POST TYPE
PERSPECTIVE
ခုန်တက်သွားတဲ့ ဒေါ်လာဈေး
16-Aug-2018
ကိုယ်က စီးပွားရေးသမား မဟုတ်ပေမယ့် ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေမိတဲ့အထဲမှာ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတဲ့ကိစ္စလည်းပါတယ်။ ခုရက်ထဲ မြန်မာကျပ်ငွေက စိုးရိမ်စရာကောင်းအောင် တန်ဖိုးတွေ ဆက်တိုက်ကျနေတယ်။ မနက်ပိုင်းက ဒီဈေးဆိုရင် ညနေပိုင်းက ဒီဈေးမဟုတ်တော့ဘူး။ ခဏချင်းမှာ ကျနေတာဟာ စိုးရိမ်စရာကောင်းပေမယ့် လူတချို့ကတော့ မသိလို့ဘဲလား၊ မသိဟန်ဆောင်နေတာလား၊ အမှုမဲ့ အမှတ်မဲ့လားတော့ မသိဘူး။ ဘာမှမဖြစ်သလိုပဲ။ တစ်မြန်နေ့က သတင်းစာတွေမှာတော့ ဗဟိုဘဏ်က ဒေါ်လာငွေတွေ ထုတ်ချေးပေးမယ်လို့ ဖတ်လိုက်ရတယ်။ ပိုပြီးထူးခြားတဲ့ တစ်ချက်က အရင်တုန်းက ဗဟိုဘဏ်ကနေပြီး နှုန်းရှင် Floated လုပ်ထားပေးခဲ့ရာမှာ သတ်မှတ်ဈေးရဲ့ (ဝ ဒသမ ၈) ရာခိုင်နှုန်းအတွင်း ရောင်းဝယ်ဖို့ ခွင့်ပြုထားပေမယ့် အခု အဲဒါကို ပယ်ဖျက်လိုက်ပြီဆိုတဲ့ အမိန့်ညွှန်ကြားချက်တစ်ခုလည်း ထွက်လာတာ တွေ့ရတယ်။ လူပြိန်းအတွေးနဲ့ နားလည်မိတာကတော့ ဗဟိုဘဏ်က ဈေးနှုန်းသတ်မှတ်တာကို လက်လွှတ်လိုက်တဲ့သဘောပဲလို့ ထင်မိတယ်။ ဘောဂဗေဒပညာရှင် တချို့ကတော့ ဒီသဘောမဟုတ်ဘူးလို့ ပြောတာလည်း တွေ့ရတယ်။ (သိပ်တော့ မရှင်းလှဘူး)
ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ဩဂုတ်လ ၁၄ ရက် မြန်မာငွေ ကျပ် ဈေးနှုန်းဟာ မနက်နဲ့ ည ချက်ချင်းကြီး ဈေးကွာသွားတာကတော့ ထိတ်လန့်စရာ ကောင်းတယ်။
-------------------
၁၄-၈-၁၈ နေ့လယ်
ဒေါ်လာဈေး ၁၄၈၀ ကျော်သွားပြီ။
ဒေါ်လာကို ဘယ်ဘဏ်တွေ ဘယ်လို ရောင်းဝယ်နေကြသလဲ
၁၄-၈-၁၈ နေ့လယ် ၂းဝ၀ နာရီ

ဝယ်ဈေး- ၁၄၇၉၊ ရောင်းဈေး- ၁၄၈၃
CB Bank
1476 / 1483
United Amara Bank Ltd.
1460 / 1480
KBZ bank
1460 / 1478
AYA Bank(ဧရာဝတီဘဏ်)
1475 / 1482
Yoma Bank
1474 / 1479
မခင်အေး (ဒေါ်လာ) ဝ၁ ၅၁၂၀၄၁
1475 / 1480
ဗဟိုဘဏ် သတ်မှတ်ချက်- ၁၄၆၀
----------------
ဒါက One News စာမျက်နှာမှာ ဖော်ပြထားတဲ့ ဩဂုတ်လ ၁၄ ရက် မြန်မာကျပ်ငွေ အခြေအနေပါ။ ပြီးခဲ့တဲ့ရက်များက တစ်ဒေါ်လာ ၁၄၄၀ ကျော် ၅၀ အတွင်းရှိနေတဲ့ ဈေးနှုန်းက ဒီတစ်ရက်တည်း ၃၀ ကျော် ၄၀ တက်သွားတော့ ရင်ထိတ်စရာကောင်းလှတယ်။ မြန်မာကျပ်ငွေက အလိုလိုနေရင်း တန်ဖိုးတွေလျော့ကျနေတယ်။ ကျနေတာကတော့ ကြာပါပြီ။ ပြီးခဲ့တဲ့ မေလကုန်လောက်ကတည်းက တရိပ်ရိပ်ကျနေတာ။ အထူးသဖြင့် ဒေါ်နယ်ထရမ့်က တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးကောက်လိုက်ရာကစတဲ့ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ် စကတည်းကပဲ။ ဒီလိုကျတော့ စီးပွားရေးသမားတွေ မျက်ခုံးလှုပ်ကြပေမယ့် တာဝန်ရှိ ပုဂ္ဂိုလ်တချို့ကတော့ မထူးဆန်းသလိုပဲ တုံ့ပြန်တာတွေ့ရတယ်။ “ငွေတန်ဖိုးကျတာ ကိုယ့်တစ်နိုင်ငံတည်းမှ မဟုတ်တာ” “နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေရဲ့ တွက်ချက်မှုအရ မြန်မာ့စီးပွားရေး တိုးတက်နေပါတယ်”ဆိုပြီးတောင် ပြောနေကြသံ ကြားရတယ်။ ကိုယ်တွေကတော့ သာမန် အရပ်သားပြည်သူတစ်ဦးလိုပဲ စဉ်းစားတယ်။ မြန်မာငွေတန်ဖိုးကျရင် နောက်ဆက်တွဲ ကုန်ဈေးနှုန်းတွေ တက်မယ်။ ကုန်ဈေးနှုန်းတက်ရင် ဝင်ငွေ ထွက်ငွေ ကွာဟမှုရှိလာမယ်။ ပြည်သူတွေ ပိုကျပ်တည်းလာမယ်။ ဆင်းရဲတွင်း ပိုနက်လာမယ်။ တိုင်းပြည်စီးပွားရေး အင်ဂျင် နှေးလာရင် ပြည်သူတွေပဲ ဒုက္ခရောက်တော့မယ်လို့ တွေးပြီး စိတ်ပူတယ်။
ပြီးခဲ့တဲ့လအထိ ဒီတက်နေတဲ့ငွေဈေး တစ်ရက်ရက်မှာ ပြန်ရပ်သွားမယ်လို့ လူပြိန်းအတွေးနဲ့ မျှော်လင့်နေမိသေးတယ်။ အံ့အားသင့်စရာ ကောင်းတာက ရပ်မသွားတဲ့အပြင် အရှိန်ကောင်းကောင်းနဲ့ ဆက်တက်ပြီးရင်း တက်နေတာ စိုးရိမ်စရာအနေအထား ရောက်လာပြီ။ ၁၉၈၈ ခုနှစ်တုန်းက အစိုးရရဲ့ ငွေကြေးပေါ်လစီ ရုတ်တရက် အပြောင်းအလဲလုပ်ခဲ့တာ ယန္တရားတစ်ခုလုံး ရပ်သလိုဖြစ်သွားခဲ့တယ်။ အခုအခြေအနေကတော့ အဲဒါမျိုးမဟုတ်ဘူ။ ပြည်သူတစ်ဦးချင်းရဲ့ အိတ်ထောင်ထဲက ငွေတွေ တဖြည်းဖြည်းနဲ့ လုံးပါးပါးလာနေတာ။ ငွေတွေအားလုံး ရုတ်တရက် တန်ဖိုးမဲ့ သွားတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းလျော့ကျပြီး အိတ်ပြားလာတာ။
အစိုးရကလည်း တတ်နိုင်သလောက်တော့ လုပ်တတ်သလို လုပ်နေတာ တွေ့ရတယ်။ ဒီရက်ထဲ ဗဟိုဘဏ်က နှုန်းရှင်သတ်မှတ်ချက် ကွာဟမှုအချိုးကို ပယ်ဖျက်လိုက်တာ၊ ပုဂ္ဂလိကဘဏ်တွေကို ဒေါ်လာထုတ်ချေးတာ၊ ပုဂ္ဂလိက သွင်းကုန် ထုတ်ကုန်လုပ်ငန်းရှင်တွေကို ဒေါ်လာရောင်းပေးတာတွေ လုပ်လာတာတွေ့ရတယ်။ ဒီကြားထဲကပဲ မြန်မာကျပ်ငွေက ဆက်တိုက် တန်ဖိုးကျလာနေတာပါ။ ဘယ်အထိကျမယ်၊ ဘယ်အချိန်မှာ ရပ်မယ်ဆိုတာလည်း မခန့်မှန်းနိုင်ဘူး။ လွှတ်တော် စီးပွားရေးကော်မတီက ဒေါက်တာ ဒေါ်သက်သက်ခိုင်ကတော့ ဒီလိုလုပ်ပေးတာ ဗဟိုဘဏ်က ဘယ်အထိ လုပ်ပေးနိုင်မလဲ။ နိုင်ငံတော်မှာ အရန်ငွေကြေး ဘယ်လောက်ရှိသလဲ။ ဆင့်ပါးစပ် နှမ်းပက်သလိုဖြစ်သွားရင် အလဟဿ ဖြစ်သွားမယ်။ မထိရောက်။ အကျိုးမရှိဖြစ်သွားနိုင်တယ်လို့ ပြောတယ်။ အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးစစ်ဖြစ်တော့ တရုတ်အပါအဝင် အားလုံးထိတာပါပဲ။ ဒါပေမဲ့ တရုတ်က နိုင်ငံခြားအရန်ငွေ (Foreign Reserved Money) ထရီလီယံချီပြီး ရှိတော့ သူ့ငွေ တန်ဖိုးချလိုက်လည်း ဘာမှမဖြစ်ဘူး။ မြန်မာကျတော့ ဝင်ငွေနဲ့ ထွက်ငွေမမျှတဲ့ Trade Deficit နိုင်ငံ။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းက ပစ္စည်းဝယ်သွင်းတာများပြီး ပစ္စည်းပြန်တင်ပို့တာကျတော့ နည်းတယ်။ ဒီနိုင်ငံက ပိုပြီးထိခိုက်တယ်လို့ ဒေါ်သက်သက်ခိုင်က သုံးသပ်တာတွေ့ရတယ်။ ဒါ အမှန်ပဲ။ နောက်ပြီး မြန်မာ့စီးပွားရေးကို ကိန်းဂဏန်းအချက်အလက်နဲ့ အတိအကျ တွက်ချက်လို့ မရဘူးတဲ့။ မြန်မာပြည်စီးပွားရေးမှာ Informal Sector တွေ အကြီးအကျယ်ရှိနေတယ်။ ဆိုလိုတာကတော့ ပွင့်လင်းမြင်သာမှု မရှိတဲ့ စီးပွားရေးကိန်းဂဏန်း အချက်အလက်တွေကို တိတိကျကျ မသိရတော့ ပြောရခက်တယ်။
ခု ဖြစ်နေတဲ့အနေအထားက စီးပွားရေးလုပ်ငန်းရှင်တွေရော၊ ပြည်ပကလာပြီး ရင်းနှီးမြှုပ်နှံကြမယ့်သူတွေအတွက်ပါ စိတ်သက်သာ ပျော်ရွှင်စရာကောင်းတဲ့ စီးပွားရေးပတ်ဝန်းကျင်တစ်ခု ရှိမနေတာဘဲ။ အစိုးရဟာ နိုင်ငံကို ဦးဆောင်သူဖြစ်လို့ စီးပွားရေးမူဝါဒချမှတ်ရာမှာ ပြောင်းလွယ် ပြုလွယ် (Flexibility) ရှိဖို့ လိုနေတယ်လို့လည်း အသံတွေ ကြားကြရတယ်။ ဘာပဲဖြစ်ဖြစ် ခုလို ဒေါ်လာဈေး ရုတ်တရက် ခုန်တက်တာမျိုးက ထိတ်လန့်စရာ ကောင်းပါတယ်။ ဒါဟာ စီးပွားရေးကိစ္စပါ။ စီးပွားရေးဟာ နိုင်ငံရေးနဲ့ တိုက်ရိုက် ပတ်သက်နေတယ်ဆိုတာကတော့ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။
ချစ်ဝင်းမောင် (၁၄-၈-၂၀၁၈)
- VIA
- Voice Admin
- SOURCES
- The Voice
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
15-Feb-2019