News

POST TYPE

PERSPECTIVE

ဒေါ်လာဈေးမြင့်တက်မှုများအကြား နိုင်ငံ့စီးပွားရေး ဦးမော့လာပါဦးမလား
18-Aug-2018 tagged as ဒေါ်လာဈေး

ယခု ရက်ပိုင်းတွင် ဒေါ်လာဈေးမှာ ၁၅၀၀ အထက် ရောက်သွားခဲ့သည်။ ထိုအချိန်နှင့်တိုက်ဆိုင်စွာပင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုများအတွက် လက်ရှိအခြေအနေတွင် အစိုးရအနေနှင့် စီးပွားရေးအရ ဦးဆောင်မှု အားနည်းနေပြီး ကျဆင်းနေသည့် စီးပွားရေးအခြေအနေအရ အစိုးရက အရေးပေါ် ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း ပြင်ပတွင် ပြောဆိုသံများကြားနေရသည်။ ယခုရက်ပိုင်းကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်လည်း ဌာနဆိုင်ရာများ၏ ဘတ်ဂျက်သုံးစွဲမှု၊ စီမံကိန်းများကို အကောင်အထည်ဖော်မှုများတွင် ကြန့်ကြာမှုကြောင့် လေလွင့်ဆုံးရှုံးရမှုနှင့် နည်းလမ်းမကျမှုများကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ နှောင့်နှေးနေရမှုများအပေါ် ကျယ်ကျယ်လောင်လောင် ထောက်ပြနေသံ ကြားရပြန်သည်။ ပြောင်းလဲချိန်တန်ပြီဟူသည် ဆောင်ပုဒ်နှင့်အညီ ပြောင်းလဲချင်နေကြသည့် ပြည်သူလူထု၏ မဲပေးထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့ပြီး အစိုးရတစ်ရပ် ဖွဲ့စည်းခွင့်ရရှိခဲ့သည်မှာ ယခုဆိုလျှင် သက်တမ်းတစ်ဝက်ကျိုးကာ နှစ်နှစ်ခွဲတာကာလအတွင်းသို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သို့သော် နိုင်ငံ့စီးပွားရေး တိုးတက်မှုအခြေအနေနှင့် ဌာနဆိုင်ရာများအလိုက် ဆောင်ရွက်ကြသည့် စီမံကိန်း၊ ဘတ်ဂျက်ခွဲဝေသုံးစွဲနေကြသည့် ကိစ္စများမှာမူ တစ်စုံတစ်ရာပြောင်းလဲတိုးတက်မှု မရှိသေးချေ။ အမှန်ဆိုလျှင် အစိုးရတစ်ရပ်၏ သက်တမ်းကို ၅ နှစ်ဟုသတ်မှတ်ထားသဖြင့် ထိုကာလအတွင်း အစိုးရတစ်ရပ်၏ ဆောင်ရွက်ချက်ကောင်းလျှင် ကောင်းသလောက် လူထုထောက်ခံမှုကို ရရှိလေ့ရှိတတ်ပြီး မကောင်းလျှင်မကောင်းသည့် အားလျော်စွာ လူထုထောက်ခံမှု ကျဆင်းတတ်သည့် ဓမ္မတာရှိသည်။ အစိုးရတစ်ရပ် ချမှတ်ဆောင်ရွက်လေ့ရှိသည့် နိုင်ငံရေးနှင့် စီးပွားရေးမူဝါဒများ အံချော်လွဲမှားလျှင် နိုင်ငံရေးအုံကြွမှုများဖြစ်ပေါ်လာခြင်း၊ စီးပွားရေး ကျဆင်းမှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းများကြောင့် ပြည်သူလူထုက အစိုးရအပေါ် အကောင်းမမြင်တော့ဘဲ ၎င်းတို့ဖြစ်ချင်သည့် အချက်များကို ဆန္ဒပြတောင်းဆိုလေ့ရှိခြင်းများ ဖြစ်ပေါ်တတ်သည်။ ထိုအခါ အစိုးရသက်တမ်းမကုန်ဆုံးမီ ဆင်းပေးကြရလေ့ရှိပြီး နောက်တစ်ဖန် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပလျက် အစိုးရအသစ်တစ်ရပ်ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ကြသည့် သာဓကများ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်လေ့ဖြစ်ထရှိကြသည်။

ထို့ကြောင့် အစိုးရတိုင်းသည် ၎င်းတို့ နိုင်ငံ့တာဝန်ယူသည့် အချိန်တွင် နိုင်ငံရေးနှင့်အတူ နိုင်ငံ့စီးပွားရေးကိုလည်းကောင်းအောင်၊ တိုးတက်အောင်၊ ပြည်သူများဝမ်းဝခါးလှပြီး တစ်နေ့တာဝင်ငွေများ ထိုက်တန်စွာရလျက် လူမှုစီးပွားရေးဘဝများ လှပအောင် မိမိတို့အစိုးရအဖွဲ့က ဦးဆောင်ပြီး ဆောင်ကြဉ်းပေးရမည်။ ပညာရေးအခြေအနေများ မြှင့်တင်လျက် ကျန်းမာရေးစောင့်ရှောက်မှုများ ကောင်းမွန်ပြီး ပြည်သူများဉာဏ်ရည် ဥာဏ်သွေးထက်မြက်လျက် လူ့သက်တမ်းစေ့နေနိုင်ရန် ဖော်ဆောင်ပေးရမည်ဖြစ်ရာ မိမိတို့နိုင်ငံ၏အစိုးရများအနေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုများနှင့်ပတ်သက်လာလျှင် အခြားနိုင်ငံများကို ရှည်ရှည်ဝေးဝေး လှမ်းမျှော်တွေးကြည့်စရာမလိုဘဲ ခြံစည်းရိုးကပ်လျက် အိမ်နီးချင်းနိုင်ငံကြီးများဖြစ်သည့် ကမ္ဘာ့စီးပွားရေးတွင် ဒုတိယအင်အားကြီး နိုင်ငံအဖြစ် ရပ်တည်နေနိုင်သည့် တရုတ်နိုင်ငံနှင့် စက်မှုနည်းပညာ အတော်အသင့်ဖြင့်ရပ်တည်နေသည့် အိန္ဒိယနိုင်ငံတို့၏ နည်းနိဿယများကိုပင် အတုယူ၍ရနိုင်သည်။ မိမိတို့ချမှတ်ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ မူဝါဒများနှင့်ပတ်သက်လျှင် ထွေထွေထူးထူးပင် စဉ်းစားစရာလိုမည်မထင်။ ထိုအောင်မြင်ဖြစ်ထွန်းနေသည့် နိုင်ငံကြီးများ၏နည်းများကိုပင်ယူကာ မိမိနိုင်ငံ၏ မြေ၊ ရေ၊ တောတောင်သဘာဝနှင့် ကိုက်ညီအောင် အနည်းငယ်မျှပြင်ဆင်ဖြည့်စွက်လိုက်လျှင်ပင် ရနိုင်သည်။ ဤအချက်မှာ အလွတ်မဲ့ စိတ်ထင်တိုင်းပြောဆိုလိုက်သည်ဟုလည်း မထင်စေချင်၊ သာဓကများစွာရှိသည်။ ယနေ့အာရှတွင် စီးပွားရေးအရ အောင်မြင်ကျော်ကြားနေသည့် ဂျပန်နိုင်ငံဆိုလျှင် ၎င်းတို့နိုင်ငံစီးပွားရေးတိုးတက်ရေးအတွက် အင်္ဂလန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ စီးပွားရေးမူဝါဒများ (Economic Policy)၊ စီးပွားရေးနှင့်ပတ်သက်သော ကျင့်သုံးသည့်ဥပဒေများ (Business Law)၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သောဥပဒေများ (Foreign Investment Law)၊ ဘတ်ဂျက်ဥပဒေများ (Budget Law)၊ နိုင်ငံအတွင်း တည်ဆောက်အကောင်အထည်ဖော်နေသည့် စီမံကိန်းကြီးများနှင့် ပတ်သက်သည့် အမျိုးသားစီမံကိန်းဥပဒေများ (National Planning Law)၊ အခွန်အခကောက်ခံခြင်းနှင့် သက်ဆိုင်သည့် (Taxation Law) များကို အဓိက နမူနာယူကြသည်။ ပုံတူကူးချသည်။ နောက်တစ်ဖန် အထက်က ဆိုခဲ့သည့်အတိုင်း မိမိတို့နိုင်ငံနှင့်သင့်တော်သည့် အချက်များကို အနည်းငယ်ဖြည့်စွက်ကြသည်။ ထိုအတိုင်းပင် ပြဋ္ဌာန်းသည်။ သို့ဖြင့် အဆိုပါ အမေရိကန်၊ အင်္ဂလန်နိုင်ငံများနည်းတူ စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာသည်။ ထုတ်လုပ်သည့်ပစ္စည်းများ အရည်အသွေးမီလာသည်။ ထုတ်ကုန်များတိုးမြှင့်လာကြပြီး ဈေးကွက်ကျယ်ပြန့်လာသည်။ ဤနည်းဖြင့်ပင် သူ့နိုင်ငံသည်လည်း သူများနိုင်ငံနည်းတူ စီးပွားရေးကောင်းလာသည်။ ဖွံ့ဖြိုးတိုးတက်လာသည်။ အဆိုပါနည်းစနစ်သည်ပင် ထွေထွေထူးထူး စဉ်းစားစရာမလို လောက်အောင်ပင် ရိုးစင်းလွယ်ကူလှသည်။

ထိုနည်းကိုပင် ယနေ့လက်ရှိအာရှတွင် စီးပွားရေးအထူးကောင်းမွန်လာသည့် တောင်ကိုရီးယားနိုင်ငံက သင်ခန်းစာယူပြီး ဆက်လုပ်သည်။ ဂျပန်နိုင်ငံမှကျင့်သုံးသည့် စီးပွားရေးမူဝါဒများကို အတုယူသည်။ စီးပွားရေးဆိုင်ရာဥပဒေများ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဥပဒေများကို အတုယူသည်။ ပုံတူကူးချသည်။ ပြန်လည်ဖြည့်စွက်သည်။ ၎င်းအတိုင်း ကျင့်သုံးသည်။ ဤသို့ဖြင့် ယနေ့လက်ရှိအချိန်အခါတွင် ဂျပန်နိုင်ငံထက် သာလွန်ကျော်တက်ကာ စက်မှုနည်းပညာကောင်းမွန်လာသည်။ တယ်လီဖုန်းနှင့် ရုပ်မြင်သံကြားစက်များလောကတွင် ဂျပန်ထက်ပင် အရည်အသွေးကောင်းမွန်ပြီး ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်လျက် ဂျပန်ကိုပင်ကျော်လွှားသွားနိုင်ခဲ့လေသည်။ ဤအကြောင်းကိုပင် ၎င်းတို့က မကွယ်မဝှက် မသိုသိပ်ဘဲ ပွင့်လင်းစွာပင် ဝန်ခံပြောကြားကာ ၎င်းတို့၏ ဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ယူဝမ်းမြောက်နေကြသည်ကိုလည်း မျက်မြင်ဒိဋ္ဌ မြင်ခဲ့ရဖူးသည်။

အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယနိုင်ငံကြီးတို့သည်လည်း အလားတူစွာပင် ဖြစ်ခဲ့ကြသည့်သာဓကရှိသည်။ ကွန်မြူနစ်စနစ်ကျင့်သုံးသည့် တရုတ်နိုင်ငံဆိုလျှင် ယခင်က နိုင်ငံ့ခေါင်းဆောင် မော်စီတုန်းလက်ထက်တွင် စီးပွားရေးမူဝါဒများ ချွတ်ချော်လျက် ပြည်သူများအငတ်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။ သည့်အတွက်ပင် နောက်ပိုင်း တိန့်ရှောင်ဖိန်လက်ထက်တွင် အမေရိကန်နှင့် အခြားစီးပွားရေးကောင်းမွန်သည့် အနောက်ဥရောပ ဒီမိုကရေစီနိုင်ငံများမှ ကျင့်သုံးသည့် ဈေးကွက်စီးပွားရေးစနစ်ကို ပီပီပြင်ပြင် အတုယူကျင့်သုံးခဲ့သဖြင့် ယနေ့တွင် ဤအခြေအနေဖြစ်လာသည်။ ကျင့်သုံးသည့် နိုင်ငံရေးစနစ်မှာ ကွန်မြူနစ်စနစ်၊ ကြိုးနီစနစ်ဖြစ်သော်လည်း စီးပွားရေးစနစ်ကို အရင်းရှင်စနစ် ပြောင်းလဲကျင့်သုံးလိုက်ရသဖြင့် တိန့်ရှောင်ဖိန်၏အထက်တွင် ဖော်ပြခဲ့သည့်အစိုးရတစ်ရပ်ကို ကြောင်နှင့် ခိုင်းနှိုင်းသည့်စကား ထွက်ပေါ်လာရခြင်းဖြစ်သည်။ ၎င်းတို့နိုင်ငံ၏ အနောက်ပိုင်း ပြည်နယ်ဖြစ်သည့် ယူနန်ပြည်နယ်သည် ကုန်းတွင်းပိတ်ဒေသဖြစ်ပြီး စပါး ဆန်ရေရှားပါးလျက် လျှပ်စစ်မီးလည်း အလုံအလောက်မရရှိသည့်အခါ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် ၎င်းတို့နိုင်ငံ့အရှေ့ပိုင်း ပင်လယ်ကမ်းစပ်ဒေသများထက် များစွာနောက်ကျသည်။ လာအိုနိုင်ငံနှင့် မြေအနေအထားတူသည်။ ထို့ကြောင့်ပင် နိုင်ငံ့စီးပွားရေးကို တိုးတက်အောင် လုပ်ဆောင်ရန်အတွက် မူဝါဒချမှတ်သည့်အခါ ဒေသများခွဲလျက် အပိုင်းလိုက်စလုပ်ခဲ့သည်။ ထိုသို့လုပ်ခဲ့သည့်အထဲတွင် ကုန်းတွင်းပိတ် ယူနန်ပြည်နယ်သည် ကာလရှည်ကြာစီမံကိန်းဖြင့်ပင် ဆောင်ရွက်ခဲ့ကြရပြီး လျှပ်စစ်မီးအတွက် မိမိတို့နိုင်ငံမြောက်ဖျားမှ မြစ်ဆုံဒေသကို မျက်စိကျရွေးချယ်ခဲ့ကြသည်။ တစ်ဖန် စက်မှုလုပ်ငန်းများ၏ အဓိကလောင်စာအတွက် သဘာဝဓာတ် ငွေ့နှင့်ရေနံကို အရှေ့အလယ်ပိုင်းဒေသ အာရပ်ကမ္ဘာမှ အိန္ဒိယသမုဒ္ဒရာကိုဖြတ်သယ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းမှတစ်ဆင့် ၎င်းတို့ကုန်းတွင်း ပိတ်ဒေသ ကူမင်းသို့ ရွှေပရောဂျက်အမည်ဖြင့် လမ်းဖောက်ကာ ကဲ့ယူခဲ့သည်။ ၎င်းတို့ကုန်းတွင်းပိတ်ဒေသအတွက် လိုအပ်သည့်သစ်ဝါးများကို မိမိတို့နိုင်ငံသားများဖြင့်ပင်ပေါင်းလျက် အကြိမ်ကြိမ်သူခိုးဈေးဖြင့် ကြိတ်ယူခဲ့သည်။ ဤနည်းဖြင့် ၎င်းတို့၏ ကုန်းတွင်းပိတ်ဒေသအား စက်မှုလုပ်ငန်းများဖွံ့ဖြိုးစေလျက် မီးရောင်များထိန်ထိန်ညီးပြီး ထုတ်ကုန်မှန်သမျှကို မြန်မာပြည်နှင့် လာအိုနိုင်ငံအတွင်း ပို့ဆောင်စေခြင်းဖြင့် စီးပွားရေးပေါ်လစီခန့်ခွဲမှုကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။ ၎င်းတို့နိုင်ငံ စီးပွားရေး တိုးတက်ကောင်းမွန်ရေးအတွက် Two Ocean Policy ကို ချမှတ်ပြီး တောင်တရုတ်ပင်လယ်မှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကိုဝိုင်းပတ် ကျော်ဖြတ်ကာ အာရပ်ကမ္ဘာနှင့် ဥရောပဈေးကွက်ကိုပင် လှမ်းပြီးထိန်း ချုပ်နိုင်သည်အထိ ခြေလှမ်းအလွန်ကျဲခဲ့ကြသည်။ မြစ်ဆုံဒေသမှ လျှပ်စစ်မီးအတွက် အခက်အခဲရှိလာသည့်အခါ ရေသဘာဝအရင်းအမြစ်ပေါများ ကြွယ်ဝသည့် လာအိုနိုင်ငံဘက်လှည့်ကာ ရေကာတာကြီးများစီမံကိန်းကို ငွေကြေးမြောက်မြားစွာ အကူအညီပေးလျက် တည်ဆောက်စေသည်။ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ကာ အချိန်တိုအတွင်း ဆောင်ရွက်ကြသဖြင့် ယနေ့အချိန်တွင် မြစ်ဆုံကိုပင် မမက်မောတော့ဘဲ လာအိုမှပင် လျှပ်စစ်မီးများထုတ်လုပ်ရရှိလျက် လာအိုမှတစ်ဆင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူဟူသည့် အရှေ့တောင်အာရှ ကျည်ဆန်ရထားပတ်လမ်းစီမံကိန်းကိုပင် ၎င်းတို့ စတင်နေကြပြီဖြစ်သည်။ ထိုမှတစ်ဆင့်တက်လျက် တောင်တရုတ်ပင်လယ်မှ ထိုင်းပင်လယ်ကွေ့ကိုဖြတ်ကာ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်သာနီဒေသမှ တူးမြောင်းဖြတ်ဖောက်ပြီး ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကိုဖြတ်မည်။ ၎င်းနောက် အာဖရိကတိုက်နှင့် ဥရောပကိုဝါးမျိုမည်အထိပင် ခြေလှမ်းပြင်ထားသည့် သတင်းများလည်း ဖတ်ခဲ့ရသည်။

နောက် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံအကြောင်း ဆက်ပြောရလျှင် ထိုနိုင်ငံသည်လည်း အလားတူစွာပင် ၁၉၉၀ ခုနှစ်ပိုင်းတွင် စီးပွားရေးအထူးကျဆင်းသည်။ ပြည်သူသန်း ၂၀၀ ကျော် အငတ်ဘေးနှင့် ရင်ဆိုင်ကြရသည်ဆိုသည်။ သို့သော် နိုင်ငံ့ခေါင်းဆောင် ဒေါက်တာမန်မိုဟန်ဆင်း တက်လာသည့်နောက်ပိုင်းတွင် စီးပွားရေးမူဝါဒကို ပြောင်းလဲလိုက်သည်။ ယခင်ကျင့်သုံးသည့် ပြည်တွင်းဖြစ်ကို အားပေးပါ။ ပြည်တွင်းထုတ်ကုန် နှစ်ဆတိုးမြှင့်ကြ။ ပြည်တွင်းစီးပွားရေးကို မြှင့်တင်ကြဟူသည့် မိမိတို့နိုင်ငံသားများကိုပင် ဦးစားပေးပြီးလုပ်ကိုင်ကြသည့် တံခါးပိတ်စီးပွားရေးဝါဒအစား ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးလိုက်သည့်အခါ ယနေ့အချိန်တွင် စီးပွားရေးတိုးတက်လျက် သန်းပေါင်းများစွာသော ပြည်သူများဘဝကို ပြောင်းလဲစေခဲ့လေသည်။ ထိုနိုင်ငံအနေနှင့်လည်း ယနေ့အချိန်တွင် တရုတ်နိုင်ငံနှင့်ယှဉ်ပြိုင်ကာ ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် အာရှပတ်လမ်း စီမံကိန်းကို စိုင်းပြင်းလာသည်။ ၎င်းတို့အတွက် ရေရှည်ဈေးကွက်မှာ အရှေ့တောင်အာရှဟု သိမြင်လာသည်နှင့်အညီ ၎င်းတို့ထုတ်ကုန်များကို ASEAN Free Trade Area (AFTA) ဇုန်အတွင်း အရှိန်အဟုန်ဖြင့် ထိုးဖောက်ဖြန့်ချိနိုင်ရေး အာရှပတ်လမ်းစီမံကိန်းကို အထူးစိတ်ဝင်စားလာသည်။

သည့်အတွက် အချုပ်အားဖြင့်တင်ပြရလျှင် ယနေ့အာရှတွင် စီးပွားရေးထိပ်သီးနိုင်ငံများဖြစ်သည့် အထက်တွင်ဖော်ပြခဲ့သည့် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနိုင်ငံတို့၏ စီးပွားရေးဆိုင်ရာ မဟာဗျူဟာစီမံချက် ချမှတ်မှုတို့ကို အတုယူကြပြီး ယနေ့အချိန်တွင်ဖြစ်ပေါ်နေသည့် နိုင်ငံ့စီးပွားရေးကျဆင်းမှု၊ တိုးတက်မှု ရှိမရှိတို့ကို အမှန်သုတေသနပြုကြပြီး တိုးတက်အောင် နည်းလမ်းရှာကြံကြရမည်ဖြစ်သည်။ ပြောင်းလဲမှုကို လိုချင်သဖြင့် မဲပေးရွေးချယ်ခဲ့ကြသည့် ပြည်သူများအနေနှင့်လည်း ထိုက်သင့်သည့်အချိန်တစ်ခုအရောက်တွင် ပြောင်းလဲသင့်သည်များကို အစိုးရ တစ်ရပ်အနေနှင့် ပြောင်းလဲအောင် ဆောင်ရွက်ကြရတော့မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပထမအဆင့်အရေးကြီးသည့် စီးပွားရေးပြောင်းလဲမှု မဟာဗျူဟာကိုချမှတ်သည့် နိုင်ငံခေါင်းဆောင် (Policy Maker) များက မှန်မှန်ကန်ကန် ရွေးချယ်ချမှတ်တတ်ရမည်။ ထိုသို့ချမှတ်ရာတွင် အထက်တွင်ဖော်ပြခဲ့သည့် နိုင်ငံများနည်းတူ အခြားနိုင်ငံများမှ စီးပွားရေးဆိုင်ရာ မဟာဗျူဟာများ၊ ဥပဒေများ၊ လုပ်နည်းလုပ်ဟန်များကို သူများနည်းတူ အတုယူရမည်။ ပုံစံတူကူးချရမည်။ ကိုယ့်မင်းကိုယ့်ချင်းဖြင့် တစ်ယူသန် တစ်ဇွတ်ထိုးပြီး အသစ်ထွင်မှုသည် အလုပ်မဖြစ်သည်ကို နားလည်ကြရတော့မည်။ နိုင်ငံ့စီးပွားရေးမူဝါဒမှာလည်း အကျိုးဆက်ကို ပြည်သူတို့ ဆယ်စုနှစ်တစ်စုနီးပါး ခံစားကြရသည်။ ပြင်ဆင်ပြောင်းလဲရန် နှစ်များစွာ ကြာတတ်သည်ကို အထူးသတိချပ်ကြရမည်။ ထိုသို့ပြဋ္ဌာန်းချမှတ်ပေးသည့် မူဝါဒများအပေါ် အကောင်အထည်ပေါ်စေရေးအတွက် ဒုတိယအဆင့်အနေနှင့် အဓိက ကိုင်တွယ်ကျင့်သုံးဖော်ဆောင်ရမည့်ဌာန (Focal Ministry) များရှိ ခေါင်းဆောင်များ (Decision Maker) များက မှန်ကန်မြန်ဆန်သည့် ဆုံးဖြတ်ချက်များ၊ အမိန့်များ ချမှတ်စေခိုင်းကြရမည်။ အောက်ခြေမှ လိုက်ပါဆောင်ရွက်မည့် (Stakeholder) သူများကလည်း အင်တိုက်အားတိုက် တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုသည့်စကားအတိုင်း မဆုတ်မနစ် အားသွန်ခွန်စိုက်ဆောင်ရွက်ကြမှသာ နိုင်ငံ့စီးပွားရေး အညွန်းကိန်းများ (Economic Indicator) များ ထိုးတက်လာနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက လေထဲတွင်တိုက်အိမ်ဆောက်ပြီး ပိုးသာကုန်၍ မောင်ပုံစောင်းမတတ်ပြီ ဆိုသကဲ့သို့သာ ပြည်သူများပေးဆောင်ထားသည့် အခွန်အခများဖြစ်သည့် နိုင်ငံ့ဘဏ္ဍာများကိုသာ ဌာနများက ဘူဖေးစနစ်ဖြင့် ကြိုက်သလိုယူထည့် လုပ်ဆောင်ကြပြီး အချိန်တန်သည့်အခါတွင် အလေအလွင့် အဟောသိကံဖြစ်ကာ အချိန်စက်ဝန်းသာ အဖန်ဖန် လည်ပတ်နေသော်လည်း နိုင်ငံစီးပွားရေးမှာ ဒုံရင်းဒုံရင်းသာဖြစ်လျက် ယခုကဲ့သို့ ဒေါ်လာဈေးမြင့်တက်နေသည့်ကာလတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းကာ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြှင့်မှုများကြောင့် နိုင်ငံတကာစီးပွားရေး ကမောက်ကမ ဖြစ်စဉ်များအကြားတွင် နိုင်ငံ့စီးပွားရေးမှာလည်း ဦးမော့လာမည့်လမ်း မမြင်ပါကြောင်း ရေးသားလိုက်ရပေသည်။ 

အောင်ဇေယျ