News

POST TYPE

PERSPECTIVE

အွန်လိုင်းရှော့ပင်းဂယက်
28-Aug-2018

အွန်လိုင်းရှော့ပင်းဆိုတာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ တစ်နွယ်ငင်တစ်စင်ပါလာတဲ့ ရောင်းဝယ်ဖောက်ကားမှုတစ်မျိုးပါ။ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ ငွေကိုင်ပြီး ဈေးဝယ်တာ၊ ရှော့ပင်းစင်တာတွေ သွားပြီးဝယ်တာ ပြောရရင် အချိန်က တန်ဖိုးရှိနေတော့ အချိန်ကုန်မယ့် အလုပ်မှန်သမျှ အွန်လိုင်းနဲ့ချိတ်ဆက်ပြီး ငွေပေးငွေချေလုပ်ငန်းတွေ ရောင်းဝယ်မှုတွေ၊ ဗာဟီရဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ဆောင်လာကြတာ တွေ့ရမှာပါ။

မြန်မာနိုင်ငံမှာလည်း အွန်လိုင်းရှော့ပင်းတစ်စစ ခေတ်စားလာတာ တွေ့ရပါတယ်။ အွန်လိုင်းရှော့ပင်းလုပ်ဖို့ အခွင့်အရေးက စင်တာတွေ၊ မားကက်တွေမှာ ဆိုင်ခန်းငှားပြီး ရောင်းဝယ်ဖောက်ကားခြင်းထက် သာလွန်တဲ့အချက်တွေ အများကြီးတွေ့ရတယ်။ အဓိကအချက်က ဆိုင်ခန်းမငှားရခြင်းပဲ။ ရန်ကုန်မှာ ဆိုင်ခန်းငှားရမ်းခဟာ တနင့်တပိုး ပေးနေရတယ်။ အဲ့ဒီအတွက် တရုတ်ကဈေးခပ်ပေါပေါနဲ့လာတဲ့ ဖန်စီပစ္စည်းတွေတောင်ဈေးက ခေါင်ခိုက်နေတယ်။ ပလာဇာလိုနေရာမှာ ၁၀ ပေလောက်ရှိတဲ့ အခန်းကတောင် တစ်လ ၁၀ သိန်းအထက်ပေးနေရတာ။ လမ်းမတန်းမြေညီထပ်တွေက သိန်းလေးငါးဆယ်ဆိုတာ အသာလေးပေါ့။ အဲ့ဒီအချက်တွေက အွန်လိုင်းရှော့ပင်းလုပ်ဖို့ တွန်းအားတစ်ရပ်ပဲ။ ဘာကြောင့်လဲဆိုတော့ မိမိနေထိုင်ရာ တိုက်ခန်းမှာပဲ ပစ္စည်းထားပြီး ဖြန့်ချိနိုင်တာကိုး။

လက်ရှိဖြန့်ချိနေတဲ့မြင်ကွင်းကို ကြည့်ရင်တော့ ကျောပိုးအိတ်တစ်လုံး၊ စက်ဘီးတစ်စီးနဲ့ လူတစ်ယောက်၊ မြို့နယ်အလိုက် ကျသင့်တဲ့ငွေကြေးကိုယူပြီး အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေတာ တွေ့ရတယ်။ အိမ်ရှင်မအများစုကို မေးကြည့်ရတာတော့ အစပိုင်းကကောင်းတယ်။ နောက်ပိုင်းကျတော့ သိပ်ပြီးစိတ်တိုင်းမကျတာတွေ ဖြစ်လာတဲ့။ အဓိကအချက်က မှာလိုက်တဲ့ပစ္စည်းနဲ့ ယူလာတဲ့ပစ္စည်း မကိုက်ညီတာတွေ ဖြစ်လာကြသတဲ့။ အချို့အိမ်ရှင်မတွေကတော့ သဘောကျကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုချင်တဲ့ပစ္စည်းကို အိမ်တိုင်ရာရောက်ပို့ပေးလို့။ တကယ်လို့သာ လိုချင်တဲ့ပစ္စည်းတစ်မျိုးနဲ့ မြို့ထဲကိုသွားရရင် အချိန်ကုန်တယ်၊ ငွေပိုကုန်တယ်ပေါ့။

တကယ်တော့ အွန်လိုင်းရှော့ပင်းဆိုတာ ကိုယ်ဝယ်ချင်တာချည်းပဲ ဝယ်နိုင်တာမဟုတ်ပါဘူး။ ရောင်းချင်တဲ့ပစ္စည်းရှိရင်လည်း ထိုက်သင့်တဲ့ တန်ဖိုးနဲ့ ရောင်းနိုင်ပါတယ်။ ကြိုက်ရောင်းကြိုက်ဝယ်သဘောပါပဲ။ တစ်ခုတော့ရှိတယ်။ ပစ္စည်းဈေးနှုန်းက ပါပြီးသား ဒီတော့ ပစ္စည်းတန်ဖိုးရယ် မိမိလိုချင်တဲ့ပစ္စည်းရယ် ချိန်ဆလို့ရတယ်။ အမျိုးသားတွေအတွက် သင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံသေဈေးနှုန်းလေ။ ဈေးဆစ်စရာ (Bargain) မလိုဘူး။ တချို့ဈေးတွေကတော့ ဈေးဆစ်ရတဲ့အလေ့အထရှိတုန်းပဲ။ ဈေးမဆစ်ပဲဝယ်ရင် ခံရတာတွေရှိတယ်။ အထူးသဖြင့် ဈေးဆစ်မဝယ်တတ်တဲ့ အမျိုးသားတွေအတွက် အခက်အခဲတစ်ခုပါပဲ။ အွန်လိုင်းရှော့ပင်းက အဲ့ဒီဒုက္ခတော့ လွတ်သွားစေတာပါပဲ။

နောက်တစ်ချက်က အွန်လိုင်းရှော့ပင်းဟာ ငွေကြေးအရင်းအနှီးလည်းရှိတယ်။ အရောင်းအဝယ်ဝါသနာပါတယ်။ မိမိအိမ်နေရင်း ရောင်းဝယ်နိုင်တဲ့လုပ်ငန်းပါ။ ဒါကြောင့် အွန်လိုင်းရှော့ပင်းဟာ အချိန်တိုအတွင်း အရောင်းအဝယ်ဖြစ်လာတယ်လို့ ပြောလို့ရပါတယ်။ အစတုန်းကတော့ လူသုံးကုန်ပစ္စည်းတွေ၊ တစ်နိုင်တစ်ပိုင်ဝယ်ယူနိုင်တာလေးတွေရယ်၊ ပေါ့ပါးပစ္စည်းတွေများတယ်။ နောက်ပိုင်းတော့ အိပ်ရာမွေ့ခင်းကအစ လေးလံတဲ့ပစ္စည်းတွေကိုတောင် အိမ်တိုင်ရာရောက် ပို့ဆောင်ရောင်းဝယ်လာတာ တွေ့ရတယ်။ ခုတစ်လောတွေ့ရတဲ့ အွန်လိုင်းရှော့ပင်းပစ္စည်းအချို့ကတော့ လိင်ပိုင်းဆိုင်ရာဆေးပစ္စည်းတွေပါပဲ။ နိုင်ငံခြားကဝင်လာတဲ့ဆေးတွေပါ။ ဒါတွေကတော့ တရားမဝင်ကုန်ပစ္စည်းတွေ ဖြစ်ဖို့များပါတယ်။ တချို့က လိင်စိတ်အားဆေးတွေဖြစ်ပြီး တချို့က လိင်အင်္ဂါထွားကျိုင်းဆေးတွေဖြစ်တယ်။ ဈေးကလည်း ချိုလှတယ်တော့ မဟုတ်ဘူး။ ဒါကို မြန်မာလိုရှင်းပြပြီး ကြော်ငြာနေတာတွေ တွေ့နေရတယ်။ ဆက်သွယ်ဝယ်ယူရမည့် ဖုန်းနံပါတ်တွေ ဖော်ပြထားတယ်။ အများစုကတော့ လူငယ်တွေကြားမှာ အဝယ်အသုံးများကြတယ်လို့တော့ ပြောနေကြတာပဲ။ တကယ့်လက်တွေ့ ကောင်းကျိုး ဆိုးကျိုးတွေကိုတော့ မကြားရသေးဘူး။ တကယ်လို့ အဲဒီဆေးဝါးတွေ ကိုသာ လူငယ်တွေကြားမှာ အသုံးတွင်ကျယ်လာမယ်ဆိုရင် မလိုလားအပ်တဲ့ အမှုအခင်းတွေပိုလာနိုင်လို့ ဆိုးကျိုးတွေပိုလာနိုင်ပါတယ်။

တစ်လောကတော့ အွန်လိုင်းပေါ်တွင် “ကိုယ်ဝန်ပျက်ချဆေးရောင်းချပြီး ပျက်ကျသန္ဓေသားများကို ဓာတ်ပုံရိုက်တင်နေခြင်းသည် ဝန်ကြီးဌာန ၃ ခု၏ ဥပဒေများဖြင့် ငြိစွန်း” ဟုဆို (24 Aug Democracy Today) ဆိုတဲ့ သတင်းတစ်ပုဒ်ဖတ်ရပါတယ်။ ဒါဟာ ဥပဒေနဲ့ငြိစွန်းကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီလိုရောင်းချမှုကို ဝန်ထမ်းတွေ ကိုယ်တိုင်ရောင်းချမယ်ဆိုရင် နိုင်ငံဝန်ထမ်းနည်းဥပဒေပုဒ်မ ၁၆၃၊ ၁၆၃၊ ၁၆၄ နဲ့ ငြိစွန်းနိုင်တယ်။ အလုပ်ထုတ်တဲ့အထိ အရေးယူနိုင်တယ်။ ဒါ့အပြင် လူ့အသက်နဲ့ပတ်သက်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးမယ်။ အခြားပြင်ပပုဂ္ဂိုလ်ဆိုရင်တော့ သက်ဆိုင်ရာဆေးကောင်စီက အပြစ်ပေးနိုင်တယ်။ ဒါ့အပြင် ကိုယ်ဝန်ဖျက်ချဆေးရောင်းတဲ့အပြင် အွန်လိုင်းပေါ်မှာ ပျက်ချသွားတဲ့ သန္ဓေသားအသေတွေကို တင်ပြပြီး ဆေးစွမ်းကြောင်း ပြသနေခြင်းဟာ အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေတာ လူ့အသက်သေဆုံးရတာကို အားပေးရာရောက်နေတာကြောင့် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အရေးယူသင့်ကြောင်း ပြောဆိုနေကြပါတယ်။ တကယ်တော့ ဒီလိုဖြစ်နေရတာတွေက အရင်က ကိုယ်ဝန်ယူဖို့ ခက်ခဲ့တဲ့သူတွေဟာ တိတ်တဆိတ် ကိုယ်ဝန်ဖျက်ချလေ့ရှိပြီး လက်ရှိအချိန် လူမှုကွန်ရက်ပေါ်မျာ ကိုယ်ဝန်ဖျက်ချဆေးတွေကို Page တွေထောင်၊ Public နဲ့တင်ပြီး ကိုယ်ဝန်ဖျက်ချဆေးရောင်းခြင်း (ယခု Join, Group လုပ်ထား) အဲဒီဆေးစွမ်းကြောင်းကို သက်သေပြတဲ့အနေနဲ့ ဝယ်ယူသုံးစွဲသူတွေက ပျက်ကျလာတဲ့ သန္ဓေသားအသေတွေကို (လအလိုက်) ဓာတ်ပုံရိုက်ပြီး ရောင်းချသူတွေထံ ပေးပို့ထားရာက ရောင်းချသူတွေက ပြန်ဖော်ပြပြီး ဆေးကို ကြော်ငြာရောင်းချခြင်းတွေလုပ်နေကြောင်း အမျိုးသမီးအချို့က ဝေဖန်ပြောဆိုနေကြောင်းလည်း သိရပါတယ်။

ဆိုရရင် အွန်လိုင်းရှော့ပင်းဟာ ပစ္စည်းစုံ အမည်စုံ ရောင်းဝယ်ဖောက်ကားမှု ကျယ်ပြန့်လာတာတော့အမှန်ပဲ။ နည်းပညာဖွံ့ဖြိုးမှုကမ္ဘာနဲ့အညီ ရင်ပေါင်တန်းလိုက်နေမှုတွေကြောင့် အရင်ကထက် ပိုမိုမြန်ဆန် ခေတ်မီလာတာတော့ ငြင်းကွယ်လို့မရပါဘူး။ တစ်ဖက်ကလည်း ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းနဲ့ညီတဲ့ ဥပဒေပြဋ္ဌာန်းမှု အရေးယူအပြစ်ပေးနိုင်မှုက ထက်ကြပ်မခွာ ပါလာသင့်တယ်။ အကူးအပြောင်းကာလမှာ ဥပဒေမဲ့လုပ်ရပ်တွေ များလာခြင်းဟာ တည်ငြိမ်အေးချမ်းမှုကို တစ်နည်းနည်းနဲ့ ထိပါးစေနိုင်တာပါပဲ။ ဥပဒေက လက်ဦးမှုရယူထားနိုင်မှသာ တန်ကာကျပါလိမ့်မယ်။

လက်တွေ့မိမိတို့နိုင်ငံတွင်းမှာ ဥပဒေတွေကို ပြည့်ပြည့်စုံစုံ မပြဋ္ဌာန်းနိုင်သေးဘူး။ အင်္ဂလိပ်ခေတ်က ဥပဒေတွေကပဲ အသက်ဝင်နေတယ်။ ဒီမို ကရေစီစံနှုန်းနဲ့ကိုက်ညီမယ့် သတင်းလွတ်လပ်စွာရယူနိုင်မယ့် ဥပဒေတွေမျိုးတွေ မပြဋ္ဌာန်းနိုင်သေးသလို ဖြစ်ထွန်းပေါ်ပေါက်နေတဲ့ ခေတ်စနစ်နဲ့အညီ ဥပဒေသစ်တွေပြဋ္ဌာန်းတာ အသုံးမဝင်တော့တဲ့ ဥပဒေဟောင်းတွေကို အလျင်အမြန်ပယ်ဖျက်တာတွေ ဦးစားပေးလုပ်ဆောင်ဖို့ လိုနေတာပါ။ ခုလိုအသွင်ကူးပြောင်းမှုကာလမှာ ဥပဒေတစ်ရပ်ပေါ်ထွန်းလာဖို့ကလည်း အချိန်ယူနေရပါသေးတယ်။ ဘယ်အကြောင်းခြင်းရာပဲဖြစ်ဖြစ် အကြောင်းအကျိုးအကောင်းအဆိုးဆိုတာ ဒွန်တွဲနေတာပါပဲ။ အွန်လိုင်းရှော့ပင်းတွေ ပေါ်လာလို့ အဆင်ပြေကြသူတွေလည်းပြေပါတယ်။ စက်ဘီးစီးလုပ်သားလေးတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတစ်ရပ်ပေါ့။ ဒါပေမဲ့ လမ်းစည်းကမ်းနားမလည်ဘဲ ကိုယ်သွားလိုရာလမ်းကြောကို အတင်းကွေ့ဝိုက်သွားလာနေတာတွေက အန္တရာယ်တွေပါပဲ။ ဒီလိုပါပဲ လောဘဇောတွေတက်လာပြီး မိမိတို့ရောင်းဝယ်နေကြတဲ့ပစ္စည်းတွေဟာ ဥပဒေဘောင် အတွင်းကလား အပြင်ကလားဆိုတာကို ဥပေက္ခာမပြုမိဖို့တော့လိုပါတယ်။ လူတွေဟာ အတ္တအကျိုးစီးပွားနဲ့ယှဉ်လာရင် ဥပဒေမဲ့လုပ်လာတတ်တယ်။ ဒါကြောင့်လည်း ဥပဒေတစ်ရပ်ကသာ လူတွေကိုအမျှတဆုံးထိန်း ကျောင်းပေးနိုင်တာပါ။ ဒါပေမဲ့ တရားမျှတမှုအတွက် ဥပဒေတွေက လက်ဦးမှုမရနိုင်ခဲ့ဘူးဆိုရင်တော့ ဥပဒေမဲ့လုပ်ရပ်တွေ များပြားလာတာ ဓမ္မတာ ပါပဲ။ ဒါကြောင့် အချိန်မီအခါမီ လိုအပ်နေတဲ့ ဥပဒေတွေ အထူးသဖြင့် လူ့အဖွဲ့အစည်းနဲ့ နိစ္စဓူဝပတ်သက်နေတဲ့ အရေးအရာကိစ္စတွေအတွက် ပြဋ္ဌာန်းသင့်တဲ့ ဥပဒေတွ အမြန်ဆုံးပေါ်ထွက်လာပါစေကြောင်း စေတနာဖြင့် ဆိုပါရစေ ... ။

ခင်မောင်ဌေး (ပညာရေး)