News

POST TYPE

PERSPECTIVE

နိုင်ငံရေးအသိ နိုင်ငံရေးသတိ ရှိဖို့တော့ လိုပြီ
23-Aug-2018
နိုင်ငံရေးလို့ပဲပြောပြော၊ နိုင်ငံ့အရေးလို့ပဲပြောပြော လူသားတိုင်းနဲ့ဆိုင်တဲ့အရာလို့ မှတ်ယူကြရမှာပါ။ ထမင်းစားနေတာလည်း နိုင်ငံရေး၊ ကျောင်းသွားတာလည်း နိုင်ငံရေး၊ ဈေးရောင်းတာလည်း နိုင်ငံရေးပါပဲ။ အားလုံးဟာ တစ်သီးတခြားစီ ရပ်တည်နေကြလို့မှ မရကြတာပဲ။

ဆိုလိုတာကတော့ ကျောင်းသားက ကျောင်းမှန်မှန်သွားရုံနဲ့ပြီးပြီလား။ အလုပ်သမားကလည်း အလုပ်လုပ်ရုံပဲလား။ ဆရာတွေကလည်း စာသင်နေရုံပဲလား။ ဆရာဝန်တွေကလည်း ဆေးရုံဆေးခန်းသွားနေရုံနဲ့ ပြီးပြီလားဆိုတဲ့ မေးခွန်းမေးကြည့်ချင်ပါတယ်။ အားလုံးဟာ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး နိုင်ငံ့အရေးကို နိုင်ငံရေးလုပ်သူတွေကပဲ လုပ်ကြရတော့မှာလား။ ခေတ်တစ်ခေတ် စနစ်တစ်ခုပြောင်းတယ်ဆိုတာ လူတစ်ဦး လူတစ်စု ပြောင်းရုံနဲ့ ပြောင်းသွားတာမျိုး မဟုတ်ပါဘူး။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ နိုင်ငံရေးအသိအမြင်တွေ တိုးတက်လာပြီး ဦးဆောင်မှုကောင်းပေါ်လာတဲ့အခါမှာ အရွေ့တစ်ခုကို တက်လှမ်းသွားနိုင်ကြခြင်းပါပဲ။

နည်းပညာတိုးတက်လာတဲ့အတွက် ကမ္ဘာကြီးဟာ တစ်မုဟုတ်ချင်းတိုးတက်ပြောင်းလဲလာနေတာပါ။ အဲဒီပြောင်းလဲမှုအဟုန်ဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်နေပါတယ်။ အဆိုးဝါးဆုံးက ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ။ နည်းပညာရဲ့ စွမ်းဆောင်ရည်တွေကို စီးမျောခံစားရင်း နစ်မှန်းမသိနစ်နေကြပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အဲဒီလောက်သည်း သဲသဲမဲမဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတာ မတွေ့ရတတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ကတော့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်သုံးစွဲရာမှာတော့ ကမ္ဘာသိပါ။ အထူးသဖြင့် အမုန်းစကား (Hate speech) ဖြန့်ချိတဲ့နေရာမှာပါပဲ။ အဲဒီလိုအမုန်းစကားတွေဖြန့်နေတဲ့ မြန်မာနိုင်ငံလို နိုင်ငံတွေကို ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာခ့်ဇူကာဘတ်ဂ်ကိုယ်တိုင် ဖယ်ရှားရှင်းလင်းနေကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း နိုင်ငံအတွင်းမှာတော့ အမုန်းစကားဖြန့်ချိမှုတွေက ရှိနေဆဲဖြစ်ပြီး မကြာသေးမီကပဲ မြန်မာနိုင်ငံဆိုင်ရာ ဖေစ့်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာတွေမှာ အမုန်းစကားဖြန့်ချိထားမှု တစ်ထောင်ကျော် စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံအတွက်တော့ အထူးအစီအစဉ်လို့ပဲ ဆိုရလေမလားမသိ။ အမုန်းစကားတွေကို အလိုအလျောက်ထုတ်ပေးမယ့် ဆော့ဖ်ဝဲစနစ်တွေကို အသုံးပြုပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်ရောက်ရှိလာတဲ့ ပိုစ့်တွေကို စိစစ်သုံးသပ်ဖို့အတွက် မြန်မာဘာသာစကား ကျွမ်းကျင်သူတွေ ငှားရမ်းထားပါတယ်။ ခုဆိုရင် မြန်မာဘာသာ စကားကျွမ်းကျင်သူ ၆၀ ကျော်ငှားရမ်းခဲ့ပြီး ဒီနှစ်ကုန်ပိုင်းမှာဆိုရင် အနည်းဆုံး တစ်ရာအထိထားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ Mobile ဖုန်း ပျံ့နှံ့မှုဟာ သန်း ၅၀ ကျော်ပါတယ်။ လူတစ်ဦးမှာ ၂ လုံး သုံးလုံးတောင်ကိုင်ဆောင်လာတဲ့အတွက် အရေအတွက်ဟာ ခန့်မှန်းတာထက် ပိုနိုင်ပါတယ်။ အဲ့ဒီမှာ ပုံမှန်သုံးစွဲနေကျ အကောင့်တွေအပြင် အကောင့်အတုတွေကလည်း ပုံစံအမျိုးမျိုးနဲ့ ပျံ့နှံ့လာပါတယ်။ အကောင့်အတုတွေ ပြုလုပ်လိုက်တဲ့ ရည်ရွယ်ချက်ကိုက ရိုးသားမှုရာခိုင်နှုန်း အလွန်နည်းပါတယ်။ ပုံစံတစ်မျိုးနဲ့  Online ပေါ်မှာ သရုပ်ဖော်ကြဖို့ပါပဲ။

ဒီနေရာမှာ နိုင်ငံတချို့ရဲ့ Mobile ဖုန်းရောင်းချမှု စနစ်ကလေး ပြောပြချင်ပါတယ်။ သူများနိုင်ငံမှာ ဖုန်းဝယ်ချင်သလို ဝယ်လို့မရပါဘူး။ ဝယ်ချင်ရင် မှတ်ပုံတင်တစ်ခုကို ဆင်းမ်ကတ် ၂ ခုပဲရောင်းပါတယ်။ တရားဝင်မှတ်ပုံတင်ပြီးမှ သုံးလို့ရပါတယ်။ ဒါကြောင့်လည်း သူတို့နိုင်ငံမှာ ဖုန်းနဲ့ ခြိမ်းခြောက်တာ၊ ရာဇဝတ်မှုကျူးလွန်မှုတွေမှာ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်နဲ့ ခြေရာခံနိုင်တာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ လမ်းဘေးမှာ ပုံချပြီးရောင်းချနေကြတယ်။ ကြိုက်သလောက်ဝယ်လို့ရတယ်။ အဲ့ဒီရဲ့ဆိုးကျိုးကတော့ ဆင်းမ်ကတ်တွေ ဖောင်းဖွပြီး လိုင်းကျပ်မှုကို ဖြစ်စေရုံသာမက ခြေရာခံလိုက်ဖို့ အလွန်ခက်ခဲသွားတဲ့အပြင် အကောင့်အတုအမျိုးမျိုနဲ့ ခြိမ်းခြောက်လာတာကို တွေ့ကြရမှာပါ။

ခုတစ်လောဆိုရင် လူမှုကွန်ရက်စာမျက်နှာတွေမှာ ထိတ်လန့်ချောက်ချားဖွယ်ရာ သတင်းတွေ ရည်ရွယ်ချက်ရှိရှိ တင်နေကြသလိုပါပဲ။ ငါးပိစားသုံးတဲ့မြန်မာနိုင်ငံမှာ လူသားတွေပါလာတယ်ဆိုပြီး တင်တယ်။ နောက်လူသေကရတဲ့ဆီတွေကို ပီပါတွေနဲ့ရောင်းချနေတဲ့ပုံစံမျိုး လုပ်ကြပြန်တယ်။ ဒါတင်မကသေးဘူး နိုင်ငံတော်တံဆိပ်ကို တုပပြီး တရားမဝင် ငွေကြေးတွေအဖြစ် ကြေညာသယောင် သတင်းဖြန့်ကြပြန်တယ်။ ဟိုတစ်လောကဆို ပါတီတံဆိပ်အတုတွေနဲ့ တရားဝင်ထုတ်ပြန်ချက်လိုလို ကြေညာချက်အတုတွေ ထုတ်ကြပြန်တယ်။ လူတစ်ဦးပဲဖြစ်ဖြစ် ပါတီအဖွဲ့အစည်းတစ်ခုကိုပဲဖြစ်ဖြစ် သိက္ခာကျ အပုပ်ချဖို့ အကောင့်အတုတွေနဲ့ ဖန်တီးလာကြတယ်။ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာကြတယ်။ 

ဒီလိုနဲ့ သတင်းအတုတွေ ဖန်တီးလာကြတယ်။ အမုန်းစကားတွေ ဆိုလာကြတယ်။ နည်းပညာအကူအညီနဲ့ ထင်ယောင်ထင်မှား လုပ်လာကြတယ်။ လူထုအတွင်းမှာ တုန်လှုပ်ချောက်ချားဖွယ်ရာတွေကို ပုံဖော်လာကြတယ်။ ဘာကြောင့် ဒီလိုတွေ လုပ်လာကြတာလဲ၊ ဘယ်သူတွေ လုပ်လာကြတာလဲဆိုတာ ဆန်းစစ်ကြည့်ချင်ပါတယ်။ ဘာကြောင့် ဒီလိုလုပ်လာသလဲဆိုရင် ပြည်သူလူထုအတွင်း မတည်မငြိမ်ဖြစ်စေလိုသူတွေပဲ မတည်ငြိမ်ဖြစ်မှုတွေကနေ ဆူပူမှုတွေအထိ ရည်ရွယ်ထားပုံရတယ်။ လက်ရှိ အုပ်ချုပ်နေမှုယန္တရားကြီးရဲ့ တိုးတက်ချောမွေ့မှုကို မလိုလားမှုတွေကြောင့်လည်း ဖြစ်မယ်။ ဒီတော့ ဘယ်သူတွေ ဖန်တီးနေကြတာလဲ၊ ဒီအလုပ်ဟာ သာမန်အဆင့်လူတွေ မလုပ်နိုင်ပါဘူး။ အိုင်တီပညာကို စနစ်တကျသင်ယူပြီး စနစ်တကျဖွဲ့စည်းပေးထားတဲ့အုပ်စုတွေ ဖြစ်နိုင်ပါတယ်။ အဲဒီအုပ်စုတွေဟာ တစ်သီးတခြားရှိနိုင်သလို အုပ်စုလိုက် ဆက်သွယ်တာလည်း ရှိနိုင်မယ်။

ဆိုရရင်တော့ နည်းပညာကျွမ်းကျင်ပညာရှင်တွေပါပဲ။ ပညာရှင်တွေရဲ့အလုပ်ကတော့ အကြောင်းအရာတစ်ရပ်ကို နည်းပညာနဲ့ ယုတ္တိရှိရှိ ဖန်တီးပြီး ပြည်သူလူထုထံ ဖွင့်ချဖို့ပါပဲ။ ပုံစံအမျိုးမျိုးနဲ့ Comment တွေကိုလည်း ဝင်ရေးကြပါသေးတယ်။ သာမန်ပြည်သူတွေအဖို့ကတော့ အဲ့ဒီ Comment တွေဖတ်ပြီး အားမလိုအားမရဖြစ်သူဖြစ်၊ ဝင်ပြီး ဆဲရေးတိုင်း ထွာသူကတိုင်းထွာ၊ အသိအမြင် ဆင်ခြင်ဉာဏ်နည်းပါးစွာနဲ့ ကြမ်းကြမ်း တမ်းတမ်းဝေဖန်သုံးသပ်ကြသူကသုံးသပ်၊ အထင်အမြင်သေးသူကသေး၊ ပုတ်ခတ်သူကပုတ်ခတ်နဲ့ ပွဲဆူသွားစေတာပါပဲ။ အဲဒီလိုပွဲဆူသွားပြီဆိုရင် သူတို့ရဲ့ Mission တစ်ခု ပြီးမြောက်သွားတဲ့ သဘောပေပဲလား။

ဒီတော့ ပြည်သူတွေနိုးကြားကြဖို့လိုပါပြီ။ ကျောင်းသွားရင်းလည်း နိုးကြားဖို့လိုတယ်။ အလုပ်သွားရင်လည်း နိုးကြားကြပါ။ ဆေးခန်းသွားရင်းလည်း မျက်စိဖွင့်ကြပါ။ နိုင်ငံရေးအသိအမြင်တွေ ပိုမိုရင့်ကျက်လာဖို့၊ ပွင့်လင်းလာဖို့၊ အမြင်တွေကျယ်လာဖို့ လိုနေပါပြီ။ စာသင်နိုင်ဖို့၊ ဈေးရောင်းနိုင်ဖို့၊ အလုပ်သွားနိုင်ဖို့ ဆေးရုံဆေးခန်းလေး မှန်မှန်သွားနေရရုံနဲ့တော့ မတင်းတိမ်သင့်တော့ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ စာသင်ယူနိုင်ဖို့၊ အေးအေးချမ်းချမ်းလေးနဲ့ အလုပ်လုပ်နိုင်ဖို့၊ ဆေးကုသနိုင်ဖို့ဆိုတာ တည်ငြိမ်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေ ရှိဖို့လိုတယ်။ နိုင်ငံ့အရေးဟာလည်း မိမိတို့ တစ်ဦးချင်းစီနဲ့ သွယ်ဝိုက်ပတ်သက်နေပါတယ်။ အိမ်ရှေ့ပူရင် အိမ်နောက် မချမ်းသာနိုင်တာ အသေအချာပါပဲ။ မိမိတစ်ဦးတည်း တစ်ယောက်တည်း နိုင်ငံရေးအသိ နိုင်ငံရေးသတိရှိနေဖို့ မဟုတ့်ဘူး။ မိမိနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ဝန်းကျင်ကိုပါ ကူးစက်ပျံ့နှံ့နေစေသင့်တယ်။

ဆိုရရင် မိမိတစ်ဦးချင်းအပေါ်မှာလည်း တာဝန်တွေရှိနေတယ်။ မိမိတို့တစ်ဦးချင်းကနေ ပြည်သူလူထုတစ်ရပ်လုံး နိုင်ငံရေးအသိအမြင်တွေ ကျယ်ဖို့လိုတယ်။ ကိုယ်နဲ့ ကိုယ့်ဝန်းကျင်ကွက်ကွက်ကလေး အဆင်ပြေအောင်မြင်နေမှုထဲမှာ ကျေနပ်ရောင့်ရဲမနေသင့်တော့ပါဘူး။ ဒါမှ လူတစ်စုထောင်ထားတဲ့ ထောင်ချောက်ကနေ လူအများ လွတ်ကင်းနိုင်မှာပါ။ လူတွေရဲ့ နိုင်ငံရေးအသိအမြင်တွေ မြင့်မားလာလေလေ သတင်းတုတွေရဲ့ ခြောက်လုံးလှန့်လုံးတွေ အမုန်းစကားတွေရဲ့ ထိုးနှက်မှုတွေကို အလွယ်တကူ သိသာနိုင်လေပါပဲ။ တစ်ဆက်တည်းမှာပဲ သတင်းတုတွေ အမုန်းစကားတွေရဲ့ နောက်ကွယ်က ဖန်တီးလှုံ့ဆော်မှုတွေကိုပါ မြင်နိုင်လာမှာပါ။ အဓိက မိမိတို့ပြည်သူတွေမှာ နိုင်ငံရေးအသိအမြင် ရေချိန်တွေ မြင့်မားနေဖို့လိုပါတယ်။ ပြည်သူတွေရဲ့ နိုင်ငံရေးအသိ နိုင်ငံရေးသတိ မြင့်မားနေမှုက အညံ့စားအပေါစား နိုင်ငံရေးသမားတွေ။ ဒါမှမဟုတ် ပွဲလန့်တုံးဖျာခင်းချင်သူတွေ တိုင်းပြည်ကို အမှောင်လမ်းထဲ ပြန်တွန်းချနေသူတွေကို မီးမောင်းထိုးပြနိုင်ကြပါလိမ့်မယ်။ ဖော်ထုတ်နိုင်ပါလိမ့်မယ်။ ပြည်သူတွေက မိမိတို့ရဲ့ အသိဉာဏ်ပညာ နိုင်ငံရေးရေချိန်နဲ့ ကောင်းကောင်းကြီး ဒဏ်ခတ်ပြကြဖို့လိုပါလိမ့်မယ်ဆိုတာ ပြောလိုရင်းပါ။

ခင်မောင်ဌေး (ပညာရေး)