News

POST TYPE

PERSPECTIVE

မြစ်ကြီးနားတွင် စီးပွားရေးဇုန်တည်မှု KNC ပါတီ ကြေညာချက်ထုတ်
24-Aug-2018
မြစ်ကြီးနား၊ ဩဂုတ် ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အနောက်ဘက် လီဒိုလမ်းမကြီးဘေး နမ်ကျင်ဒေသတွင် ပြည်နယ်အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် စီးပွားရေးဇုန်တစ်ခု တည်ထောင်ရာတွင် ကချင်ပြည်သူလူထုကို ကိုယ်စားပြုသည့် ကချင်နိုင်ငံရေး အစုအဖွဲ့များနှင့် ပူးပေါင်းဆွေးနွေးပြီးမှ အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က ဩဂုတ်လ ၂၃ ရက်နေ့က သဘောထားကြေညာချက် ထုတ်ပြန်သည်။

နိုင်ငံရေးပဋိပက္ခများ ဖြေရှင်းနေဆဲ ပြည်နယ်တွင် စီးပွားရေးဘက်က တစ်ခုတည်းမကြည့်ဘဲ နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်နိုင်သော စီမံကိန်းဖြစ်ရေးအတွက် လူထုကိုယ်စားပြုသည့် ကချင်နိုင်ငံရေး အစုအဖွဲ့များနှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက်ရေးသည် အခြေခံကျရာ MOA အတွက် ဆွေးနွေးချက်အဆင့်တိုင်းတွင် ကချင်နိုင်ငံရေးအဖွဲ့များ ထည့်သွင်းဆွေးနွေးချက်ကို တောင်းဆိုကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခု MoU (နားလည်မှုစာချွန်လွှာ) ကနေ MOA (သဘောတူညီချက် စာချွန်လွှာ) သွားဖို့လုပ်နေတယ်။ MOA သွားဖို့ အကြိုဆွေးနွေးမှုတွေမှာ ဒေသခံ ကချင်လူထုအသံစစ်စစ်ပါနိုင်အောင် ကချင်ပါတီတွေ ထည့်သွင်းဆွေးနွေးဖို့လိုတယ်”ဟု ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက ပြောဆိုသည်။

ကချင်ပြည်နယ်အစိုးရက မြစ်ကြီးနားမြို့၊ နမ်ကျင်ဒေသရှိ မြေဧက ၄၇၀၀ ကို ၁၅ နှစ်စီမံကိန်းဖြင့် စီးပွားရေးဇုန်တည်ရန် တရုတ်နိုင်ငံ၊ ယူနန်-ထိန်ချုံးဟုန်ရင် ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ MoU ကို ယခုနှစ် မေလ ၁ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ စီးပွားရေးဇုန်တည်ရန် MoU ရေးထိုးပြီးနောက် လုပ်ငန်းအကောင်အထည်ဖော် သဘောတူညီမှု MOA အတွက် ကချင်ပြည်နယ်အစိုးရနှင့် ယင်း ယူနန်-ထိန်ချုံးဟုန်ရင် ကုမ္ပဏီတို့က အဆင့်ဆင့် ဆက်လက်ဆွေးနွေးနေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

R-06


  • VIA