News

POST TYPE

PERSPECTIVE

ခေါက်ရိုးကျိုးနေဆဲ ကြိုးနီစနစ်များအကြားက ဗျူရိုကရေစီယန္တရား
13-Aug-2018

“ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် တည်ဆောက်ရေးလုပ်ငန်း ၂၅၈၀ ခု ခွင့်ပြုပေးခဲ့ရာ နှစ်ကုန်ဆုံးချိန်တွင် ၁၀၀ ရာခိုင်နှုန်းပြီးသည့်လုပ်ငန်း ၆၂၂ ခုသာရှိပြီး ထိုလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်မှ အဆောက်အအုံဦးစီးဌာနက ဆောင်ရွက်ခဲ့ကြကြောင်း” ဩဂုတ်လ ၉ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် အစိုးရသက် တမ်း ၂ နှစ်ခွဲကာလရှိလာသည်အထိ ဌာနဆိုင်ရာများအနေနှင့် နိုင်ငံတော်မှ ချမှတ်သည့် မူဝါဒ၊ အမိန့်များအပေါ်အခြေခံပြီး နိုင်ငံ့ဘဏ္ဍာများကို စနစ်တကျကြပ်မတ်ပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် အခြေခံကျသည့်အရာများကို သတ်မှတ်သည့်ဘဏ္ဍာရေးနှစ်အတွင်း အောင်မြင်အောင် အကောင်အထည်မဖော်နိုင်ခဲ့ကြကြောင်း တွေ့ရှိရမည်ဖြစ်သည်။ ထို့အတွက် ထိုစီမံကိန်းများ တည်ဆောက်ကြမည့်ဒေသရှိ ပြည်သူများ နစ်နာကြရပြီး ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲရာတွင်လည်း အခက်အခဲများ ဖြစ်လာရသည်။ ထိုအရာနှင့်ဆက်စပ်၍ ဦးဝင်းမြင့် နိုင်ငံတော်သမ္မတတာဝန် စယူသည့် မတ်လ ၄ ရက်နေ့ကတော့ “ပြုပြင်ပြောင်းလဲမှုနှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်၊ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး စီမံခန့်ခွဲရပါလိမ့်မယ်”ဟု ပြောခဲ့ဖူးသည်။ သို့သော်ငြား ယခုထိတော့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေဆဲ။ နိုင်ငံ့ဘဏ္ဍာတွေလည်း အလေအလွင့်ရှိနေတယ်ဆိုတဲ့ စကားတွေကြားနေရဆဲ။ ဤသို့ဖြင့် လေးလတိုင်ခဲ့ပြီ။ နောက်နှစ်လဆိုလျှင် အစိုးရသက်တမ်းလည်း ခါးလည်ကျိုးလို့ ၂၀၂၀ စလျှင် နောက်တစ်ကြိမ် ရွေးကောက်ပွဲအတွက် စိုင်းပြင်းကြရဦးမည်။ သို့အတွက် သူတို့အလုပ်လုပ်ချိန်ဆိုသည်မှာ ကြားထဲတွင် အလွန်ဆုံးရှိလှ နှစ်နှစ်။ သည်လိုဖြင့်ပင် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးလာသည်မှာ အစိုးရနှစ်ဆက်ပင်ပြောင်းခါနီး၍ ဆယ်စုနှစ်တစ်စုပင် တိုင်ချေတော့မည်။ တိုင်းပြည်ကတော့ ဒုံရင်းဒုံရင်းပင် ကျန်ရှိနေသေးသည်။ ယခုလက်ရှိအခြေအနေများကို ပြန်ကြည့်ပြီး လူထုအကြား အစိုးရအပေါ် သံသယများတိုးနေဆဲပင် ရှိနေဆဲပင် ဖြစ်သည်။

ယခုထိတော့ နိုင်ငံ့စီးပွားရေးလည်း ဦးမမော့၊ အလုပ်အကိုင်လည်းရှား၊ ကုန်ဈေးနှုန်းလည်းကြီး၊ ပညာရေးစနစ်ပြောင်းလဲမှုကလည်း အခုမှ စလုံးရေစကြသည်မို့ အနာဂတ်ကလေးငယ်များအတွက် ရင်လေးနေရသည်ဟု ဆိုသူက ဆိုနေကြပြန်သည်။ ယခုလက်ရှိ နိုင်ငံ့ဘဏ္ဍာရေးကို ဌာနဆိုင်ရာတွေက အလေအလွင့်မရှိအောင် ခွဲဝေသုံးစွဲကြမည့်ကိစ္စကို စောင်းငဲ့ကြည့်သည့်အခါ ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့ကတော့ လွှတ်တော်ကိုတင်ပြထားဆဲ၊ စိစစ်နေကြဆဲပင်ရှိနေသေးသည်ဟု ဆိုသည်။ ထိုသို့ဆိုလျှင် ယခင်လုပ်နေကျ လွှတ်တော်ကလင်ဒါအရဆိုလျှင် ယခုဩဂုတ်လအတွင်း စိစစ်ကြပြီးလျှင်တော့ဖြင့် လာမည့်စက်တင်ဘာလဆန်းဆို သူတို့လွှတ်တော်ကို အစီရင်ခံစာတင်၊ ဆွေးနွေးဆုံးဖြတ်အတည်ပြုကြ၊ သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်လို့ လာမည့်အောက်တိုဘာ ၁ ရက်ဆိုလျှင် ဘဏ္ဍာရေးနှစ် အသစ်စတင်ကြတော့မည်။ အမှန်အတိုင်း ဆန်းစစ်ကြည့်ရလျှင် NLD အစိုးရလက်ထက် နှစ်နှစ်ကျော်ကာလစီမံကိန်း၊ ဘတ်ဂျက်ဥပဒေများ လွှတ်တော်ကို ၄၊ ၅ ကြိမ် တင်သွင်းဆွေးနွေးခဲ့ကြဖူးသည်။

သို့သော် ထိရောက်သည့်ပြောင်းလဲမှုကိုမလုပ်နိုင်။ ယခုရက်ပိုင်းတွင်ပင် ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ (Joint Public Account Committee-JPAC) က အစိုးရဌာနများ၏ တင်ဒါခေါ်ယူမှု၊ ငွေပေးချေမှုနှင့် တာဝန်ခွဲဝေဆောင်ရွက်မှုများတွင် အားနည်းချက်များကို စာမျက်နှာ ၃၆ မျက်နှာခန့်ဖြင့် ဝေဝေဆာဆာ တင်ပြထားသည်။ နောက်တွင်လည်း အပိုင်းနှစ်ပိုင်းရှိနေသေးသည်ဟု ဆိုသည်။ NLD အစိုးရ၏ ပထမဆုံးနှစ်တွင် လွှတ်တော်ကအရှုံးပေါ်ပြီး အကျိုးမရှိနိုင်မည့် စက်မှုစီမံကိန်း ၄၀ နီးပါးကိုဖြတ်တောက်ပစ်ခဲ့ဖူးသည်။ သို့သော် ယခုနှစ်နှစ်သာကြာလာခဲ့သည်။ မထူးခြားနား။ တစ်ခုတော့ အသေအချာ ပြောင်းလဲနိုင်ခဲ့သည်။ ထိုအရာမှာ ဘဏ္ဍာရေးနှစ်ကို ယခင်ဧပြီမှ မတ်လ ၃၁ ထားရှိရာမှနေ ယခုအောက်တိုဘာမှ စက်တင်ဘာ ၃၁ အထိ တစ်မျိုးတစ်ဘာသာပြောင်းလဲခဲ့ခြင်းဖြစ်သည်။ လက်တွေ့တွင်မူ မစရသေး၊ ထိုအတွက် ယခုမှလွှတ်တော်တွင်း ဆွေးနွေးစိစစ်နေဆဲပင်ရှိနေသေးသည်။ ထိုအကြောင်း ပြန်ကောက်ကြည့်ပါက လွန်ခဲ့သည့်လက သမ္မတအိမ်တော်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ပြောကြသည့်စကား ကြားခဲ့ရဖူးသည်။ အစိုးရဌာနများက တင်ပြကြသည့် ဘတ်ဂျက်များမှာ အကျိုးအမြတ်ရနိုင်မည့်စီမံကိန်းများမပါ၊ ကိုယ့်ဌာနများအတွက်သာ တောင်းခံနေကြသည်ဟုဆိုသည်။ တစ်ဖန် အတိုင်ပင်ခံကလည်း စီမံကိန်းများရေးဆွဲနည်းစနစ်ကို ယခင်က Top Down စနစ်မှ ယခု Bottom to Up စနစ်ပြောင်းလဲပြီး မြို့နယ်အဆင့်များမှပင် စတင်ရေးဆွဲလုပ်ဆောင်ပြောင်းလဲနေပြီဟု ပြောသည်။ စီမံကိန်းဘတ်ဂျက်များကို လွှတ်တော်တွင်ဆွေးနွေးရန် အချိန်မရ၍ အချိန်ပေးရမည်ဟုဆိုသည်။ သို့သော် တကယ်ဟုတ်မဟုတ် ယခုအခြေအနေတွင် တကယ်ဖြစ်မဖြစ် အစိုးရခေါင်းဆောင်များ မြေပြင်ကို ကွင်းဆင်းစစ်ဆေးကြဖို့ ကောင်းသည်။

နိုင်ငံ့ဘဏ္ဍာများဖြင့် ဘဏ္ဍာရေးနှစ်အတွင်း သုံးစွဲတည်ဆောက်ဆောင်ရွက်ကြမည့် ကဏ္ဍအလိုက် ဒေသန္တရ ဖွံ့ဖြိုးရေးစီမံကိန်း လမ်း၊ တံတား၊ ကျောင်း၊ ရေကာတာ၊ ဆည်မြောင်း၊ ဆေးရုံဆေးခန်းစသည်တို့ကို ကနဦး မြို့နယ်အဆင့် စီမံကိန်းရုံးဌာနများက ရေးဆွဲကြသည်။ ပြီးလျှင် ခရိုင်သို့ တင်ပြကြကာ ခရိုင်မှတစ်ဆင့် စီမံကိန်းရုံးချုပ်သို့တင်ပြကြသည်ဟု ဆိုသည်။ သို့သော် အခြေခံကျသည့် မြို့နယ်စီမံကိန်းရုံးများအနေနှင့် မည်သည်ကို အခြေခံပြီး ရေးဆွဲကြသည်၊ မည်သို့မည်ပုံ သုတေသနပြု စာရင်းကောက်ခံ၊ ပြည်သူ့ကြားထဲဆင်းပြီး နားထောင်ကာ ရေးဆွဲကြသည်ကိုတော့ဖြင့် အထက်ဌာနများက မစစ်ကြ။ နိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၃၀ ခန့်ရှိသည်။ ပြည်သူ ကြားထဲဝင်ပြီး အမှန်ဖြစ်ထိုက်သည့် လမ်း၊ တံတား၊ ဆေးရုံဆေးခန်းကို ဒေသခံလူထု၊ ကိုယ်စားလှယ်များနှင့် ကွင်းဆင်းစစ်ဆေးကာ ညှိနှိုင်းရေးဆွဲကြသည့် မြို့နယ်က မရှိသလောက်နည်းသည်။ စီမံကိန်းဌာနက ပုံသေနည်းဆန်ဆန် မြို့နယ်တစ်ခုအတွင်း အလှည့်ကျ လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ ဆေးခန်းများကို ရေးဆွဲတင်ကြသည်။

ဤသို့ဖြင့် အချို့နေရာများတွင် မလို၊ ပိုနေသည်။ အချို့နေရာများက အမှန်လိုအပ်သည့်နေရာမဟုတ်။ တွက်ချက်တင်ပြကြသည့်ဈေးနှုန်းများကလည်း အမျိုးမျိုးဖြစ်၍နေသည်။ မလိုသည့်နေရာတွင် ဆောက်ကြသည့်အတွက် နိုင်ငံ့ဘဏ္ဍာများ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးလေလွင့်ရသည်။ အချို့စီမံကိန်းအတော်များများဆိုလျှင် ၎င်းတို့ဘာသာဆွဲပြီး လွှတ်တော်တင်သည်။ ပြည်သူက ဘာမျှမသိရ။ ပို၍ဆိုးသည်မှာ ထိုစီမံကိန်းကို မည်သို့ ဆောင်ရွက်မည်၊ မည်သို့အကျိုးရှိမည်၊ မည်သို့အသုံးပြုမည်၊ မည်မျှကြာမည်ဟုပင်မပါ။ ဤစီမံကိန်းဆောင်ရွက်မည်၊ မည်မျှကုန်မည်ဟုပင် တင်ပြကြသည်ဟု ပြောသံများ ဆူညံစွာကြားရသည်။ ထိုအခါ စီမံကိန်းဆွဲသူ အစိုးရဌာနများဘက်ကလည်း သူတို့က အခြေခံဥပဒေနှင့် အစိုးရအဖွဲ့ ဥပဒေများအရ သူတို့ဘာသာ ရေးဆွဲတင်ကြရမည်ဆို၍ တင်ကြသည်ဟု ဆိုသည်။ ၎င်းတို့စီမံကိန်းများကို လွှတ်တော်သို့ ပေးပို့ကြသည့်အခါတွင်မှ ထိုမြို့နယ်မှ ကိုယ်စားလှယ်များက သိကြရသည်။ 

အချို့တံတားများမှာ ဆောက်ရန်မလိုသည့်နေရာတွင် ဆောက်ထားကြပြီး အမှန်လိုသည့်ကျေးရွာ၊ မြို့နယ်ဒေသများတွင် မရကြဟု ပြောကြသည်။ ထိုသို့ဆိုလျှင် ၎င်းတို့ပြောသည့် စီမံကိန်းများကို Bottom to Up အောက်ခြေမှ ပြည်သူ့အသံနားထောင်ပြီး ပြည်သူ့ကြားထဲ ဝင်ဆွဲကြသည်ဆိုသည်မှာ မည်သည်ကိုဆိုလိုသည်မသိ ဖြစ်ရသည်။ လွှတ်တော်ကလည်း စိစစ်ဆွေးနွေးချိန်ပင် လုံလုံလောက်လောက်မရ၊ ငါးလူးငါးပြန် ကမန်းကတန်း ဆွေးနွေးပြီး အတည်ပြုပေးကြရသည်ဟု ပြောသည်။ မြို့နယ်များမှ ရေးဆွဲပြီး အစိုးရအဖွဲ့ကတင်ပြကြသည့် နှစ်စဉ်စီမံကိန်းများဆိုသည်မှာ တံတားဆောက်မယ်၊ လမ်းဖောက်မယ်၊ ကျောင်း၊ ဆေးရုံဆောက်မယ်ဆိုသည်များသာ များပြီး ပြည်သူများ အလုပ်အကိုင်ရရှိရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ ပြည်တွင်းထုတ်ကုန်တိုးတက်ရေး၊ လျှပ်စစ်မီးပိုမိုတိုးတက်ရရှိအောင် ထုတ်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေးအားပေးသည့် လုပ်ငန်းများကို အစိုးရဘတ်ဂျက်ဖြင့် မတည်ဝိုင်းဝန်းတည်ဆောက်ရေးဆိုသည့် စီးပွားရေးတွက်ခြေကိုက်သည့် စီမံကိန်းများ တစ်ခုမျှပင်မပါဝင်၊ ဤသို့ဆိုလျှင် တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ဝေးစွ၊ လူ့စွမ်းအားအရင်းအမြစ်များပင် ကွယ်ပျောက်သွားနိုင်သည်ဟု ပြောသည့်စကားတစ်ခုကို မှတ်မှတ်ထင်ထင် ကြားမိနေသေးသည်။ ထိုသို့ ပြောလည်းပြောချင်စရာကောင်းသည်။ 

လက်ရှိအစိုးရနှင့် ယခင်အစိုးရတို့ ဆောင်ရွက်နေကြသည့် နိုင်ငံတော်စီမံကိန်း၊ ဒေသန္တရစီမံကိန်းနှင့် ကဏ္ဍအလိုက်စီမံကိန်းတို့ဆိုသည်မှာ မည်သည်ကိုဆိုလိုသည်မသိ။ တည်ဆောက်ရေး ဆောက်လုပ်ရေးလုပ်ငန်းများသာ များသည်။ တောင်သူများကို ချေးငွေများများ ထုတ်ပေးပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ပြည်ပပို့ကုန်များများထွက်အောင် ရင်းနှီးမြှုပ်နှံဖို့၊ အသေးစား စက်မှုလက်မှုလုပ်ငန်းငယ်များကို ထိုက်ထိုက်တန်တန် အတိုးနှုန်းနည်းနည်းနဲ့ ထုတ်ချေးပြီး ရင်းနှီးမြှုပ်နှံဖို့ စီမံကိန်းတွေ တစ်ခုမှမတွေ့။ ပါပြန်တော့လည်း မစို့မပို့။ ဤသို့ဖြင့် နိုင်ငံ့စီးပွားရေးအခြေအနေမှာ ဒုံရင်းဒုံရင်းပင်ရှိနေပြီး နိုင်ငံ့ခေါင်းဆောင်များအနေနှင့် စီးပွားရေးဘက်၊ နိုင်ငံသားများအလုပ်အကိုင်ရရှိရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး ဘက်ခြေဦးမလှည့်တတ်သလိုဖြစ်နေသည်မှာ ပကတိအရှိတရားပင်ဖြစ်နေသည်။ ယခင်ရက်ကမှ အသေးစား စက်မှုလက်မှုလုပ်ငန်းများဆိုင်ရာ အားပေးမြှင့်တင်မည့် အစည်းအဝေးပြုလုပ်နေဆဲရှိနေပြီး တစ်ဖက်ကလည်း လိပ်ခဲတည်းလည်းဖြစ်နေဆဲ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ရန်ပင် ဆွေးနွေးနေဆဲရှိနေသေးသည်။ အလှမ်းကျယ်ပြီး အလယ်လတ်နေသည်ကို မည်သူမျှသတိမမူ။ အရှေ့တောင်အာရှတွင် ကုန်းမြေပိုင်ဆိုင်မှုများပြားပြီး စိုက်ပျိုးမွေးမြူရေးကို ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံပြီး ကိုယ့်နိုင်ငံသားများကို အားပေးစိုက်ထုတ် မြှင့်တင်တင်ပို့ကြရမည့်အစား FDI ဆိုသည့် ပြည်ပက ရင်းနှီးမြှုပ်နှံမှုများကိုသာ မျှော်နေကြသည်။ သို့သော် လျှပ်စစ်မီးက မလောက်ငှ၊ မြေဈေးကကြီး၊ အလုပ်ရှင် အလုပ်သမားပြဿနာကများ၊ ကုမ္ပဏီဥပဒေအသစ်ကလည်း အခုမှပင်အသက်ဝင်ပြီး စတင်မှတ်ပုံတင်နေကြဆဲ။ ဤသို့ဖြစ် အခြားတစ်ဖက်မှာလည်း လာမည့်သူများတွေက ဝေနေဆဲပင်ရှိနေသေးသည်။

ထိုအကြောင်းကို ယခုသမ္မတကြီးလည်း သိချင်သိနေမည်။ သို့သော်လည်း သူပြောသည့် ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာများကို ကြပ်မတ်ရန်၊ နိုင်ငံ့ဘဏ္ဍာငွေများ အလေအလွင့်မရှိရန်ထိန်းမည်ဆိုသည်မှာ မည်သည်ကိုပြောသည်ကိုမသိ။ မည်သည်က စကြပ်မတ်ရမည်ကိုမသိ၍လည်း ဖြစ်တန်ကောင်းသည်။ သမ္မတတာဝန်ယူလာသည်မှာ လေးလပင်ရှိချေတော့မည်။ နိုင်ငံ့ဘဏ္ဍာများနှင့်စပ်လျဉ်းသည့် ဘတ်ဂျက်ခွဲဝေသုံးစွဲမှုစနစ်ကို တစ်စုံတစ်ရာပြောင်းလဲနိုင်မှုမတွေ့ရသေးချေ။ မည်သို့မည်ပုံ စိစစ်၊ လုပ်ဆောင်နေသည်၊ ဌာနဆိုင်ရာများအနေနှင့်လည်း မည်သို့ပြုလုပ်ကြရမည်ဟုလည်း ပြောသံမကြားရ။ မြေပြင်တွင်မူ ၂၀၁၇-၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်က ချပေးထားသည့်အဆောက်အအုံများပင် ယခုထိ အချို့ မပြီးပြတ် မအပ်နိုင်သေးဟု ကြားနေရဆဲရှိနေသေးသည်။ သို့သော် ယခင်လကုန်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရနှင့် တွေ့ဆုံပွဲတွင်တော့ ပြည်သူ့ဘဏ္ဍာချွေတာဖို့ ကားများအသစ်ဝယ်ယူခွင့်မပြုခဲ့ဘဲ ယခင်ကားဟောင်းများကိုသာ ခွဲဝေပေးရန်စီစဉ်ထားသည်ဆိုသည့်စကားကိုတော့ဖြင့် ကြားမိရသေးသည်။ ကျန်သည့်အချက်များကိုတော့ဖြင့် ယခုထိမကြားမိသေးဆဲ။ အမှန်ဆိုလျှင် သမ္မတပြောသလို ဌာနဆိုင်ရာများအနေနှင့် ဘဏ္ဍာရေးနှစ်တိုင်း နှစ်စဉ်တင်ပြကြသည့် သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံးစရိတ်များတွင် ဌာနတစ်ခုချင်းအလိုက် မည်သို့မည်ပုံတွက် ချက်တောင်းခံထားကြသည်၊ ၎င်းတို့ကိုယ်စီကိုယ်ငှ တိုင်းပြည်ဘဏ္ဍာအပေါ် မလေမလွင့်အောင် ခြိုးခြံချွေတာပြီး စိစိစစ်စစ် မည်သို့တွက်ချက်တင်ပြထားကြသည်၊ ၎င်းတို့ မည်မျှအထိ အဂတိကင်းအောင် ဆောင်ရွက်နေကြသည်၊ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးဆိုသူများ စိတ်ဓာတ်များမည်သို့ ပြောင်းလဲပြီး ဤအပေါ်အာရုံစိုက် လုပ်ဆောင်နေကြသည်ကို သမ္မတကိုယ်တိုင် အချိန်ယူပြီး စိစစ်သင့်သည်။ ထိုနိုင်ငံ့ဝန်ထမ်းအကြီးအမှူးဆိုသူများမှာ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်ထားကြသူများဖြစ်၍ သမ္မတက ပြန်လည်စစ်ဆေးကြသင့်သည်။

ထို့အတွက် နိဂုံးချုပ်ရလျှင် ဌာနဆိုင်ရာတစ်ခုချင်းအလိုက် ပြုပြင်ပြောင်းလဲရေး မနှောင့်နှေးဘဲ ပြည်သူတွေ မျက်ဝါးထင်ထင်တွေ့မြင်ဖို့ဆိုလျှင် ထိုဌာနဆိုင်ရာများတွင် အဓိကကျသည့် နိုင်ငံ့ဝန်ထမ်း အကြီးအမှူးဆိုသူတို့တွင်သာ အဓိကတာဝန်အရှိဆုံးဖြစ်သည်။ ဝန်ကြီးဝန်လေးတို့ဆိုသည်မှာ အစိုးရမူဝါဒပိုင်းဆိုင်ရာ အပေါ်ပိုင်းလုပ်ငန်းများတွင်သာ အလုပ်များကြပြီး အထက်တွင်ဆိုခဲ့သည့် စီမံကိန်းများ ရေးဆွဲတည်ဆောက် အကောင်အထည်ဖော်ကြခြင်း၊ နိုင်ငံ့ဘဏ္ဍာခွဲဝေသုံးစွဲရေးခြိုးခြံရေး၊ အလေအလွင့်မရှိရေး၊ စီမံကိန်းများဆိုင်ရာ တင်ဒါခေါ်ယူရေး၊ ငွေပေးချေရေး၊ အရည်အသွေး စစ်ဆေးအာမခံရေး၊ အကျိုးရှိသည့်စီမံကိန်းများ ဖြစ်စေရေးအတွက်ဆိုလျှင် ယခင့်ယခင်ကာလများဆီက ခေါက်ရိုးကျိုးနေသည့် ကြိုးနီစနစ်များအတိုင်း ဆောင်ရွက်နေကြခြင်းထက် အချိန်တိုအတွင်း အလုပ်ဖြစ်စေမည့် ရုံးစနစ်ဆီဦးတည်ပြီး အင်တိုက်အားတိုက် လုပ်ဆောင်ကြမှသာလျှင် အစိုးရ၏ လက်ကျန်သက်တမ်း နှစ်နှစ်အတွင်း ပြောင်းလဲမှုကို ဆောင်ကြဉ်းလာနိုင်လိမ့်မှာဖြစ်ပါကြောင်း စိတ်ကောင်းစေတနာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။

အောင်ဇေယျ