News

POST TYPE

PERSPECTIVE

ရှင်းနေတာကို ရှုပ်အောင်လုပ်နေတဲ့ ပညာရေး
21-Aug-2018

သြော် ... ဒါနဲ့စကားမစပ်။ 

ရှင်းနေတာကို ရှုပ်အောင် လုပ်ကြပြန်ပြီ။

နားရှင်းအောင် ပြောရမယ်ဆိုရင် ကိုယ်ပိုင်ကျောင်းဆရာတွေကို ပညာရေးဌာနက တာဝန်ရှိသူတွေက ဒုက္ခပေးကြပြန်ပေါ့။ ကိုယ်ပိုင်ကျောင်းဆရာ (Private Teacher) တွေ ဆိုတာက ကိုယ်ပိုင်ကျောင်း (Private School) တွေမှာ စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေကို ခေါ်တာ။ အဲဒီ ဆရာ၊ ဆရာမတွေက တရားဝင် စာသင်ကြားပြီး လုပ်ကိုင်စားသောက်နိုင်ဖို့ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်ကတ် (Green Card) ဆိုတာ ရှိကို ရှိရမယ်။ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်ကတ်ကို ပညာရေးဌာနက ထုတ်ပေးရတယ်။ အနှီမှတ်ပုံတင်ကတ်ကို အသက်ဆက်နိုင်ဖို့ တစ်နှစ်တစ်ခါ နှစ်စဉ်ကြေး ကျပ်သုံးသောင်းသွင်းပြီး သက်တမ်းတိုးရတယ်။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစလို့ နှစ်စဉ်စိစစ်ပြီး ထုတ်ပေးခဲ့တာမို့ တချို့ကတ်တွေဆို ၆ နှစ်သက်တမ်းလောက်တောင် ရှိနေပြီပဲ။ 

ဟော ... ပညာရေးဌာနမှာ ဘာပြဿနာရယ် ပေါ်တယ်မသိ။ ထုတ်ပေးထားတဲ့ ပြင်ပကျောင်းဆရာ မှတ်ပုံတင်ကတ်တွေရဲ့ နှစ်အလိုက် သက်တမ်းတိုးထားတဲ့ ငွေသွင်းချလန်မိတ္တူတွေ ရက်ပိုင်းအတွင်း မြို့နယ်ပညာရုံးကို ပို့ပေးရမယ်တဲ့လေ။ မြို့နယ်ပညာရုံးက တရားဝင် စာထုတ်လို့ ကိုယ်ပိုင် ကျောင်းတွေကို အမောတကော တောင်းပါလေရောလား။ စာကိုဖတ်ကြည့်လိုက်တော့ နေပြည်တော် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ရည်ညွှန်းချက်စာဖြစ်နေတာကို တွေ့ရတယ်။ 

ဘာရည်ရွယ်ချက်နဲ့ တောင်းမှန်းမသိပေမင့် သူတို့လိုအပ်တိုင်း ဒီလိုသာ တောင်းနေလို့ကတော့ အောက်ခြေက လူတွေကို ဒုက္ခပေးသလိုဖြစ်နေတာမို့ ပွက်လောရိုက်သွားတော့တာပေါ့။ ဘာကြာသေးလို့လဲ။ ဒီနှစ်အတွက် ငွေသွင်းချလန်မူရင်းနဲ့မိတ္တူကို ပေးထားပြီးတဲ့ဥစ္စာ။ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်ကတ်ဆိုတာကလည်း လွယ်လွယ်နဲ့ ထုတ်ပေးခဲ့တာမှ မဟုတ်တာ။ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေအချာဖြတ်သန်း စိစစ်ပြီး အထောက်အထား စာရွက်စာတမ်းပြည့်စုံမှ တိုင်းပညာရုံးက ထုတ်ပေး ခဲ့တာပဲလေ။ 

တစ်နှစ်လောက်ကြာအောင် စိစစ်ခဲ့တဲ့နှစ်တောင် ရှိသေးတာပဲ။ ဘာဖြစ်လို့ ငွေသွင်းချလန်တွေကို ပြန်တောင်းနေရတာလဲ။ စဉ်းစားစရာတော့ ဖြစ်နေပြီ။ ခေါင်းခဲလိုက်တာ။ 

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်ရအောင် လျှောက်ထားတော့မယ်ဆိုရင် တစ်နှစ်တစ်ကြိမ် သူတို့ခေါ်တဲ့ ဖေဖော်ဝါရီလလောက်မှာ တိုင်းပညာ ရုံးကို လျှောက်လွှာတင်ရတယ်။ ဧပြီလထဲ သတ်မှတ်ထားတဲ့ရက်မှာ လူခေါ်တွေ့ပြီး အထောက်အထားတွေ စိစစ်တယ်။ အင်တာဗျူးလုပ်တယ်။ ပြီးကာမှ မေလကုန်ခါနီးလောက်မှာ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် သတ်မှတ်ကြောင်း အောင်စာရင်းထုတ်ပြန်ပေးတယ်။ 

ဒါနဲ့တင်မပြီးသေးဘူး။ အောင်တဲ့သူက ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်ကြေးအဖြစ် ငွေကျပ်ငါးသောင်းတိတိကို မြန်မာ့စီးပွားရေးဘဏ်မှာ ချလန်နဲ့သွင်းရတယ်။ နှစ်စဉ်ကြေးအဖြစ် ငွေကျပ်သုံးသောင်းတိတိကို နောက်ထပ်ချလန်တစ်စောင်နဲ့ သွင်းရတယ်။ ငွေသွင်းချလန်တွေ အပေါ်မှာ တိုင်းပညာရုံးက စီမံအရာရှိတစ်ယောက်က လက်မှတ်ထိုးပေးမှ ငွေသွင်းလို့ရတယ်။ 

ချလန်မှာပါတဲ့အတိုင်း တစ်ပိုင်းကို ဘဏ်ကယူတယ်။ တစ်ပိုင်းကို ကာယကံရှင်က သိမ်းထားပေါ့။ ကျန်တစ်ပိုင်းကိုတော့ မူရင်းရော၊ မိတ္တူရော တိုင်းပညာရုံးကို ပေးလိုက်ရတာပဲ။ ဒီလောက်သေချာတာ ဘာရှိတော့မှာတုံး။ ငွေသွင်းပြီးနောက် လအတော်ကြာမှ ကတ်ပြားကို ထုတ်ပေးတာဆိုတော့ ငွေမသွင်းဘဲ ချလန်မပေးဘဲ ကတ်ပြားထုတ်လို့မရဘူးဆိုတာကတော့ အသေအချာပဲပေါ့။ 

အခုတော့ဗျာ...။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစလို့ လက်ရှိ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အထိဆိုတော့ကာ...။ ပြန်ရှာပေးရမယ့် ချလန်တွေက ဘယ်နည်းပါ့မလဲ။ ဒီကြားထဲ မှတ်ပုံတင်ကြေးနဲ့ နှစ်စဉ်ကြေးဆိုပြီး ငွေသွင်းချလန်က နှစ်မျိုးခွဲထားတာဆိုတော့ ပိုရှုပ်ကုန်တာပေါ့။ မှတ်ပုံတင်ကြေးဆိုတာက စလုပ်တဲ့နှစ်မှာ တစ်ကြိမ်တည်း သွင်းရတာ။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ချလန်စာရွက် အသိမ်းလွန်တော့ ရှာဖို့ခက်တော့တာပေါ့။ 

နှစ်စဉ်ကြေးဆိုတာက နှစ်စဉ်လိုလို သွင်းနေရတာ။ ဒီနှစ်သွင်းထားတဲ့ချလန်က လောလောလတ်လတ်မို့ လက်ဆုပ်လက်ကိုင် ပြနိုင်သေးတာပေါ့။ ဒါပေမဲ့ အရင်နှစ်တွေက ချလန်တွေကို အသေအချာ သိမ်းထားပေမယ့် နှစ်တွေကြာလာတော့ ကိုယ်တွေလည်း ဘယ်ထားလို့ ထားမှန်းမသိ။ ဒီကြားထဲ မိုးကြီးရေကြီးလို့ သိမ်းရတာကတစ်မျိုး၊ အိမ်ပိုင်မရှိတဲ့ ဆရာ၊ ဆရာမတွေက အိမ်ခဏခဏပြောင်းနေရလို့ ပစ္စည်းတွေ သယ်ရပိုးရတာက တစ်မျိုးဆိုတော့ ပြန်ရှာဖို့မလွယ်တော့ဘူး။ 

ဟုတ်ပါပြီ...။ အခုရမယ့် စာရင်းတွေကရော အမှန်လို့ ယူဆနိုင်ပါ့မလား။ မှတ်ပုံတင်ကတ်လုပ်ထားပြီး ဘယ်ကျောင်းမှာမှ စာမပြတဲ့ ဆရာတွေက အပြင်လောကမှာ တစ်ပုံကြီး။ သူတို့ဆီက ငွေသွင်းချလန်ကို ဘယ်လိုတောင်းမှာလဲ။ နောက်ဆုံးတော့ ပြုစုခိုင်းတဲ့ စာရင်းတွေက အမှန်အကန်မရဘဲ အမှားသံသရာထဲမှာ လုံးချာလည်နေမှာကိုတော့ မြင်ယောင်မိပါသေးတယ်။ 

ဒီနေရာမှာ တစ်ထွာတစ်မိုက်ဉာဏ်လေးနဲ့ပဲ တွေးကြည့်မိတယ်။ ဒီငွေသွင်းချလန်မူရင်းတွေရော၊ မိတ္တူတွေရော သက်ဆိုင်ရာ တိုင်းပညာနဲ့ ပြည်နယ်ပညာရုံးတွေမှာ အလွယ်တကူ ရှာလို့မရနိုင်ဘူးလား ဆိုတာကိုပေါ့။ ဆရာ၊ ဆရာမတွေဆီက နှစ်စဉ်ယူထားတဲ့ ချလန်တွေကို ဖိုင်တွဲမထားဘဲ ဖျက်ဆီးပစ်လိုက်ကြပြီလား။ ဒါမှမဟုတ် သဘာဝဘေးကြောင့် ပျက်စီးကုန်ပြီလား။ အခုလို မြို့နယ်အလိုက် တစ်ယောက်ချင်းဆီက တောင်းနေမယ့်အစား တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ရှာလို့ရရင် အလုပ်မသက်သာဘူးလား၊ အချိန်ကုန် မသက်သာဘူးလား။ လွယ်တဲ့နည်းလမ်းကို စဉ်းစားမိတာပါ။ 

ချလန်တွေကို ဒီလောက်တောင် အသည်းအသန် ရှာခိုင်းနေတာ ပြဿနာက မသေးလောက်ဘူးလားလို့။ မြန်မာ့စီးပွားရေးဘဏ်မှာ ချလန်နဲ့ ငွေသွင်းတဲ့သူကတော့ မသမာမှုလုပ်ဖို့ မလွယ်ကူတာတော့ အမှန်ပဲ။ ပြည်နယ်/တိုင်းပညာရုံးတွေကို ငွေတိုက်ရိုက်သွင်းရမယ် ဆိုရင်တော့ ပြဿနာရှိနိုင်တာပေါ့။ 

နောက်တစ်ခုက ထုတ်ပေးထားတဲ့ မှတ်ပုံတင်ကတ် အရေအတွက် နဲ့ ဝင်ငွေစာရင်းက ကွာနေလို့လား။ ကတ်အရေအတွက်က နည်းနေရင် ကိစ္စမရှိ။ ဝင်ငွေထက် ကတ်အရေအတွက် များနေလို့ကတော့ လွဲချော်နေတာ သေချာပြီ။ ဒါတောင်ဖြစ်နိုင်ခြေက ရှိသေးတယ်။ အရင်နှစ်က မှတ်ပုံတင် ကတ်လုပ်ထားတဲ့သူက ဒီနှစ်မှာ နှစ်စဉ်ကြေးမသွင်းဘဲ နားလိုက်တော့မယ် ဆိုရင် ဝင်ငွေက အနည်းမှာ ပြနေမှာပဲ။ ဒါပေမဲ့ မှတ်ပုံတင်ကြေးသွင်းတဲ့ ဦးရေနဲ့ ကတ်ဦးရေက မလွဲမသွေ ကိုက်ကိုကိုက်ရမယ်။ ပြောမယ့်သာပြောရတာ။ ဒါတွေက ကိုယ့်အလုပ်မဟုတ်။ 

နောက်တစ်ခုက ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်ကတ် အတုပေါ် နေလို့လား။ ပေါ်နေတယ်ဆိုရင်လည်း တာဝန်ရှိသူတွေက ခြေခြေမြစ်မြစ် ဖော်ထုတ်ကြပေါ့။ နည်းဥပဒေနဲ့မညီတဲ့ ကိုယ်ပိုင်ကျောင်းဆရာတွေ ရှိနေရင်လည်း အထောက်အထား ခိုင်ခိုင်မာမာနဲ့ အရေးယူလိုက်ကြပါလား။ ပြဿနာရှိတိုင်း အခုလို တစ်ကနေပြန်ပြန်စပြီး လုပ်နေလို့ကတော့ ပညာရေးခရီးက ဘယ်တော့မှ အရွေ့ဆိုတာ ရှိလာမှာမဟုတ်။ 

ပညာရေးရပ်ဝန်းရဲ့ တစ်ထောင့်တစ်နေရာမှာ တစ်စုံတစ်ရာပြဿနာ ပေါ်လာတိုင်း အောက်ခြေမှာ ရှင်းအောင်နေတဲ့ ပြည်သူထဲက ကိုယ်ပိုင်ကျောင်းဆရာတွေအပေါ် လာပြီး ရှုပ်မနေကြပါနဲ့လို့ ပြောလိုကြောင်းပါ မောင်ရို့။ 

ကိုသောင်း (ပညာရေး)