News

POST TYPE

PERSPECTIVE

တက္ကသိုလ်ဝင်တန်းအောင် အကျဉ်းကျကျောင်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
18-Aug-2018

မန္တလေး၊ ဩဂုတ် ၁၈

မန္တလေးဗဟိုအကျဉ်းထောင်နှင့် အင်းစိန်ထောင်တို့မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် အကျဉ်းသားများအနက် ပြစ်ဒဏ်ကျခံရန် တစ်နှစ်ဝန်းကျင်ကျန်ရှိသည့် ကျောင်းသားငါးဦးကို ဩဂုတ်လ ၁၈ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း အဆိုပါအကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပြောကြားသည်။

ယင်းငါးဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့်အပြင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် အကျဉ်းသားများကိုလည်း ပြစ်ဒဏ်လျှော့ချပေးခဲ့ကြောင်း အိုးဘိုအကျဉ်းထောင်မှ ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ပြောဆိုသည်။

“သူတို့ကို အခမ်းအနားလေးနဲ့ လုပ်ပေးခဲ့ပါတယ်။ ပြစ်ဒဏ်ကျခံဖို့ တစ်နှစ်ဝန်းကျင်လောက်ပဲ ကျန်တော့တဲ့ ကလေးတွေကို လွှတ်ပေးလိုက်ပါတယ်”ဟု ၎င်းကပြောဆိုသည်။

မန္တလေး ဗဟိုအကျဉ်းထောင်အတွင်း ကျင်းပခဲ့သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အကျဉ်းသား ၅၅ ဦး စာမေးပွဲဖြေဆိုခဲ့ရာ သုံးဘာသာ ဂုဏ်ထူးရှင်လေးဦး အပါအဝင် ၂၇ ဦး အောင်မြင်ခဲ့ပြီး အင်းစိန်ထောင်မှ အကျဉ်းသား ၁၉ ဦး အောင်မြင်ခဲ့သည်။

ယင်းတို့အနက်မှ ကျောင်းသား သုံးဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ၁၈ ဦးကိုလည်း ၎င်းတို့ကျခံရမည့်ပြစ်ဒဏ်များကို လျှော့ချပေးခဲ့ကြောင်း အိုးဘိုအကျဉ်းထောင် တာဝန်ရှိသူများက ပြောဆိုသည်။

M-04, J-17