News

POST TYPE

PERSPECTIVE

တရုတ်ငွေဈေးကြောင့် ဆိုင်ကယ်ဈေးတက်
21-Aug-2018
မန္တလေး၊ ဩဂုတ် ၂၀

မန္တလေးဆိုင်ကယ်ဈေးကွက်အတွင်း တရုတ်ငွေဈေးအပြောင်းအလဲကြောင့် တရုတ်ဆိုင်ကယ် (အသစ်) တစ်စီးလျှင် ကျပ် ၂၀,၀၀၀ ခန့် ဈေးတက်လာကြောင်း ဆိုင်ကယ်ဝယ်ရောင်း လုပ်ကိုင်သူအချို့ထံမှသိရသည်။

လက်ရှိတွင် အရောင်းဆိုင်အချို့အနေနှင့် ယခင်ဝယ်ယူထားသောဆိုင်ကယ်များ ကျန်ရှိနေသေး၍ ဈေးနှုန်းထိန်းသည့်အနေနှင့် တရုတ်ငွေ ဈေးအပြောင်းအလဲကိုကြည့်၍ ရောင်းချနေရကြောင်း ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်သူ ဦးခင်မောင်ချိုက ပြောကြားသည။် 

“ဈေးကတော့ တက်နေတယ်။ လက်ရှိအနေအထားက တစ်နိုင်တစ်ပိုင်လုပ်တဲ့ဆိုင်တွေ ရပ်တည်ဖို့ခဲယဉ်းလာတယ်”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးဈေးကွက်တွင် ဆိုင်ကယ်အရောင်းအဝယ်သည် ပြီးခဲ့သည့်လများနှင့် နှိုင်းယှဉ်ပါက အရောင်းအဝယ်ကျဆင်းခဲ့သည်ဟု ဦးခင်မောင်ချိုက ရှင်းပြသည်။

တရုတ်နိုင်ငံတွင်လည်း ဆိုင်ကယ်ဈေးနှုန်းများမြင့်တက်နေပြီး ယွမ်ငွေဈေး တက်လာသည့်အပြင် နယ်စပ်သွင်းကုန်လိုင်စင် ဈေးနှုန်းများလည်း မြင့်တက်ခဲ့သည်ဟု တရုတ်ဆိုင်ကယ်များ ဝယ်ယူရောင်းချပေးနေသူ ကုန်သည်တစ်ဦးက ပြောကြားသည်။ 

“တရုတ်ငွေဈေးပေါ် မူတည်ပြီးသွားရတာ။ ငွေဈေးက အရမ်းလှုပ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

ငွေကြေးလဲလှယ်မှုဈေးနှုန်းများအရ ဩဂုတ်လဆန်းပိုင်းက တရုတ်ငွေ တစ်ယွမ်လျှင် မြန်မာငွေ ၂၁၀ ကျပ်ခန့်သာ ပေါက်ဈေးရှိခဲ့ပြီး လက်ရှိတွင် တစ်ယွမ်လျှင် ၂၁၅ ဒသမ ၄၇ ကျပ် ဈေးရှိနေကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

လတ်တလော မန္တလေးဆိုင်ကယ်ဈေးကွက်တွင် မော်ဒယ်လ်မြင့်၊ နံပါတ်အမြင့် ဆိုင်ကယ်တစ်စီး၏ နှုန်းထားများမှာ Kenda (Czi) ၅၈၀,၀၀၀ ကျပ်၊ Luojia (Kenda) ၇၅၀,၀၀၀ ကျပ်၊ ၁၂၅ (ဖင်ထောင်) ၇၆၀,၀၀၀ ကျပ်၊ MsX ၈၈၀,၀၀၀ ကျပ်နှင့် Cyclone ၁,၀၄၀,၀၀၀ ကျပ် ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရသည်။  

M-08


  • VIA