News

POST TYPE

PERSPECTIVE

ပုံနှိပ်မီဒီယာတွေ ရပ်တည်ရေး အစိုးရနဲ့ ပြည်သူ ကူညီပေး
21-Aug-2018
မီဒီယာဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် အစိုးရနှင့်ပြည်သူအကြား ဆက်သွယ်ပေါင်းကူးပေးသော ကိရိယာဖြစ်ပါသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အစိုးရ၏လုပ်ကိုင်ဆောင်ရွက်ချက်များ၊ အစိုးရက ထုတ်ပြန်သောအမိန့်များ၊ တားမြစ်ချက်များ၊ ဖြေလျှော့မှုများ၊ အစိုးရက ဆောင်ရွက်လျက်ရှိသော/ ဆောင်ရွက်ရန်လျာထားသော စီမံကိန်းများ စသည်တို့ကို ပြည်သူများသိအောင် သတင်းထုတ်ပြန်ပေးရသလို အပြန်အလှန်အားဖြင့် ပြည်သူများအကြား နေ့စဉ် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသော ရာဇဝတ်မှုခင်းများ၊ အငြင်းပွားမှုများ၊ မကျေနပ်ချက်များ၊ ဆန္ဒပြတောင်းဆိုမှုများ စသည်တို့ကို အစိုးရသိအောင် ဖော်ပြပေးလျက်ရှိပါသည်။ ထို့ကြောင့် မီဒီယာဟူသည် နိုင်ငံတစ်ခုအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်သည်ဆိုခြင်းမှာ မည်သို့မျှ ငြင်းကွယ်မရသောအချက် ဖြစ်ပါသည်။

နိုင်ငံပိုင်မီဒီယာနှင့် ပုဂ္ဂလိကမီဒီယာ

မီဒီယာဟုဆိုရာတွင် နိုင်ငံပိုင် သို့မဟုတ် အစိုးရပိုင်မီဒီယာနှင့် ပုဂ္ဂလိကပိုင်မီဒီယာဟူ၍ နှစ်ပိုင်းရှိပါသည်။ အစိုးရပိုင်မီဒီယာသည် အစိုးရက ပြည်သူတို့အား သိကြားစေလိုသည်တို့ကို ထည့်သွင်းဖော်ပြပေးရသလို ပုဂ္ဂလိကမီဒီယာတို့ကလည်း ပြည်သူကိုကိုယ်စားပြုသော ပြည်သူ့အသံတို့ကို အစိုးရသိစေရန် ဖော်ပြပေးကြပါသည်။ သို့ရာတွင် အစိုးရမီဒီယာတို့က တစ်ပန်းသာသောအချက်မှာ ပြည်သူတို့သိချင်သည်ဖြစ်စေ၊ မသိချင်သည်ဖြစ်စေ ၎င်းတို့ဖော်ပြချင်သည်တို့ကို ထည့်သွင်းဖော်ပြနိုင်ကြပြီး ပုဂ္ဂလိကသတင်းစာတို့မှာမူ အကန့်အသတ်ဖြင့်သာ ဖော်ပြခွင့်ရကြသည်။ အစိုးရကိုဝေဖန်ထောက်ပြသော ဆောင်းပါးမျိုးကို ထည့်သွင်းဖော်ပြလျှင် အစိုးရမင်းတို့က မကျေနပ်ကြ။ ငြူစူစောင်းမြောင်းကြသည်။ ၎င်းတို့၏ ဂုဏ်သိက္ခာကိုချသည်၊ ပုံရိပ်ကိုထိခိုက်စေသည်ဟုဆိုကာ အပြစ်ရှာ၍ အရေးယူကြသည်။

ထို့ကြောင့် ပုဂ္ဂလိကသတင်းစာတို့သည် ကျီးလန့်စာစားသဖွယ် လုပ်ကိုင်ဆောင်ရွက်ကြရသည်။ တစ်ချိန်ကဆိုလျှင် ပုဂ္ဂလိကသတင်းစာများ လုံးဝထုတ်ဝေခွင့်မရသောခေတ်တစ်ခေတ်နှင့် ထုတ်ဝေခွင့်ရသော်လည်း စာပေစိစစ်ရေးကိုဖြတ်သန်းပြီး ခွင့်ပြုချက်ရမှသာ ထုတ်ဝေခွင့်ရသော ခေတ်တစ်ခေတ်တို့ အမှန်တကယ်ရှိခဲ့ဖူးပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူကရွေးကောက်တင်မြှောက်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ရရှိလာပြီး စာပေစိစစ်ရေးကိုလည်း ဖျက်သိမ်းကာ လွတ်လပ်စွာထုတ်ဝေရေးသားခွင့်ရရှိလာခဲ့သည်။ သို့သော် ဒုတိယအကြိမ် ပြည်သူကရွေးကောက် တင်မြှောက်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီးသည့် ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် လွတ်လပ်စွာရေးသားဖော်ပြခွင့် အခြေအနေနှင့် ပုဂ္ဂလိကသတင်းစာများ၏ ရပ်တည်မှုအခြေအနေမှာ မည်သို့ဖြစ်လာပါသနည်း။

ဤအကြောင်းကို ရေးသားဖော်ပြခြင်းပြုမီ နိုင်ငံပိုင်သတင်းစာတို့၏ အကြောင်းကို အနည်းငယ်တင်ပြလိုပါသည်။

အစိုးရကို ဖြုတ်ချခဲ့သည့် နိုင်ငံပိုင်သတင်းစာများ 

ဤခေါင်းစဉ်ငယ်ကို မြင်ကာမျှဖြင့်ပင် စာဖတ်သူတို့ မျက်လုံးပြူးသွားလိမ့်မည်ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံပိုင်သတင်းစာဆိုသည်မှာ အစိုးရအကြိုက်သတင်းများ၊ အစိုးရကောင်းကြောင်းသတင်းများနှင့် အစိုးရကိုမြှောက်ပင့်ရေးသားသောသတင်းများသာ ရေးသားဖော်ပြခြင်းဖြစ်ပါလျက် အဘယ်ကြောင့် အစိုးရတစ်ရပ်ကို ဖြုတ်ချနိုင်ပါမည်နည်းဟု တွေးထင်ဖွယ်ရာဖြစ်ပါသည်။ အဖြေမှာ ရှင်းရှင်းလေးပင်ဖြစ်ပါသည်။

ထိုကဲ့သို့ အစိုးရအကြိုက်သတင်းများ၊ အစိုးရကောင်းကြောင်းသတင်းများနှင့် အစိုးရကိုမြှောက်ပင့်ရေးသားသော သတင်းများကြောင့်ပင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဦးဆောင်သော အစိုးရ ပြုတ်ကျခဲ့ခြင်းပင်ဖြစ်ပါသည်။ ထိုအချိန်က အစိုးရသည် ကောင်းသတင်းများကိုသာ ဖတ်လို၊ မြင်လို၊ တွေ့လိုသည်။ မကောင်းသတင်းများကို မမြင်လို၊ မတွေ့လို၊ မကြားလိုပါ။ ထို့ကြောင့် သတင်းစာများကလည်း မကောင်းသတင်းများကိုဖယ်ရှား၍ ကောင်းသတင်းများကိုသာ ရွေးချယ်ထည့်သွင်းဖော်ပြခဲ့ကြသည်။ စီမံကိန်းများကို မအောင်မြင်ဘဲ အောင်မြင်သည်ဟူ၍ လိမ်လည်ရေးသားကြသည်။ ပြည်သူများ စားဝတ်နေရေးမပြေလည်သည်ကို ပြေလည်နေသယောင် ရေးသားကြသည်။ ပြည်သူများက အစိုးရကို မကျေမနပ်ဖြစ်နေသည်ကို ပြည်သူများက အစိုးရကို အကျေနပ်ကြီးကျေနပ်၍ ထောက်ခံနေသယောင် ရေးသားကြသည်။ ထိုစဉ်က သတင်းစာဆရာကြီးများဖြစ်ကြသော ဆရာကြီးဦးဝင်းတင်၊ ဆရာဇဝန၊ ဦးသိန်းဖေမြင့်၊ ဆရာဦးသောင်း (အောင်ဗလ)၊ သာဂဒိုး စသူတို့က ပြည်သူ့ဆန္ဒ ပြည်သူ့သဘောထားများကို အရိပ်အမြွက်မျှ ဖော်ပြရေးသားခဲ့ကြသော်လည်း ဘဝင်မကျ၍ ဖယ်ရှားခြင်းခံခဲ့ကြရသည်။

ထိုအချိန်က မဆလပါတီခေါင်းဆောင်/နိုင်ငံတော်သမ္မတကြီးသည် တစ်ဖက်က မကောင်းသတင်း/မအောင်မြင်သောသတင်းများကို မကြားလို၊ မမြင်လို၊ မသိလိုသော မိမိ၏ အတွင်းခံစိတ်သန္တာန်သည် မိမိအား အမှန်တရားကို မသိစေ၊ မမြင်စေ၊ မကြားစေသည့် မျက်စိကန်း၊ နားပင်းဘဝသို့ အလိုလိုရောက်သွားစေသည်ကို မသိလေရော့သလားမသိပါ။ အမှန် သတင်းမဟုတ်သော အောင်မြင်မှုများပေါ်တွင် မိန်းမောနေရင်းက တိုင်းပြည်မှာ ဆင်းရဲခြင်းချောက်ကမ်းပါးသို့ကျရန် တစ်ပေခန့်အလိုတွင်မှ အိပ်ရာမှ လန့်နိုးကာ တိုင်းပြည်ကို အချိန်မီ ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့ပေပြီ။ သူမြင်တွေ့လိုက်ရသည်ကား တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းမများပေါ်သို့တက်က “တစ်ပါတီစနစ် အလိုမရှိ”၊ “ဒီမိုကရေစီအရေး ချက်ချင်းပေး” ဟူ၍ အော်ဟစ်ကြွေးကြော်နေသူများသာ ဖြစ်ပါတော့သည်။

နောင်တက်လာသည့် နဝတ/နယက အစိုးရဆိုသည်လည်း အလားတူပင် မကောင်းသတင်းများကို မကြားလိုသည်ဖြစ်ရာ ဆင်းရဲသားများအကြောင်း ရုပ်ရှင်များတွင် ထည့်သွင်းရိုက်ကူးခြင်း မပြုရရုံသာမက ဘောလုံးပွဲရှုံးသည့်သတင်းများကိုပင် ထည့်သွင်းဖော်ပြခွင့် မရရှိခဲ့ပါ။ ထို့ကြောင့် သတင်းစာများကလည်း ယခင်အတိုင်းပင် မြှောက်ပင့်ရေးသားသော သတင်းဆောင်းပါးများကိုသာ ဖော်ပြလျက် နိုင်ငံပိုင်သတင်းစာတို့၏ အစဉ်အလာကို ဆက်လက်၍ထိန်းသိမ်းခဲ့ကြသည်။

သို့ရာတွင် အစိုးရအနေနှင့် ပြည်သူများတောင်းဆိုခဲ့သော ဒီမိုကရေစီ စနစ်ကို မျက်ခြည်မပြတ်ဘဲ အမျိုးသားညီလာခံတစ်ရပ်ကျင်းပကာ၊ ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲအကောင်အထည်ဖော်စေပြီး တစ်ပိုင်းတစ်စ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးလိုက်ခြင်းဖြင့် မဆလအစိုးရကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးမျိုးမှလွတ်အောင် ရှောင်ရှားနိုင်ခဲ့သည်။

ခေတ်သစ်မီဒီယာကဏ္ဍ

၂၀၁၀ ရွေးကောက်ပွဲဖြင့်တက်လာသော နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သည့်အစိုးရသည် ပုဂ္ဂလိကသတင်းစာများကို ထုတ်ဝေခွင့်ပေးခဲ့သလို စာပေစိစစ်ရေးကိုလည်း ဖျက်သိမ်းပေးခဲ့သည်။ ထိုအခါ ပုဂ္ဂလိက သတင်းစာတို့သည် မြင်းဇောင်းမှလွှတ်လိုက်သည့်မြင်းများပမာ ကဆုန်ပေါက်၍ ခုန်ပေါက်ကာ အပြေးအလွှား ထွက်ပြေးလာကြတော့သည်။ တစ်ချိန်က ထိန်းချုပ်ခဲ့သမျှ အတားအဆီးမရှိ လွတ်လပ်စွာ ရေးသားထုတ်ဝေလာကြသည်။ သို့သော် ယခင်က အတွေ့အကြုံရှိခဲ့သည့် စာပေသမား၊ သတင်းစာ ဆရာကြီးများတို့သည် အရမ်းကာရော ရေးသားခြင်းမပြုကြ။ သတိထား၍ ထိန်းထိန်းသိမ်းသိမ်းသာ ရေးသားခဲ့ကြသဖြင့် အစိုးရနှင့်မီဒီယာများအကြား ကြီးမားသောပြဿနာများ မဖြစ်ခဲ့ပါ။

သမ္မတဦးသိန်းစိန်သည် ပုဂ္ဂလိကသတင်းစာများကို ထုတ်ဝေခွင့်ပေးခဲ့သည့်နည်းတူ ယခင်က ၁၅ သိန်း၊ ငါးသိန်း (အပြင်ပေါက်ဈေး သိန်းလေးဆယ်ခန့်) ရှိသည့် လက်ကိုင်ဖုန်း Sim Card များကို ကျပ် ၁၅၀၀ မျှဖြင့် ဖြန့်ဝေပေးလိုက်သောအခါ လူတိုင်စေ့ ဖုန်းကိုင်လာနိုင်ကြတော့သည်။ တစ်ဆက်တည်းပင် လူမှုကွန်ရက်များ ခေတ်စားလာသည်နှင့် လက်ကိုင်ဖုန်းရှိသူတိုင်းလိုလိုက လူမှုကွန်ရက်သုံးလာကြသောအခါ မွေးဖွားခါစ ပုံနှိပ်မီဒီယာများမှာ ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်ရှင်သန်ရေး ကြိုးပမ်းကြရပြန်ပါသည်။ 

ဤသို့ဖြစ်ရသည်မှာ အလွယ်ကြိုက်သောလူတို့၏ စိတ်သဘာဝကြောင့်ပင် ဖြစ်မည်ဟု ထင်ပါသည်။ တယ်လီဖုန်းကိုင်သူတစ်ဦးသည် မိမိရှေ့တွင် မြင်တွေ့ရသည့်အဖြစ်အပျက်တစ်ခုကို လျှပ်တစ်ပြက်အတွင်း ဓာတ်ပုံရိုက် လိုက်နိုင်သလို မိမိတင်ပို့လိုသည့် လူမှုကွန်ရက်ပေါ်သို့ စက္ကန့်ပိုင်းအတွင်းပင် လွှင့်တင်နိုင်ကြသည်။ သူ့အနေနှင့် ဖြစ်စဉ်ကို အသေးစိတ်မသိ။ အဆိုပါ ဖြစ်စဉ်တွင် လူဘယ်နှယောက်ပါသည်ကို သူမသိ။ မည်ရွေ့မည်မျှဒဏ်ရာရ၍ မည်ရွေ့မည်မျှ သေဆုံးကြသည်ကို သူမသိ။ မည်သူမှား၍ မည်သူမှန်သည်ကိုသူမသိ။

အဆိုပါသတင်းကို ဖတ်ရှုရသည်ကလည်း သတင်းစာတစ်စောင်ကို ဝယ်သလို ဆိုင်သို့သွားဝယ်စရာမလို။ ခလုတ်တစ်ချက်နှိပ်လိုက်ရုံမျှဖြင့် သူတစ်ပါးတင်သမျှသတင်းကို အကုန်ဖတ်၍ရသည်။ မှားသည် မှန်သည် စိစစ်ခြင်းမရှိ။ တင်သမျှအမှန်ဟုယူဆလျက် ခလုတ်တစ်ချက်နှိပ်၍ ဆက်လက်ဖြန့်ဝေလိုက်သည်။ မှားသည် မှန်သည် အပထား။ ထိုသတင်းသည် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း လူအမြောက်အမြား ဖတ်လိုက်ကြရသည်။ ထိုသူတို့က ထပ်၍ ဆင့်ကာဆင့်ကာ မျှဝေကြခြင်းအားဖြင့် လူရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာတို့ ဖတ်ရှုလိုက်ကြရသည်။

သတင်းမြန်နှင့်သတင်းနှေး သတင်းမှန်နှင့်သတင်းမှား 

အဆိုပါသတင်းက မှန်သည်ဆိုသော် ကိစ္စမရှိ။ သတင်းမှားဆိုပါက သက်ဆိုင်ရာကာယကံရှင်တို့မှာ များစွာ ထိခိုက်နစ်နာရသည်။ ထိုကဲ့သို့ Online Media မှ သတင်းတစ်ပုဒ်၊ ဖြစ်စဉ်တစ်ခုသည် ကမ္ဘာပတ်၍ လှည့်လည်နေစဉ် ပုံနှိပ်မီဒီယာမှ သတင်းသမားမှာ သတင်းမှန်ကန်မှု ရှိ၊ မရှိ စိစစ်နေရသည်။ သတင်းဖြစ်ပွားသည့်အချိန်နှင့် နေရာ၊ ဘာကြောင့် ဖြစ်ပွားရသည်၊ ဘယ်သူတွေ ပါဝင်ကြသည်၊ ဘယ်သူက ကျူးလွန်၍ ဘယ်သူကခံရသည် သို့မဟုတ် မည်သူကမှား၍ မည်သူကမှန်သည်၊ အဘယ်ကြောင့် ဖြစ်ပွားရသည်၊ မည်ကဲ့သို့ဖြစ်ပွားသည်၊ ထိခိုက်ဒဏ်ရာရရှိမှု အနည်းအများ၊ သေဆုံးသူ ရှိ မရှိ စသည်စသည်ဖြင့် အသေးစိတ် မေးရမြန်းရသည်။ နောက်ဆုံး သက်ဆိုင်ရာရဲတပ်ဖွဲ့က မည်ကဲ့သို့အရေးယူဆောင်ရွက်ထားသည်တို့ကိုပါ ဖော်ပြရသည်။

ထိုမျှနှင့်မပြီးသေးပါ မိမိရေးသားသောသတင်းကို သက်ဆိုင်ရာ အယ်ဒီတာတို့ထံ အဆင့်ဆင့်တင်ပြရသည်။ သက်ဆိုင်ရာအယ်ဒီတာတို့က အတည်ပြုပြီးသောအခါ သတင်းစာတစ်စောင်၏ လုပ်ရိုးလုပ်စဉ်အတိုင်း စာစီခြင်း၊ စာမျက်နှာဖွဲ့ခြင်း(Layout design)၊ စာမျက်နှာကို အတည်ပြုခြင်း၊ ပုံနှိပ်ခြင်းစသည်တို့ပြီး၍ ဖြန့်ချိသည့်အခါမှသာလျှင် သတင်းစာ/ ဂျာနယ်ရောင်းသူတို့ထံမှတစ်ဆင့် စာဖတ်သူ၏လက်ဝယ်သို့ ရောက်ရှိခြင်းဖြစ်သည်။ ထို့ကြောင့် Online Media နှင့် ပုံနှိပ်မီဒီယာတို့ အများပြည်သူထံ သတင်းရောက်ရှိမှု အချိန်ကာလမည်မျှကွာခြားကြောင်းကို သုံးသပ်နိုင်ပါသည်။ 

ဆိုရလျှင် ပုံနှိပ်မီဒီယာတစ်ခုနှင့် Onine Media တစ်ခုတို့၏ သတင်းဖြန့်ဝေမှု၊ ပြည်သူများအကြား ပျံ့နှံ့ရောက်ရှိမှုကို အချိန်ကာလအားဖြင့် နှိုင်းယှဉ်ပါက မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ပါ။ သို့ရာတွင် ပုံနှိပ်မီဒီယာတို့က ပို၍သာသောအချက်မှာ သတင်းတိကျမှန်ကန်ခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း၊ ဖြစ်စဉ်အသေးစိတ် သို့မဟုတ် ဖြစ်စဉ်၏ နောက်ကြောင်းရာဇဝင်ကိုပါ သိရှိနိုင်ခြင်း စသည့်အားသာချက်များစွာ ရှိပေသည်။ အကယ်၍ သတင်းမှားယွင်းထုတ်ပြန်မိပါကလည်း တာဝန်ယူ၍ ဖြေရှင်းပေးခြင်း၊ ပြန်လည်တောင်းပန်ခြင်း စသည်ဖြင့် ကာယကံရှင်တို့စိတ်တိုင်းကျသည်အထိ ပြန်လည်ဆောင်ရွက်ပေးပါသည်။ လူမှုကွန်ရက်၏မှားယွင်းမှုနှင့်ပတ်သက်၍ကား ပြန်လည်တောင်းပန်မည်ဝေးစွ မည်သူမည်ဝါဟူ၍ မသိသည်ကများပါသည်။ ထို့ကြောင့် ပြည်သူများအနေနှင့် သတင်းမြန်ဆန်မှုတစ်ခုတည်းကိုပင် သဘာကျနှစ်သက်လက်ခံမည်လား၊ သတင်းတိကျမှုအပြင် တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော ပုံနှိပ်မီဒီယာကိုပင် အားကိုးအားထာပြုမည်လားဆိုသည်ကတော့ ဆုံးဖြတ်ကြရမည်ဖြစ်ပါသည်။

ပုံနှိပ်မီဒီယာတို့၏ အသက်ရှည်ရှင်သန်ရပ်တည်ရေး

နိုင်ငံတကာတွင်လည်း အင်တာနက်စတင်ပေါ်ပေါက်လာပြီး Online Media များ လူသုံးများလာသည့်အချိန်မှစ၍ ပုံနှိပ်မီဒီယာများ ရောင်းအားကျဆင်းလာက စောင်ရေလျှော့ချထုတ်ဝေခြင်း၊ အယ်ဒီတာနှင့်သတင်း ထောက်ဦးရေများ လျှော့ချခြင်း စသည့်နည်းလမ်းများဖြင့် ကျားကန်ထားကြရာမှသည် အချို့သောသတင်းစာကြီးများမှာ ထုတ်ဝေမှု လုံးဝရပ်ဆိုင်းသည်အထိ ဖြစ်ကုန်ကြသည်။ မြန်မာနိုင်ငံတွင်လည်း ပုဂ္ဂလိက သတင်းစာများ စတင်ထုတ်ဝေခွင့်ရသည့်အချိန်မှစတင်၍ စာစောင် ၄၆ စောင်ကို ခွင့်ပြုပေးခဲ့ပြီး လက်ရှိတွင် ပုဂ္ဂလိက သတင်းစာ ၇ စောင်အပါအဝင် လည်ပတ်နေသည့် စာစောင် ၂၆ စောင်သာ ရှိတော့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီလတွင် ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ပုဂ္ဂလိကသတင်းစာများ ရပ်တည်ရန်ခက်ခဲလာပြီး စိုးရိမ်စရာကောင်းသည့်အခြေအနေတွင် “ယိုင်နဲ့နေသော ပုဂ္ဂလိက ပုံနှိပ်မီဒီယာ” ဟူသော ခေါင်းစဉ်ဖြင့် စကားဝိုင်းတစ်ခုကို UMFCCI တွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် လက်ရှိထုတ်ဝေနေသော ပုဂ္ဂလိကသတင်းစာများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြရာ သုံးသပ်ချက်များအနေဖြင့် အစိုးရက သတင်းစာတစ်စောင်ကို ကျပ် ၅၀ ဖြင့် ဖြန့်ချိနေပြီး လက်ဝါးကြီးအုပ်နေသည့်အချက်၊ မီဒီယာသမားများကိုယ်တိုင် စွမ်းဆောင်ရည်နှင့် အရည်အချင်းလိုအပ်ပြီး ခေတ်နှင့်လျော်ညီသော ပြည်သူလူထု သိချင်သည့် အချက်အလက်များ ရှေ့ကဆောင်ခေါ်သွားနိုင်ရန် လိုအပ်သည့်အချက်၊ အစိုးရ၏မူဝါဒအပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လွှတ်တော်တွင်းရှိနေသူများ၏ မီဒီယာအပေါ် သဘောထားလိုအပ်သည်ဆိုသည့်အချက် စသည်တို့ကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ပုံနှိပ်မီဒီယာများ ဆက်လက်ရှင်သန်ရန်အတွက် အခွန်ကိစ္စလျှော့ပေါ့ရန်၊ ကုန်သွယ်ခွန်လျှော့ချပေးရန်၊ စက္ကူတင်သွင်းနေသည့် ဆိပ်ကမ်းခွန်၊ ပုံနှိပ်စက်အခွန် စသည်တို့ကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ အဆင့်လိုက် ပြုပြင်ပြောင်းလဲရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ထိုသို့ဖြစ်လာရန်အတွက် မီဒီယာနှင့် အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လွှတ်တော်တို့ လေးပွင့်ဆိုင်ဆွေးနွေးရန် လိုအပ်ကြောင်း ဆွေးနွေးသုံးသပ်ကြပါသည်။

အစိုးရကို ဆွဲမချမည့်မီဒီယာ

အထက်ဖော်ပြပါ သုံးသပ်ချက်များအနက် အစိုးရအပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်အနေနှင့် မီဒီယာများအပေါ်သဘောထားမှာ အထူးအရေးကြီးကြောင်း ပြောလိုပါသည်။ အမှန်တကယ်တော့ ပုဂ္ဂလိကသတင်းစာများသည် နိုင်ငံတော်တည်ဆောက်ရေးနှင့် ပြည်သူတို့၏လူနေမှုဘဝမြင့်မားရေးအတွက် လိုအပ်သောအကြံဉာဏ်များပေးခြင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးအဖွဲ့တို့၏ အဖွဲ့လိုက်နှင့် တစ်ဦးချင်း၏ အားနည်းချက်များကို ထောက်ပြခြင်း၊ ဝေဖန်ခြင်းတို့ကို ပြုလုပ်နေသူများဖြစ်ပါသည်။ ထိုကဲ့သို့ထောက်ပြဝေဖန်သည်တို့ကို မိမိတို့အား သိက္ခာချသည်၊ အသရေဖျက်သည်ဟု ထင်မြင်ယူဆနေပါက အမှားကြီးမှားကြမည်ဖြစ်ပါသည်။

ဤဆောင်းပါးအစပိုင်းတွင် ရေးသားခဲ့သည့်အတိုင်း နိုင်ငံပိုင်သတင်းစာများ၏ ချီးကျူးခြင်း၊ အမွှမ်းတင်ခြင်း စသည်တို့အပေါ်၌ သာယာနေမည်ဆိုပါက ထိုအစိုးရတို့၏ သွားရာလမ်းကြောင်းအတိုင်းပင် လိုက်ပါသွားဖို့ရာသာ ရှိပါသည်။ ပုဂ္ဂလိကသတင်းစာဆိုသည်ကား အစိုးရတစ်ရပ်ကို ပြုတ်ကျအောင်ဆွဲချမည်မဟုတ်ဘဲ အစိုးရတစ်ရပ် တည်တံ့အောင်၊ ရေရှည်ရပ်တည်နိုင်အောင် ကောင်းသောအကြံဉာဏ်များ၊ ဝေဖန်အကြံပြုချက်များ ပြုလုပ်ပေးနေမည်သာဖြစ်ပါသည်။

ယနေ့ပုဂ္ဂလိကသတင်းစာများတွင် ဝေဖန်ရေး၊ သုံးသပ်ရေး စသည့်အကြံပြုချက်များကို ရေးသားနေသူများသည် စီးပွားရေးပညာရှင်များ၊ ဥပဒေပညာရှင်များ၊ အုပ်ချုပ်ရေးပညာရှင်များ၊ တရားစီရင်ရေးဆိုင်ရာ ပညာရှင်များအပြင် ပညာရေး၊ ကျန်းမာရေး စသည့်နယ်ပယ်အသီးသီးမှ အတွေ့အကြုံရှိသူ အများအပြားပါဝင်ကြသည်ဖြစ်ရာ အသိပညာ၊ အတတ်ပညာရွှေအိုးကြီးနှင့် အလားသဏ္ဌာန်တူသည်ဖြစ်၍ ထိုရွှေအိုးကြီး တည်တံ့ခိုင်မြဲရန်၊ တစ်နည်းအားဖြင့် ပုံနှိပ်မီဒီယာလောက ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ရေရှည်တည်တံ့ရန် ပြုစုပျိုးထောင်ပေးခြင်းသည် အစိုးရတစ်ရပ်အနေဖြင့် မိမိကိုယ်ကို ပြုစုပျိုးထောင်ပေးခြင်းပင်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုပါလျှင် မီဒီယာများ ရေရှည်ရပ်တည်ရှင်သန်ရေးအတွက် မီဒီယာသမားများ ကိုယ်တိုင်က ခေတ်နှင့်အညီလိုက်ပါနိုင်ရန် ကြိုးစားအားထုတ်ဖို့လိုအပ်မည်ဖြစ်သကဲ့သို့ အစိုးရကလည်း မိမိကို အားမနာတမ်း ဝေဖန်ထောက်ပြရေးသားမည့် မိတ်ကောင်းဆွေကောင်းကို ချီးမြှင့်မြှောက်စားရမည်ဖြစ်ပါသည်။ ထို့ထက် ပိုမိုအရေးကြီးသည်ကား မိမိတို့ ရေးသားထုတ်ဝေဖြန့်ချိမည့် သတင်းစာများကို ဖတ်ရှုမည့် စာဖတ်သူပြည်သူများပင် ဖြစ်ပါသည်။ စာဖတ်သူပြည်သူများကလည်း မြန်ဆန်သော လူမှုမီဒီယာများကို ဖတ်ရှုကြသည့်နည်းတူ တိကျသော၊ တာဝန်ယူမှုရှိသော၊ ဗဟုသုတ၊ အသိပညာပေးနှင့် ဝေဖန်သုံးသပ်ရေးဆောင်းပါးများ ပါဝင်သော ပုံနှိပ်မီဒီယာများကို အားပေးဖတ်ရှုကြခြင်းဖြင့် မိမိတို့၏ သတင်းသိရှိမှု၊ အသိပညာဗဟုသုတစွမ်းရည်တို့ကို မြှင့်ကြရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။

သိန်းထက်အောင်