News

POST TYPE

PERSPECTIVE

ဗင်နီဇွဲလားမှ ရွှေ့ပြောင်းများ အလုံးအရင်းဝင်ရောက်ချိန်တွင် ဘရာဇီးအစိုးရကနယ်စပ်သို့ စစ်တပ်စေလွှတ်၍ လုံခြုံရေးတင်းကျပ်
30-Aug-2018


ဘရာဆီးလီးယား၊ ဩဂုတ် ၂၉

အကျပ်အတည်းဖြစ်နေသော ဗင်နီဇွဲလားနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများ အလုံးအရင်းဖြင့် ဝင်ရောက်နေချိန်တွင် ဥပဒေစိုးမိုးမှု အာမခံချက်ရှိစေရန်အတွက် ဗင်နီဇွဲလားနယ်စပ်သို့ ဘရာဇီးစစ်တပ် စေလွှတ်ထားကြောင်း ဘရာဇီးအစိုးရ၏ ထုတ်ပြန်မှုကိုကိုးကား၍ BBC က ဖော်ပြထားသည်။

ဗင်နီဇွဲလားမှ အဖြစ်ဆိုးသည် တောင်အမေရိကတိုက်တစ်ခွင် ငြိမ်းချမ်းမှုကို ခြိမ်းခြောက်နေကြောင်း ဘရာဇီးသမ္မတ မိုက်ကယ်တမ်မာက ရုပ်သံမှ ထုတ်လွှင့်သောမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

သန်းနှင့်ချီသော ဗင်နီဇွဲလားနိုင်ငံ သားများသည် ငွေကြေးအလွန်အမင်း ဖောင်းပွမှု၊ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုတို့ကြောင့် နိုင်ငံကိုစွန့်ခွာထွက်ပြေးနေကြသည်။

ဒေသခံများနှင့် ဝင်ရောက်လာသော ဗင်နီဇွဲလားသားများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ဘရာဇီးအစိုးရက ယခုကဲ့သို့ စစ်တပ်စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မငြိမ်သက်မှုများ ဖြစ်ပွားရာ ပါကာရိုင်မာနယ်စပ်မြို့သို့ တပ်ဖွဲ့တစ်ဖွဲ့ ဦးစွာ စေလွှတ်ခဲ့သည်။ အင်္ဂါနေ့တွင်မူ သမ္မတက အမိန့်ဒီကရီ ထုတ်ပြန်ပြီး နယ်စပ်တစ်လျှောက်နှင့် မြောက်ပိုင်းပြည်နယ် ရိုရိုင်မာ၏ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်သည်များ နှစ်ပတ်ကြာ တပ်စွဲထားရန် ညွှန်ကြားခဲ့သည်။

ဘရာဇီးပြည်သူများ၏ လုံခြုံရေးကို စောင့်ရှောက်ရန်သာမကဗင်နီဇွဲလားရွှေ့ပြောင်းများ၏ ဘေးရန်ကင်းရှင်းရေးကိုပါ ရည်ရွယ်ခြင်းဖြစ်ကြောင်းသမ္မတက ပြောကြားခဲ့သည်။

အိမ်နီးချင်း ပီရူးတွင်လည်း ဗင်နီဇွဲလားမှ ရွှေ့ပြောင်းများအလုံးအရင်းနှင့် ဝင်ရောက်လာခြင်းကြောင့် ကူးစက်ရောဂါများ ပျံ့နှံ့လာမည်ကို စိုးရိမ်သဖြင့် ရက် ၆၀ ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာထားသည်။

ဗင်နီဇွဲလား၏ စီးပွားရေးအကျပ်အတည်းမှာ လေးနှစ်ရှိလာပြီဖြစ်ပြီး ၂၀၁၄ တွင် ရေနံဈေးကျဆင်းချိန်ကစဖြစ်ခဲ့သည့် အကျပ်အတည်းဖြစ်သည်။

ဗင်နီဇွဲလားပြည်သူ ငါးဦးတွင် လေးဦးမှာ ဆင်းရဲမွဲတေမှုသတ်မှတ်ချက်အတွင်းရှိနေပြီး ပြည်သူများမှာ စားနပ်ရိက္ခာဝယ်ယူရန် နာရီပေါင်းများစွာ တန်းစီနေရသလို အခြားသူများမှာလည်း ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးမှုများရှိနေသည်။

လက်ရှိတွင် အိမ်နီးချင်းကိုလံဘီယာ၌ ဗင်နီဇွဲလားဒုက္ခသည် တစ်သန်း၊ အီကွေဒေါတွင် ငါးသိန်း၊ ပီရူးတွင် လေးသိန်း၊ ဘရာဇီးတွင် ခြောက်သောင်းခန့် ရှိနေသည်။

F-03