဒေါသစိတ်ဖြစ်မိသည်။ သို့သော်လည်း ဒေါသထွက်သည်ကို အကန့်အသတ်ဖြင့် ရပ်တန့်ထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဖေ့စ်ဘွတ်ခ်ပေါ်က သတင်းဆိုသည်မှာလည်း လုပ်ကြံသတင်း၊ ဖွသော၊ လှော်သောသတင်းတွေ များလေသည်မို့ သတင်းအတုအယောင်များလား ဖြစ်နေလေမလားဟု သတင်းရင်းမြစ်ကို သေချာစိစစ်ရသေးသမို့ ထွက်နေသောဒေါသကို အကန့်မသတ်ဖြင့် ခဏရပ်ထားလိုက်ခြင်း ဖြစ်သည်။ 

သတင်းက ဘာမှန်းမသေချာလေသည်မို့ စာရေးသူအသိ ဥပဒေဝန်ထမ်းညီမလေးကို လှမ်းမေးတော့ သူလည်း သေချာမသိ။ ဖေ့စ်ဘွတ်ခ်မှာ တက်လာသည့်သတင်းမှ ဓာတ်ပုံကိုကြည့်လေတော့ မြို့နယ်တရားရုံးတစ်ခုကို နောက်ခံပြုလျက် သတင်းက တင်ထားခြင်းဖြစ်သည်။ ကျွန်မကတော့ -

“ညီမလေးရယ်၊ ကြည့်စမ်းပါဦး။ ကလေးတွေကို ရက်စက်လိုက်ကြတာ။ ဒါ လူတွေကို အညွန့်ချိုးနည်းတစ်မျိုးပဲ။ လူသားအရင်းအမြစ်တွေရဲ့ အနာဂတ်တက်လမ်းတွေကို ပိတ်ဆို့နေကြတာ... ကြည့်စမ်းပါဦး။ ဒီလိုမျိုးသာဆို တို့နိုင်ငံ နာလန်ထူနိုင်မယ်မထင်ဘူး။ ဒီလိုလူမျိုးတွေကို ထောင်ဒဏ်ခြောက်လတဲ့။ မတရားလိုက်တာကွယ်။ ဥပဒေကလည်း မရောင်ရာ ဆီလူးနေသလိုပဲ။ ဒါကြောင့် လူတွေက ပြက်ရယ်ပြုနေကြတာ”

သည်လို မချိတင်ကဲဖြစ်သည့်စိတ်နှင့် အလောတကြီး ဝေဖန်ပြစ်တင်မိတော့သည်။ ကျွန်မလိုပဲ လူအများစုကလည်း အားမလိုအားမရ ဖြစ်နေလေသည်ကို ဖေ့စ်ဘွတ်ခ်မှာ တက်လာခဲ့သည့် ကွန်မန့် (Comments) များကို ကြည့်ခြင်းဖြင့် သိနိုင်လေသည်။ 

“ဒီလိုရှိတယ် မမရဲ့။ ဒီသတင်းက သေချာတယ်ပဲထားဦး။ ခုက မြို့နယ်တရားရုံးက အမိန့်ချတာလေ။ မြို့နယ်တရားရုံးတစ်ခုမှာ အမိန့်ချတဲ့တရားသူကြီးတွေက ဒုမြို့နယ်တရားသူကြီးအဆင့်တွေ။ အဲဒီအဆင့်နဲ့ဆို ပြစ်ဒဏ်က ခြောက်လပဲချလို့ရမှာလေ။ အဲဒီပြစ်ဒဏ်ကို မကျေနပ်မှသာ ဥပဒေအရာရှိတွေက အထက်တရားရုံးတွေကို ဆက်တက်ကြရတာ။ ဒါမှ ထိုက်တန်တဲ့အပြစ်ကျအောင်လို့လေ။ ခုတော့ သူ့အဆင့်အလိုက်ပဲ အမိန့်က ချလို့ရတာဆိုတော့ နည်းနေတာပေါ့။ သည်ပုံစံဆို ဥပဒေအရာရှိကလည်း မနေပါဘူး။ ဆက်တက်မှာပါ”

“အေးကွယ် အစ်မက လုပ်ထုံးလုပ်နည်းနဲ့ လုပ်ငန်းစဉ်တွေကို မသိပါဘူး။ ခုလို ကြည့်လိုက်တော့ အပြစ်ဒဏ်က အရမ်းကိုပေါ့လွန်းနေတယ်ဆိုပြီး အားမရတာပါ။ တကယ်လိုသာ ဒီသတင်းက မှန်ခဲ့မယ်ဆိုရင် ဒီလို လူညွန့်ခူးစားနေတာတွေကို ထိထိရောက်ရောက်လေး မှတ်လောက်သားလောက် အရေးယူစေချင်တဲ့စိတ်ပဲ ရှိတာ။ ခုလို ခြောက်လလောက်ပဲ ဖြစ်ကြည့်ပါလား။ ဒီသူတောင်းစားအဖွဲ့က ထောင်ထဲကို သွားအပန်းဖြေခွင့်ရတာဆိုပြီး ပျော်တောင်နေဦးမှာ။ နေ၊ စားစရိတ်က အကုန်အငြိမ်းလေ။ ဒါမျိုးအခွင့်အရေးရရင် နည်းတယ်တောင် ထင်နေဦးမှာ။ ဟိုမှာ အားမွေး၊ အနားတွေယူလာပြီး ပြန်ထွက်လာလည်း ဒါမျိုး ထပ်လုပ်နေမှာပဲလေ”

စာရေးသူအနေနှင့် မချိတင်ကဲစိတ်ဖြင့် ဖြစ်ချင်သည်များကို တရစပ် ပြောချနေမိသည်။ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေအဆင့်ဆင့်ကိုတော့ စာရေးသူ နားမလည်။ နောက်ပြီး သတင်းမှန်မမှန်ကလည်း သေချာမသိသေး။ အားမလိုအားမရ ဖြစ်နေမိသည်ကတော့ အမှန်ပင်။ တစ်နပ်စားဉာဏ်ဖြင့် ကလေးများ၏ ကာယ၊ ဉာဏလုပ်အားတွေကို ခေါင်းပုံဖြတ်လျက် ကိုယ်ကျိုးစီးပွားရှာနေသည်ကို တွေ့ရသောအခါ စိတ်ဝယ် မနှစ်မြို့သလို ထိုက်တန်သော အရေးယူမှု မပြုရကောင်းလားရယ်ဟု ဒေါမနဿပွားနေမိခြင်းပင်။ ဝိသမလောဘ၏ နောက်ကွယ်တွင် ဆုံးရှုံးမှုတွေ ဆက်တိုက်တန်းစီနေသည်ကို မသိရကောင်းလားဟုလည်း ပြစ်တင်ငြူစူမိသည်။ သည်ကလေးများ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ၏ ကာယ၊ ဉာဏ စွမ်းအားများ ဆုံးရှုံးကုန်သည်။ ထိုအကျိုးဆက်ကြောင့် နိုင်ငံအတွက်လည်း တိုးတက်ဖွံ့ဖြိုးမှုများ ဆုံးရှုံးရသည်။ အရှုံးပေါ် အရှုံးဆင့်နေခြင်းပင်။ ဤ သည်မှာ ကလေးများ၏ စွမ်းအားများကို သစ်မြစ်များဖြတ်တောက်သလို ဖျက်ဆီးခံရခြင်းကြောင့်ဖြစ်သည်။

တကယ်တော့ သည်လိုအရွယ် ကလေးများသည် စာသင်ခန်းထဲတွင်သာ ရှိသင့်သည်။ 

“ပန်းကလေးများ ပွင့်တော့မည်

ဖူးတံဝင့်လို့ချီ

နေခြည်မှာရွှေရည်လောင်း

ငါတို့စာသင်ကျောင်း” ဟူသော ဆိုစကားပင် ရှိသည်။ ကလေးများအတွက် လိုအပ်သော အသိပညာ၊ အတတ်ပညာများနှင့် ကာယ၊ ဉာဏ စွမ်းအားများ မြှင့်တင်ပေးနိုင်သော စာသင်ခန်းများတွင် ရှိနေသင့်သော ကလေးများကို လူစည်ကားရာလမ်းမများနှင့် မီးပွိုင့်များ၊ ကားမှတ်တိုင်များတွင် မညှာမတာ တောင်းရမ်းခိုင်းနေသည်မှာ အကျည်းတန်လှသည်။ အနာဂတ်နိုင်ငံတော်အတွက် ရေသာခိုအချောင်နှိုက်၊ အရည်အချင်းမဲ့သော လူသားအရင်းအမြစ်များသာ ဖြစ်စေတော့မည့်အရေးမို့ စာရေးသူကတော့ သည်လိုလုပ်ရပ်မျိုးကို အလွန်အမင်းရှုတ်ချသည်။ အလွန်ပင် အောက်တန်းကျသောလုပ်ရပ်ဟုလည်း ပြစ်တင်ဝေဖန်လိုသည်။

ကဗျာလေးထဲမှာတော့ လူသားအရင်းအမြစ်လူငယ်လေးတွေကို ပန်းလေးများနှင့် တင်စားထားသည်။ စာရေးသူကတော့ သစ်ပင်လေးများနှင့် တင်စားလိုက်သည်။ မြေပေါ်ပင်စည်နေရာကို အပိုင်းပိုင်း ဖြတ်တောက်ခံရပါမှ ပျက်စီးခြင်းမမည်။ မြေအောက်အမြစ်နေရာတွင် လှိုက်စားခံနေရပါကလည်း ပျက်စီးမည်သာ။ ကလေးငယ်လေးများ (ဝါ) လူသားသစ်ပင်လေးများ တစ်ပင်ချင်းပျက်စီးခြင်းမှသည် နိုင်ငံတော်တစ်ခုလုံး ပျက်စီးခြင်းသို့ ဦးတည်နေသည်။ သို့ဖြစ်ပါသောကြောင့် ထိုသို့သောကိစ္စများကို ဥပဒေ အညီနှင့် သေသေချာချာ ထိထိရောက်ရောက် တားမြစ်စေလိုခြင်းဖြစ်သည်။ မှန်ကန်မြန်ဆန်ပြီး ပြည်သူတွေ သေချာအားကိုးရသော၊ ခေတ်နှင့် လိုက်လျောညီထွေဖြစ်သော ဥပဒေမျိုး၊ ပြစ်ဒဏ်မျိုးကို မျှော်လင့်နေမိသည်။

ဥပဒေဝန်ထမ်းညီမလေးကတော့ ပြောရှာသည်။ 

“မမရယ်... ညီမလေးတို့လည်း ပြောင်းလဲဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ တစ်နေ့တော့ သေချာပေါက်ဖြစ်လာမှာပါ။ ခုကလည်း ပြောင်းလဲ ရတာတွေက များနေလို့ အရာမထင်သလို ဖြစ်နေတာပါ။ မမတို့ ပြည်သူတွေ မျှော်လင့်နေသလို တိကျသေချာသော၊ အမှန်တကယ် ယုံကြည်အားကိုးရသော ဥပဒေနဲ့ ပြစ်ဒဏ်တွေ ပေါ်လာမှာပါ။ စိတ်ရှည်ပေးပါ မမရယ်”

စာရေးသူလည်း ပြန်ပြောမိသည်။ 

“စိတ်ရှည်ပါတယ် ညီမလေးရယ်။ စိတ်ရှည်ပါတယ်။ ဒါပေမဲ့ စောင့်နေဆဲကာလမှာ မမတို့ရဲ့ လူသားသစ်ပင်လေးတွေ ဘယ်လောက်များများ စတေးရဦးမယ်ဆိုတာတော့ ဘယ်သူမှ သိနိုင်မယ်မထင်ဘူးကွယ်” 

ငြိမ်းသခင်

  • TAGS