News

POST TYPE

PERSPECTIVE

ရတနာပုံတံတားအောက်တွင် အများပြည်သူအပန်းဖြေနေရာ ဖော်ဆောင်မည်
24-Aug-2018

မန္တလေး၊ ဩဂုတ် ၂၃

စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ရတနာပုံတံတားအောက်တွင် အများပြည်သူအနား ယူအပန်းဖြေနိုင်မည့်နေရာတစ်ခု ဖော်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

ကျန်းမာရေးအတွက် အားကစားပြုလုပ်လိုသူများ အသုံးပြုနိုင်ရန်နှင့် မြို့သာယာလှပရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး အပန်းဖြေနေရာ ပြုလုပ်မည့်နေရာသည် လမ်းဦးစီးပိုင်နေရာဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ယင်းနေရာ၌ တိရစ္ဆာန်မွေးမြူခြင်း၊ ဝါးထရံရက်လုပ်ခြင်းနှင့် ကျူးကျော်နေထိုင်မှုများလည်း ရှိနေရာ ဩဂုတ်လ ၂၀ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဖယ်ရှားပေးရန် သတိပေးထားပြီးဖြစ်ကြောင်း၊ အပန်းဖြေနေရာ ပြုလုပ်နိုင်ရန် လမ်းဦးစီးဌာနနှင့်လည်း ညှိနှိုင်းနေပြီးဖြစ်ကြောင်း ဦးဝင်းနိုင်က ရှင်းပြသည်။

အပန်းဖြေနိုင်မည့်နေရာသည် ပေတစ်ထောင်ခန့် ကျယ်ဝန်းမည်ဖြစ်၍ ယင်းနေရာတွင် ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ခန်း ပြုလုပ်နိုင်သည့် ပစ္စည်းများထားရှိပေးမည်ဖြစ်ကာ ခြင်းဝိုင်းနှင့် ဖူဆယ်ဘောလုံးကွင်းတို့ ဖော်ဆောင်ပေးထားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ 

“ဒီနေရာမှာရှိတာက တံတားချဉ်းကပ်လမ်းဆိုတော့ တံတာအဖွဲ့တွေနဲ့လည်း ဆက်စပ်နေတယ်ပေါ့။ အောက်မှာ ဝါးသည်တွေရှိတယ်။ အိမ်ခြေမဲ့တွေရှိတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း သူတို့ကိုဖယ်ပေးဖို့ စာထုတ်ဖူးပါတယ်။ အနားယူနေရာလုပ်ဖို့ တံတားအဖွဲ့ကိုတော့ တောင်းဆိုထားပါတယ်။ သူတို့ကူညီရင်လည်း သူတို့အကူအညီနဲ့လုပ်မယ်။ မရရင်လည်း အခြားနည်းနဲ့လုပ်ရမှာပေါ့”ဟု စစ်ကိုင်းခရိုင် လမ်းဦးစီးမှူး ဒေါ်နုယဉ်မင်းက ပြောကြားသည်။ 

အများပြည်သူအနားယူနိုင်သည့် နေရာများအဖြစ် စစ်ကိုင်းမြို့တွင် ရွှေမင်းဝန်ပန်းခြံ၊ ဗိုလ်ချူပ်ပန်းခြံ၊ ကမ်းနားလမ်း စသည့်နေရာများရှိကြောင်း၊ ယခုပြုလုပ်မည့်နေရာသည် ကမ်းနားလမ်းနှင့် တစ်ဆက်တည်းဖြစ်၍ အများပြည်သူ အနားယူနိုင်မည့် နေရာတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ကိုင်းမြို့ခံ ဦးပြည့်ဖြိုးအောင်က ပြောဆိုသည်။

M-05