News

POST TYPE

PERSPECTIVE

ကျန်းမာရေးစောင့်ရှောက်မှုအားနည်း၍ ပြည်ပသို့ သွားရောက်ဆေးကုသသူများ
28-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၈

ပြည်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းကြောင့် မြန်မာနိုင်ငံသားအချို့ ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဆေးကုသမှု များပြားလာကြောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

“အခု ထိုင်းက ဘမ်ရွန်ဂရက်မှာဆို မြန်မာတွေ အရမ်းများတယ်။ အဲဒီမှာ လာပြတာ အရှေ့အလယ်ပိုင်းက လူတွေပြီးရင် မြန်မာနိုင်ငံက ဒုတိယအများဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှု ယုံကြည်ချက်က နိမ့်ပါးတဲ့အတွက်ပဲ။ ဒီတော့ ဥကအဘသကညိ Outbound Medical Tourism က တက်လာတယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ လူအများစုသည် ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့လာပါက ဆေးကုသခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်းများကို ပြည်ပနိုင်ငံများသို့ သွားရောက်ကာ ကုသမှုပြုလုပ်လာကြောင်း၊ ထို့အတွက် ပြည်တွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပေါ် ပြည်သူများပိုမိုအားကိုး၍ ယုံကြည်မှုမြင့်လာစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်နေကြောင်းကို ဩဂုတ်လ ၂၆ ရက်နေ့ကပြုလုပ်သည့် “ပြည်တွင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပေါ် ယုံကြည်မူတည်ဆောက်ခြင်း”ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆေးပညာလောကတွင် ယုံကြည်မှုသည် မည်ကဲ့သို့ အရေးပါကြောင်း၊ ဆရာဝန်များကလည်း ဆေးပညာလောကတွင် မိမိတို့၏ ဗဟုသုတများကို ဖြည့်ဆည်းသင့်ကြောင်း ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က တိုက်တွန်းပြောကြားသည်။

“တဖြည်းဖြည်းနဲ့ သွားတဲ့ပမာဏ များလာတော့ နိုင်ငံခြားငွေ ဆုံးရှုံးတယ်။ ကိုယ့်နိုင်ငံအထဲမှာ ယုံကြည်မှုမရှိလို့လားဆိုတော့ နိုင်ငံခြားမှာသွားကုတာကို လူတိုင်းက ယုံကြည်ရာဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ တကယ်ပြင်သင့်တာက ဝန်ဆောင်မှုပဲ”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ကုသမှု ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာမော်မော်ဦးက ဆိုသည်။

မြန်မာနိုင်ငံအတွင်း ပြည်တွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အားနည်းနေသည်ဟုဆိုသော်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနသို့ ၂၀၁၆ ခုနှစ်အတွင်း လူနာ ၁၁၀,၀၀၀ ဦးလာရောက်ကုသမှုခံယူပြီး ၂၀၁၇ ခုနှစ်တွင် လူနာ ၁၆၀,၀၀၀ ဦးခန့် လာရောက်ပြသလျက်ရှိကြောင်း၊ လာမည့်နှစ်များတွင် ယခုထက်ပင်ပို၍ များလာနိုင်ကြောင်း ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ပြောကြားသည်။

J-12